Tuesday, January 29, 2013

တံဆိပ်ကပ်ခံလိုက်ရတဲ့ အလွမ်း


လွမ်းဇာတ်က ခုမှစတာ
တစ်ခန်းရပ်မဟုတ်တော့ ခက်နေပေါ့
မျက်ရည်ကျသွားတဲ့ ဗီလိန်တစ်ယောက်အတွက်
ဘယ်နှလက်သော လက်တွေ လာသုတ်ပေးမလဲ ။
မရဲတရဲ မျှော်လင့်ရတာတွေများတဲ့အခါ
နှလုံးသားက အလိုလို သိမ်ငယ်လာတယ်

အရာရာ မင်း သဘောပါကွယ်
ပျက်ပြယ်ဖို့ ခက်ကျန်ခဲ့တဲ့
ငါ့ အလင်းစက်တစ်ခုအတွက်
ညနက်ဟာ
ထိန်၀ှက်နိုင်စွမ်း မရှိပါဘူး....။

လွမ်းဖူးတယ်
ငါ ခုထိလည်း လွမ်းနေတယ်
အကြမ်းထည် စိတ်ဓာတ်မှာ
တံဆိပ်ကပ်ခံလိုက်ရတာဆိုတော့
ပျော့တယ် မထင်နဲ့ နာတယ် ။


                             ရတုသစ် 
          at မန္တလေး လမ်းမတစ်လျှောက် သွားနေသည်။


အလွမ်းသင့်ရှိုက်သံသဲ့သဲ့နဲ့ အနက်ရောင်၀တ်တဲ့ည


အလွမ်းများ မလာရ
ဆိုင်းဘုတ်တပ်နောက်ကျသွားတဲ့ရင်ဘတ်တစ်ခြမ်း
အလွမ်းရင့်ရောင်တွေ သမ်းလို့
ငါတို့ သိရှိခဲ့ကြခြင်းဟာ လွမ်းဖို့သက်သက်ပဲလား ။

စကားလုံးတွေတူးမြှုပ်ထားတဲ့ကောင်းကင်အောက်
ညဟာ လမင်းပျောက်လိုက်ရှာနေရဲ့
တိုးတိုက်မျက်၀န်းနှစ်စုံမှာ
ရှိုက်သံသဲ့သဲ့ ဖြာတယ် ။

မာယာတွေကင်းခဲ့ကြောင်းဖွင့်ဟ ဖို့
တစ်ဆို့ဆိတ်ငြိမ် လည်ချောင်းတစ်လျှောက်က
ဘယ်သော့နဲ့မှ ဖွင့်လို့ မရခဲ့ဘူး
ငါ..လွမ်းလွမ်းဆွတ်ဆွတ် ရူးပါရစေ ) ။

တစ္ဆေတစ်ကောင်လို ပုန်းလျှိုး ကွယ်လျှိုး နာကျင်နေရ
ဇာတ်သိမ်းမလှဘူးဆိုတာတောင် ဒီဇာတ်က အကျနာတယ်
မလှမပ ခုတ်ချခံလိုက်ရတဲ့ ရင်ဘတ်မှာ
ဘာ့ကြောင့်..အလွမ်းက ကျန်နေခဲ့တာလဲ
သဲသဲကွဲကွဲရင်ခုန်သံအလှုပ်မှာ
မနက်ဖြန်တွေဟာ အရုပ်ကြိုးပြတ်ဖြစ်သွားပေါ့
ထိန်းချုပ်စုစည်းထားတဲ့ ရင်ခတ်သံခါးခါးနဲ့
ငါ..လူဆန်ဆန် အားရပါးရ ငိုပါရေစ ( ) ။

သက်သေမဖြစ်ပေမယ့် မျက်ရည်မှာ အျပစ္မရွိခဲ့
ချစ်ကြိုးငြိ နှလုံးသားထဲခြစ်ရာတွေအပြည့်ကျန်ခဲ့တာ
မင်း မသိပါစေနဲ့
ဘ၀မှာ အသည်းက တစ်ခါပဲ ကွဲတတ်တာမျိုးမို့ပါ
ငါ..လွတ်လွတ်လပ်လပ် အသည်းကွဲပါရစေ ( ) ။

လွမ်းနေပါတယ်လို့ ဘယ်သူ့ကိုပြောပြရမလဲ
ဒီပွဲက ကြည့်လို့မကောင်းခဲ့မှန်း
မခမ်းနားတဲ့ ဇာတ်သိမ်းက မီးစိမ်းပြတယ် ။

ထိန်းထားတဲ့ကြားက မျက်ရည်ဟာ စိမ့်စ်ိမ့်လာခဲ့
နဲ့သွားတဲ့ အနာဂတ်ပန်းတိုင်ရှေ့မှာ
အတိတ်ကိုမေ့မရတဲ့အကြောင်း ကျမ်းကျိန်နေရပေါ့
ဖော့ဖော့လေးနှိပ်ထားတာမဟုတ်တဲ့ တံဆိပ်မှာ
အတိတ်တွေပဲ ထင်ကျန်နေသလား
၀ိုးတဝါး ညှို့ငင်ခံလိုက်ရတဲ့ အသိစိတ်ထဲ
အသည်းကွဲကဗျာက လွဲလို့ ဘာမှ သဲသဲကွဲကွဲ မသိတော့ဘူး ။

အနက်ရောင်လူးသွားတဲ့ အသည်းအတွက်
အလံတစ်၀က်လွှင့်ပြီး ဘယ်သူတွေ ငြိမ်သက်ပေးနိုင်မလဲ
ငါ့ငရဲနဲ့ ငါ လောင်ကျွမ်းပါရစေ ( ) ။

မင်း မမှားခဲ့သလို
ငါ ကိုယ်တိုင် ဝေဝါးခဲ့တဲ့ လမ်းက
ကြမ်းရှရှ ဖြစ်သွားခဲ့ပေါ့
ဖျော့တော့သွားတဲ့ အိပ်မက်စစ်တမ်းမှာ
အလွမ်းညဟာ အဆိပ်တက်ရင်း ဖျားခဲ့
ယဲ့ယဲ့လေးတောင် မပြုံးနိုင်တဲ့အခါ
ငါ့ကိုယ်ငါ မသိချင်တော့တာ အပြစ်ဖြစ်သွားသလား
မင်း စီရင်မဲ့ တရားနဲ့ ငါ အိပ်စက်ပါရစေ ( ) ။

                            ရတုသစ်
             (29/01/2013 = 2: 05 Pm)

Sunday, January 27, 2013

ရက်စက်စွာပြုံးတတ်သော


တေးရေး = ထူးအိမ်သင်
တေးဆို = အာဇာနည်

လမ်းလွဲမှာ ရင်လွဲသွားခဲ့တာပါ မိငယ်

လမ်းခွဲခဲ့တာလား
လမ်းကွဲခဲ့တာလား
လမ်းလွဲခဲ့တာပါ
နှစ်ဦးသားပြိုင်လျှောက်လို့မရတဲ့လမ်းတစ်လျှောက်မှာ
တစ်ယောက်ကိုတစ်ယောက်ထားခဲ့ရင်းလမ်းလွဲခဲ့တာလေ။

မတွေဝေနဲ့ မိငယ်
မင်းလည်း မင်းဘ၀နဲ့မင်း
ငါ့ဘ၀ရဲ့ လမင်း ဆိုပြီး
အလွန်အမင်းပုံပြောတတ်တဲ့ငါ့ရဲ့ပါးစပ်ဖျားမှာ
မင်း ပျားရည်နှုတ်ခမ်းတွေ
ကမ်းမကပ်သင့်ခဲ့ဘူးကွယ် ။

စဉ်းစားကြည့်ပါ မိငယ်
ငါလည်း ငါ့ဘ၀နဲ့ ငါ
ဘ၀မွာ ကိုယ့်အတ္တကိုသာရှေ့တန်းတင်မိ
ကြင်နာသူမှေးစက်ဖို့ရင်ဘတ်တစ်ခြမ်းတောင်
နွေးထွေးအောင်မပေးနိုင်ခဲ့
ငါ့ ချွတ်ယွင်းခဲ့မှုတွေပေါ့ မိငယ် ။

ဒီလိုလူတစ်ယောက်အတွက်
ရင်အက်ခံမနေပါနဲ့ မိငယ်
ငြိတွယ်မနေပါနဲ့တော့ကွယ်
ဖလှယ်ခွင့်မသာတဲ့ လျှောက်လမ်းများထဲ
နားကြားမလွဲဘူးဆိုရင်
မင်းအသည်းကို ခါးပစ်လိုက်ပါတော့ မိငယ်ရယ် ။

အချင်းချင်းညှိထွန်းလို့မရနိုင်မယ့် မီးတောက်နဲ့
အလင်းသောက်မယ့်အစား
လင်းအားနဲ့တဲ့ညတွေကို ချိုကြည့်လိုက်ပါကွယ် ။

နှစ်ဖက်တီးမှမြည်မယ့် လက်ခုပ်သံအားကို
ကြားယောင်နေမယ့်အစား
ကိုယ့်နှလုံးသားနံရံကိုပြန်ရို်က်လို့
အမိုက်သားကိုဖဲ့ထုတ်ထားလိုက်ပါတော့ မိငယ် ။

တကယ်တော့ ..မိငယ်ရယ်
မျက်စိလည်ခဲ့တဲ့ နှလုံးသားတွေက အပြစ်ကင်းခဲ့ကြပါတယ်
အတွေးနဲ့ပဲ
အဆွေးနဲဲ့ပဲ
အိပ်မက်နဲ့ပဲ
ငါတို့ ဇာတ်အိမ်ကျဲကျဲက ပြတ်စဲခဲ့ပေါ့ ။

အတွဲမညီတဲ့ဘ၀လမ်းတစ်လျှောက်
မင်းလမ်းမင်းလျှောက်
ငါ့လမ်းငါလျှောက်ရင်း
အချင်းချင်း လမ်းလွဲခဲ့ကြတာ
လမ်းခွဲခဲ့တာလည်းမဟုတ်ရပါဘူး
လမ်းကွဲခဲ့တာလည်းမဟုတ်ရပါဘူး
ဆုပ်စူး စားရူး ပဒိုင်းသီးအိပ်မက်က လန့်နိုးရင်း
လမ်းလွဲခြင်းသီချင်းတစ်ပုဒ်နဲ့
အပူရုပ်ကို ဟန်လုပ်ပြီး ရင်လွဲသွားခဲ့ကြတာပါ မိငယ် ။


ရတုသစ်

(20-6-11 )

Saturday, January 26, 2013

မင်းအသည်းအက်သံက ငါ့ရင်ဘတ်ကို လာမှန်နေတယ်...သားကြီး


တစ်ယောက်ထဲနေတုန်းကလည်း တစ်ဘဝ
နှစ်ဘ၀ ပေါင်းပြီးတစ်ဘ၀လုပ်ချင်တော့လည်း တစ်ဘဝ
မင်းပြောပြောနေတဲ့ "ဘ၀"ဆိုတာကြီးက မတည်ငြိမ်ဘူးလားကွာ ။

ရေလွှာမှာ မှတ်တမ်းရေးရမယ့်အရွယ်မဟုတ်တော့ဘူး သားကြီး
မင်း မီးတောက်က မင်းနှလုံးသွေးနဲ့ပြန်တောက်နေတာ
လေထဲမှာ ဆောက်ထားတဲ့ နန်းတော်က အောက်ခြေမခိုင်ဘူး
တိမ်းမူးတွေဝေစိတ်ကို ပေါက်ခွဲပစ်လိုက်စမ်းပါ..သားကြီးရာ ။

မင်း တတွတ်တွတ်ရွတ်နေတဲ့ ကဗျာလေးမှာ
"ညီမလေး" ဟာ နိဒါန်း  စာကိုယ်  နိဂုံး
မိုးစုန်းစုန်းချုပ်နေတာတောင် "ညီမလေး" ကြောင့် လင်းနေတယ် ဆိုလား
ဆေးသားပျက်ပြီးသားဓာတ်ပုံတွေအတွက် ဖိုတိုရှော့ ဟာအသုံးဝင်ခဲ့
ခွန်အားမဲ့နေတဲ့ မင်းစိတ်ဓာတ်အတွက်" ရှော့ခ်" တွေ မရှိစေချင်ဘူး ။

အလွန်အကျူးဆိုတာ ဘယ်ဟာမှ မကောင်းဘူး သားကြီး
ဆေးမြီးတို မဖြစ်စလောက်နဲ့မင်းရင်ဘတ်က အပေါက်ဟာသွေးတိတ်မလား
မျက်စိမှိတ်ထားတာတောင်မချိမဆံ့ မင်းပုံရိပ်က ငါ့ အတွေးမှာ ချိတ်တယ် ။

တိတ်လိုက်တော့...သားကြီး
မင်း မြည်သံစွဲရှိုက်သံအက်အက်မှာ ငါ့ရင်ဘတ်ပါ နာတယ်ကွာ ။

အိပ်လိုက်တော့...သားကြီး
မင်း  "ညီမလေး" ကဗျာရစ်သမ်က ငါ့အိပ်စက်ခြင်းတွေပါ ခြိုးခြံစေခဲ့ ။

နွမ်းယဲ့မျက်ဝန်းတွေနဲ့ လက်ကျန်ဘ၀ကို မော်ကွန်းထိုးမလို့လား
နှလုံးသားတစ်ကန့် ဦးနှောက်တစ်ကန့်နဲ့
မင်းရဲ့ သလဲသီးမလေး က ဟားတိုက်နေမှာမတွေးမိဘူးလားကွာ ။

နှလုံးသားရဲ့အမိန့်တော်အတိုင်း မျက်စိမှိတ်မလိုက်နဲ့
မင်းရဲ့ မှောင်မိုက်ညက မင်းကိုယ်တိုင်ပြန်ထွန်းညှိမှ လင်းလက်မှာ
မေတ္တာတရားဆိတ်သုဉ်းနေတဲ့ အစိမ်းကြည့်တွေကိုမှစွဲမက်သလား
နားမပါတဲ့ သူ့အသည်းဟာ မင်းအတွက် အမြဲစိမ်း ရာသီဥတု
ဂရုစိုက်လွန်အားကြီးတဲ့မင်း အတွက် ငါ ရင်လေးတယ်..သားကြီး  ။

တွေးတောစိတ်ကိုပြန်ချိတ်ဆက်ပါ သားကြီးရာ
အပြာရောင်တစ်ခုထည်းနဲ့မင်း ကမ္ဘာဟာ မစိမ်းလန်းဘူး
အဖြူရောင်တစ်ခုထည်းနဲ့ မင်းကမ္ဘာဟာ မတောက်ပဘူး ။

အထအနကောက်လွဲသွားတဲ့ မင်းခံစားချက်မှာ
မင်း ဘ၀ဟာ လေလို..တိမ်လို..မီးခိုးငွေ့လို..
မင်း မလိုချင်တဲ့ ဘ၀မှာ မင်းကိုယ်တိုင်အိပ်မွေ့ချနေတော့မလား
မင်း နားကြားလွဲနေတဲ့ ရင်ခုန်သံဟာ မနက်ဖြန်တွေခြွေမယ့် လက်နက်ပုန်း
မင်း ရုန်းထွက်လိုက်ပါ ..သားကြီး
မင်း အတုန်းအရုန်းလဲပြိုပြမနေနဲ့။

ဟေ့ကောင်..သားကြီး..
ကြိတ်မှိတ်ပြီး ဖြေသိမ့်ပစ်လိုက်ပါတော့ကွာ..။


                          ရတုသစ်

Thursday, January 24, 2013

မိငယ် သွေးသားထက် သိမ့် ၊ စိမ့်/ဆိမ့် ပါစေ


 အလွမ်းတွေ ပျို့ပျို့တက်လာတဲ့ရင်ဘတ်က
အကြင်နာငတ်တဲ့အကြောင်း အသံမထြက္ဘူး
တလှပ်လှပ်ခုန်နေတဲ့စည်းချက်အတိုင်း
အရူးမီး၀ိုင်း ဖြစ်နေတဲ့စိတ်ကို အ့ံသြတယ် .....။

မြင်မြင်သမျှ မည်းနေတော့ .....
မည်းမည်းမြင်ရာ ရန်လိုက်ရှာတယ်
မိငယ် .... နင့်လက်ချက်ပေါ့ ....
နဖူးမွာ ကျဉ်ဆံတပ်ပေးပါ ......။

အစပ်အဟပ်မတည့်တဲ့ ရင်ခုန်သံချင်း သံစဉ်ညှိဖို့
ငါတို့ ရင်ဘတ်တွေဟာ ကြိုးပျောက်နေကြ
ဘ၀ အကွာအဝေးကိုငါ့သွေးနဲ့တံတားထိုးလိုက်ပါ့မယ် .... မိငယ် .....။

ကျေးဇူးပြု ပြီး ဖိနပ်ချွတ်ပေးပါ
 ခြေဗလာနဲ့မှ နင်းခွင့်ပြုမယ် 
ဂုဏ်အရှိန်အဝါတွေ ကွာကျပါစေသား .....။

နယ်ခြားမျဉ်းမလိုတဲ့ နှလုံးသား၀တ်မှုန်ကူးပွဲမှာ
မေတ္တာနဲ့သစ္စာသာ ထည့်ယူခဲ့ပါ မိငယ်.....
အလဲအလှယ်ဟာ ငါ့ဘ၀နဲ့ထပ်ပြီး ညီမျှခြင်းထိုးတားတယ် .....။

ရင်သဲရောင် အိမ်မှာပျော်ပါ ၊
နှလုံးသား ဟင်းစားပါ ၊
နှလုံးသွေး ချိုချို သောက်ပါ ၊
ငါ့ဘ၀ကို မှောက်ချင်လဲ မှောက်နိုင်ပါတယ်မိငယ် .....
ပြုံးပန်းပွင့်တော့ ပန်ဆင်ပေး .....။

အိပ်ရေးပျက်ညတွေထပ်ထပ်လာတဲ့ မျက်၀န်းက
ရည်ညွှန်းချက်ကိုတွေ့မိရဲ့လား မိငယ်.....
ငြိတွယ်မိတဲ့ ငါ့သံယောဇဉ် အချိုးအစားအတိုင်း
ပန်းတံတိုင်းခင်းထားတဲ့ အရိပ်မှာ မှေးမှိတ်လှည့်ပါကွယ်.....။

မင်းဖတ်ရမှာ မျက်၀န်းဘာသာဗေဒ .....
 ငါသိပ်စကားပြောတဲ့ ကောင်မှမဟုတ်ဘူး 
ရင်တွင်းရူး ....
တစ်ချက် တစ်ချက်တော့ ထူးးးးးးးး တယ် .... မိငယ် .....။

အကာအကွယ်မဲ့တဲ့ရင်ဘတ်ကြီးထဲ မင်းပစ်ထားတဲ့မြားချက်တွေပြည့်ခဲ့
အတုံ့အလှည့်တွေ ငါမလိုလားဘူး
စူးချင်သလောက်စူးစမ်း
ဒီ ခမ်းနားမှုနဲ့ ငါ သေဝံ့တယ်..မိငယ် .....။

ငါ့၀ိဉာဉ်ဟာ မင်းအလင်းဖြာဖို့ ပါဝါပဲ
မင်း နားမွာ ကပ်နေမယ့် ကြယ်
နွေမိုးဆောင်းသုံးလို့ရပါတယ် ..... မိငယ် .... ။ ...... ။

                        ရတုသစ် + မာန် ခ

                    


Tuesday, January 22, 2013

အသုရကာယ်တေးသွား


ငါတို့ နေသားတကျဖြစ်ချင်တယ်
ငါတို့ ထမင်းနပ်မှန်ချင်တယ်
ငါတို့ အိမ်စစ်စစ်လေးနဲ့ နေချင်တယ်
ငါတို့ ကျောပြင်တွေ အိပ်ရာနံ့ရှူပါရစေ
ငါတို့ ခေါ်င်းတွေ ခေါင်းအုံးစစ်စစ်မှာတင်ထားချင်တယ်
ငါတို့ စိတ္ခ်လက္ခ် တစ်ရေးလောက်အိပ်ပါရစေ
ငါတို့ အိပ်မက်တွေက လန့်လန့်မနိုးထပါရစေနဲ့
ငါတို့ မွေးတုန်းကအတိုင်း အင်္ဂ ါခြေလက် စုံနေချင်တယ်
ငါတို့ အင်္ကျ ီ လုံချည် လုံခြုံအောင် ၀တ်ပါရစေ
ငါတို့ နေရောင်ခြည်စစ်စစ် လှုံချင်တယ်
ငါတို့ လေပြည်ညင်း ၀၀ ရှိုက်ချင်တယ်
ငါတို့ မျက်စိတွေ အမြင်ပြန်တည့်ပါရစေ
ငါတို့ နား၀မွာ ပြတင်းတံခါး လုပ်ပေးပါ
ငါတို့ မျက်ရည်တွေ ခြောက်သွေ့ခွင့်ပေးပါ
ငါတို့ လမ်းကောင်းကောင်းလျှောက်ပါရစေ
ငါတို့ ခြေထောက်က ကြိုးတွေ ပြန်ဖြုတ်ပေးပါ
ငါတို့ အကြောက်တရားကို နှစ်သိမ့်ပေးပါ
ငါတို့ ဦးနှောက်တွေအားသွင်းပါရစေ
ငါတို့ အသိစိတ်တွေ ပြန်လွှတ်ပေးပါ
ငါတို့ အဆုတ်တွေ လေတိုက်ပါရစေ
ငါတို့ နှလုံးသားတွေ ဆေးခွံ့ပါရစေ
ငါတို့ စိတ်အနာတွေ ဆေးထည့်ပေးပါ
ငါတို့ မိသားစုပန်းချီမှာ ဆေးရောင်စုံပါရစေ
ငါတို့ ကောင်းကင်ကြီးတွေ ပြိုမကျပါရစေနဲ့
ငါတို့ ယမ်းနံ့တွေ မရှူချင်တော့ဘူး
ငါတို့ ကြဲရွ ပြိုလဲသံတွေ မကြားချင်တော့ဘူး
ငါတို့ လရောင်အေးအေးမှာ တေးသီချင်းဟစ်ကြွေးချင်တယ်
ငါတို့ မြေမှာ ငါတို့ ပျိုးကြဲပါရစေ
ငါတို့ ပြည်မှာ ငါတို့ ရင်ဖွင့်ပါရစေ
ငါတို့ သစ်ရိပ် ဝါးရိပ်မှာ ငါတို့ အရိပ်ခိုပါရစေ
.လိုချင်တယ်
.ပါရေစ
တောင်းဆိုမှုတွေဟာ ငါတို့ ဂီတလား
ရလိုမှုတွေဟာ ငါတို့ကဗျာလား
ပေးဆပ်နေရတာတွေဟာ ငါတို့ သမိုင်းလား
အမြင် အကြား အတွေးတွေ ဆေးမတိုးသေးသရွေ့
ငါတို့ မွေ့လျော်ချင်တဲ့ ဘ၀ဟာ
ညည်းသံတအူအူကြားမှာပျောက်ဆုံးခဲ့ရ
မညီမွ်တဲ့ အမျှအတန်းမှာ အမျှသံတွေဟာဆိတ်ငြိမ်တယ် ။

                 ရတုသစ်
    (22-01-2013 /12:41pm )

 ***ရဲရင့်လမင်း ပေးထားတဲ့ခေါင်းစဉ်အောက်မှာ ညည်းတွားမိခြင်း***

လှော်ရင်းနစ်တဲ့ လှေ

လှေတော့လှေပဲ
စက္ကူလှေဖြစ်နေတယ်
ရေကူးလို့မရတဲ့လှေတစ်စင်းနဲ့
လှော်ရင်းနစ်ခဲ့တာ အကြိမ်ကြိမ်ပေါ့ ။

အချိန်ပြမျဉ်းတွေကြား တိုး၀င်ရင်း
အလင်းနှစ်တွေရေတွက်မိ
အချက်မိမိ ပြနေတဲ့တရားမှာ
အချက်မသိတော့ ဇရက်(ဆက်ရက်)ချိုး(ဂျိုး)ထင်ခဲ့ ။

အစီအစဉ်တကျရောက်ရောက်လာတဲ့
အမြီးအမောက်မတည့်မှုကြား
ဝေဝါးဆဲ အလည်လွန်ငှက်ဟာ အတောင်ညောင်းခဲ့ရ ။

ဒုက္ခမြစ်ထဲ နစ်မယ်မှန်းသိရင်
ပြာလွင်နေတဲ့ ဒီ စိတ်တွေ ခါချလို့
အထာမကျသေးတဲ့ ဘ၀ကို
ခဏဖြစ်ဖြစ်ဖျောက်ထားလိုက်ချင်တယ်။

              ရတုသစ်

အပယ်ခံ

ရင်အောင့်နာ တစ်ပွေ့တစ်ပိုက်
ညမိုက်မှ လင်းပြခွင့်ရတဲ့ ကြယ် ။

သယ်လာတဲ့ အလင်းတစ်မှုန်မှာ
ဘယ်ပန်းမှ ၀တ်မှုံမကူးခဲ့ ။

လင်းပြခွင့်ရှိဖူးတာတစ်ခုလေးနဲ့
ကိုယ့်ကိုယ်ကိုကျောသပ်ပေးနေရ
အလင်းက ေ၀းရတဲ့ အထဲ
မိုးသည်း/ နှင်းသည်းတွေ ပိတ်တတ်လွန်း။

အမှောင်မွန်းညဥ့်နက်လယ်
ဓူဝံကြယ်လည်းမဟုတ်ခဲ့
ချူချင်သူမဲ့နေတာ မဆန်းပါဘူး
လေဟာနယ်ထဲမှာ ။

                        ရတုသစ်
                  ( 14/1 /2013 )


Saturday, January 19, 2013

အတ္တထောင့်ချိုးများမှ လွတ်မြောက်လိုခြင်း

ရက်ရာဇာလား/ပြဿဒါးလား
သောကြာလား/စနေလား
မှတ်သားမှုနည်းတဲ့ဦးနှောက်က
မကြာခဏ ရက်စွဲပျောက်တယ် ။

အမြီး အမောက်မတည့်တဲ့အာလူးခင်းတွေထဲ
တည့်တည့်ကြီးလွဲ လွဲသွားတတ်တဲ့ နားလည်မှု…
ထားလိုက်ပါတော့
“ဘယ်သူမပြု..မိမိ မှုအတိုင်း”  ။

ရိုင်းစိုင်းခြင်း/သိမ်မွေ့ခြင်းဟာ
အလွှာပါးတစ်ဖက်စီမှာပဲ တည်ရှိ
အငြိအတွယ် မကင်းသေးတဲ့သူတွေမို့
ငြိတွယ်မိဖို့က အလွယ်သားပေါ့ ။

အမှတ်တရားပျောက်တတ်တဲ့ မြင်/သိ စိတ်ထဲ
မီးခဲဟာ ပြာလွင့်လွင့် သွားတတ်ရဲ့
ချဲ့ရင်ချဲ့သလောက် ဒီ အနုသယတွေ
ငါ့ဆီ/ မင်းဆီ /သူတို့ဆီမှာ…။

“အရာရာဟာ ဗလာပဲ”လို့လက်မခံနိုင်သေးခင်
အကျွမ်းမ၀င်သေးတဲ့ လက္ခဏာရေးသုံးပါးက
ပုန်း/ပျောက်အားကောင်းလှချည်ရဲ့ ။

အမှုမဲ့/အမှတ်မဲ့ လမ်းကျဉ်းတစ်လျှောက်
စိတ္တဇမီးတောင် မပေါက်ကွဲပါရစေနဲ့ ။

တိုးသဲ့သဲ့နဲ့ ထိချက်ပြင်းတဲ့အလွဲတွေကြား
(အကျွန့်ကို)
ခံနိုင်ရည်အားပေးလှည့်ပါဦး..သခင်  ။

အမြင်ကျဉ်း/အမှားကျယ် ငါတရားစီရင်ခန်းမှာ
မပင်ပန်းပါရစေနဲ့တော့…သခင်  ။

အကျွန့်စိတ်လွင်ပြင်ဟာ
ပြာ..စင်..မွန်..ညက်..
နူးညံ့ခြင်း ငှက်တို့တေးသံသာပါစေ ။

အကျွန့်စိတ်နှလုံးမှာ
အမုန်း..သံစဉ်ဝေး..
အဖြူရင့်ရင့်သံစဉ်ထွေးပါစေ…။

                ရတုသစ်
     (18/1/2013- 3:45 pm)

ကွန်နက်ရှင်ကြိုးတန်းပေါ်လမ်းလျှောက်နေတဲ့ကမ္ဘာ

အမှား/အမှန်ဝေခွဲရခက်ခက် သံသယ မြင်လွှာများ
များသလောက်အားမမြောက်ခဲ့အနုသယ ပုံရိပ်
ရိပ်ကနဲပြေးသွား ရိပ်ကနဲပျောက်ကွယ်ရိုးတိုးရိပ်တိတ် အမှန်
မှန်ချိုရင်လူးဆေး မတိုးတဲ့ရင်ဘတ်က ကြွပ်ဆတ်ဆတ်မာ
မာနတွေကရေနံမြေသပိတ်ကြွေးကြော်သံလိုလို ဘာလိုလို
လိုအပ်နေတဲ့တရားမှာမလိုတမာဟာ ပျားရည်ယောင်ဆောင်ထား
ထားရှိရမယ့်နွေးထွေးဝတ္တရားဟာ အမြဲတမ်း ပျက်ကွက်စာရင်း
ရင်းနှီးခြင်းအတုတွေပလူးပလဲတောင်ပုံယာပုံ
ပုံအောထားလိုက်ရတာငွေ/စက္ကန့်/မိနစ်/နာရီ/အသက်
သက်/တက် ပရိုဂရမ်မှာ နှလုံးသားအာဟာရ ချို့တဲ့ငတ်မွတ်
မွတ်စင်နေရမယ့်ကိုယ်ကျင့်အဘိဓမ္မာဟာ ပရုပ်လုံးဖြစ်သွား
သွားပါများသလောက်ခြေထောက်တွေပဲညောင်းညာနေခဲ့ရ
ရထားဟာသံလမ်းပေါ်မှာပြေးရတာ ကြာတော့ ငြီးငွေ့
ငွေ့ငွေ့လေးဖွဲမီးက တစ်ဘ၀လုံး ရှို့မြှိုက်တအူအူ
အူ/အချင်ယောင်ဆောင်ထားတဲ့ လည်လည်ဝယ်ဝယ် လက်ရည်လက်သွေး
သွေးရင်းသွေးရင်း ထက်သူထက် တုံးသူတုံး အဖြေ
ဖြေမပြေနောင်တထပ်ပိုးလွှာအောက်နောင်တတွေပဲရှိ
ရှိသည်/ဖြစ်သည် ၀ါကျမှာပဲ မရှိ/မဖြစ်ဟာ မရှိ/မဖြစ်အတိုင်း
တိုင်းတာနှိုင်းချိန်မှုဝေးတဲ့ဦးနှောက်က အမှိုက်ရုပ်ကြွင်းပဲကျန်ရစ်
ရစ်ခွေမြစ်တစ်စင်းကမြစ်လက်တက်တွေ မွေးဖွားထားသင့်
သင့်/တော်/ကောင်း ရလဒ်မဲ့ အဖြေလွှာပေါ်က ကြိုးစားမှု
မှု/မှတ်မဲ့ မျောပါခြင်းစိမ့်ထွက် စိတ်ယိုပေါက်
ပေါက်ပေါက်ဖောက်ရင်း အာလူးစားရင်း မိုးလင်းမိုးချုပ်
ချုပ်တည်းခြင်းအနုပညာဟာဒီကြိုးတန်းနဲ့နေရာကျသလား
လား..အသင်္ချေနဲ့တွေဝေ သံသယများအားကောင်းမောင်းသန်
သန်မာခြင်းနည်းလာတဲ့ စိတ်ခြေထောက်က ယိုင်နဲ့နဲ့ လဲလုလု
လုယက်မှုအထူးပြုလုပ်ချက်မှာ ခံစားချက်တွေဗုန်းဘောလအောပေးဆပ်လိုက်ရ
ရလေလိုလေ ကဗျာတစ္ဆေလက်ထဲ ကဗျာဟာရေမျောကမ်းတင်
တင်ထားသမျှနှလုံးသွေး အရှိန်ကမီးခိုးငွေ့ ရေငွေ့ဖြစ်
ဖြစ်/ပျက် ညီမျှခြင်းမရှိချိတ်ဆက်မှုမှာ အပျက်ဟာတစ်ဖက်စောင်းနင်း
နင်းထားတဲ့တစ်ဖက်ကိုပဲအားပြန်ပြုရတော့တည့်မတ်ခြင်းက ဝေးပြီးရင်းဝေး
ဝေး/နီးဆက်ဆံရေးက နီး/ဝေးအလှည့်အပြောင်းမှာ သက်ငြိမ်ဆွံ့အ
အမှန်/မှား အနီး/ဝေး ချိန်ညှိဖို့လိုနေသေးတဲ့ကမ္ဘာ့ အထာ
ထာဝရ/အနိစ္စရှုခင်းမှာသူငယ်နာမကင်းသေးတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ပေါ့
ပေါ့ပေါ့တန်တန်အတွေးနဲ့လေထဲမှာတိုက်အိမ်ဆောက်ခဲ့ပြီးပြီ
ပြီတီတီကံကြမ္မာ အလှုပ်မှာခြေကုပ်မြဲအောင်ယူထားလိုက်
လိုက်တမ်းပြေးတမ်းကစားခြင်း ကြိုးတန်းတစ်လျှောက်မှာ..။

                                   ရတုသစ်

ဝေးကွာခြင်းရလဒ်

ဝေးကွာခြင်းရလဒ်

🔳

အပြုံးတစ်ချက်
လင်းလက်မှုကင်း
ရယ်သံညင်းလည်း
အလျင်းမရှိ
ကွယ်ပျောက်ဘိသည်
လွမ်းမိသူမှာ..စိတ်ထွေပြား ။ ၊

နှုတ်ဆက်ချိန်လေး
နှလုံးသွေးတို့
ဟိုပြေးဒီလွှား
စိတ်လှုပ်ရှား၍
သည်းကြားမှထွက်
မျက်ရည်စက်တို့
လွင့်ပျက်ကြွေကျ
မြေလွှာခ သည်
ေ၀းရ ခြင်း၏ ရလဒ္မ်ား ။ ။

စွန့်ခွါခဲ့ပြီ
ခ်စ္သူဆီမွ
တုန်ရီလှိုက်ခုန်
ရင်ခွင်တုန်ကာ
လွမ်းဟုန်မြင့်တက်
လွမ်းချင်းဆက်သည်
ချစ်လျှက်ေ၀းကွာ လွမ်းစိတ်များ ။ ။

ချစ်သူနေရာ
ရင်ခွင်လွှာမှ
ေ၀းကွာ ခဲ့ရ
ကိုယ့် ဘ၀ ဟာ
ကြေမွပျက်စီး
အလွမ်းမီး၏
ရင့်သီးရက်စက်
လောင်ကျွမ်းချက်ကို
နေ့ ရက် အမွ်
ခံစားရသည်
လွမ်းရခြင်း၏ ဒဏ်ချက်များ ။ ။

              ရတုသစ်
   (27/3/2005 --ရွှေဘိုမြို့ )
အလွမ်းရင့်ရင့် ရူးသွပ်ခြင်း..ကဗ်ာမွတ္စု..မွ..။

Wednesday, January 16, 2013

လိုသလောက် မပြည့်စုံဘူး

ငါ့ကိုယ်ငါ အဖြေပြန်ရှာဖို့
ဒစ်ရှင်နရီဟာ
လိုသလောက် မပြည့်စုံဘူး ။

ပျော်မြူးရခြင်းမှာ
နွမ်းလျခြင်းဟာ အမြွှာပူးလိုဖြစ်နေရဲ့
ဘ၀ကိုရေလိုက်ငါးလိုက် ရေစုန်မျှောနေသူတွေကြား
ရေနည်းငါးတစ်ကောင်လို ရေမျောကမ်းတင်ဖြစ်သွားပေါ့ ။

"ထလော့..မြန်မာ.."သီချင်းကို အလန်းပေးပြီး
မထုံတက်တေး အိပ်ပစ်နေရရင်အကောင်းသား
နိုးကြားသလောက် မတိုးပွားတဲ့ခေတ်ထဲ
မရိုးသားခြင်းက ပြဌာန်းကျမ်းစာဖြစ်လာလေမလား ။

စကားနောက်တရားမပါပဲ
စကားနောက် အမှားတွေ ရွက်ကျပင်ပေါက်ဖြစ်ထွန်းလို့ ။

ညှီစို့စို့ကိုယ်ရေးရာဇ၀င်များဟာ
စကားပလ္လင်ခံရုံနဲ့ပြန်မွှေးနိုင်ပါသလား

တရားကိုယ်ပျောက်နေတဲ့ ဘ၀ပြဿနာမှာ
ငါ့ကိုယ်ငါ အဖြေပြန်ရှာဖို့
ဒစ်ရှင်နရီဟာ
လိုသလောက်မပြည့်စုံဘူး ။

                ရတုသစ်
 Wednesday, January 16, 2013 at 11:39pm

Sunday, January 13, 2013

ကျွန်တော်နေမကောင်းဘူး..မေမေ


*ထိ/သိ/သတိများ
 လွယ်မယောင်နဲ့အခက်သား
 ချည်တိုင်ပျောက်ပျောက်သွား ။

ဆေးတစ်ပြားသောက်ရုံနဲ့ပျောက်ရင်ကောင်းမယ်
နေမကောင်းတဲ့အခါတိုင်းသတိတရ
ညီမျှခြင်း ရွိ/မရွိ ကျွန်တော်မသိ
တယ်လီပသီနည်းလမ်းတွေအတိုင်း
အေမ့ဆီ ညွတ်ကိုင်းမိရဲ့ စိတ်နွယ်တစ်ပင်..။

ရေ၀င်နောက်ကျရတဲ့ အထဲ
ကြွက်တွေကဲလို့ဖွဲဖြစ်သွားတဲ့ စပါးခွံတွေနဲ့
အဆင်မပြေတဲ့ ရာသီဥတုနဲ့
အခန့်မသင့်တဲ့ သဘာ၀ဘေးရန်နဲ့
ကသီနေရှာမယ့် အမေ့အိမ်ကို
ကျွန်တော့်စိတ်က နှင်တံမလိုပဲ လွှင့်ခဲ့ပေါ့ ။

မော့နေတယ်..လက်ခလယ်မှာ
တွယ်နေတယ်..လက်မောင်းမှာ
ခဲနေတယ်..ခြေထောက်မှာ..
သွေးဆာနေတဲ့ခြင်တွေ ရဲရဲနီ ။

အိမ်အဖီလေးမှာအမေဖိုပေးတတ်တဲ့ မီးဖိုမျိုး မရွိ
ဆူပွက်ချိန်မပြည့်တဲ့ ရေနွေးတစ်ခွက်နဲ့
ဘိုင်အိုဂျက်ဆစ်တစ်ပြားပဲမျှောချလိုက်ရ
မန္တလေးဆောင်းည က ကျွန်တော့်ဆီ ဗုန်းဗုန်းလဲကျလို့
ချွန်မြနေတဲ့ဆောင်းလေတွေက ကျွန်တော့်ကို ထိုးဆွလို့
စို့တက်လာတဲ့မျက်ရည်မှာ နောင်တမပါကြေးပေါ့
ကိုယ့်အတွေးကိုယ် ပြန်သိမ်းရင်း
ကျုံးတွင်းက နှင်းစက်လေးများဆီ..ရွှေ့လိုက်တယ် ။

** မန်းကျံးရေပြင်တွင်း
     နှင်းမှုန်မြူတို့ ရေသောက်ဆင်း
     လှဘွဲ့ ညရှုခင်း ။

မီးနီနီတွေ ရုန်းရင်းဆန်ခတ်ပြေးလွှားသလောက်
(၂၆)ဘီ လမ်းဟာ အပြားလိုက်ကြီးအညောင်းဖြေလို့
နှင်းမြူဝေဝေကြားမှာ
 မီးကုံးလေးတွေ တလက်လက်
မြို့ရိုးပြကွက် က လှနေတယ် ။

ဟိုး..အရှေ့မှာ ရန်ကင်းတောင်
ကြယ်ယောင်ဆောင်မီးလုံးလေးတွေနဲ့
အိပ်မောကျနေရဲ့ ။

အကြောဖြေလျှော့နေသူတွေလား
ညကိုဆေးဆိုးနေသူတွေလား
သစ္စာထားနေသူတွေလား
မေတ္တာပွားနေသူတွေလား
မသိချင်..
ကျုံးရေပြင်က မျက်နှာပိုးသတ်နေပေါ့ ။

ကျွန်တော့်စိတ် ရပ်နေတဲ့အရှေ့တောင်ထောင့်ဟာ
အရင့်အရင်လို အလှဖြာနေဆဲပါပဲ ။

အသည်းနာပြီဆိုကတည်းက ရင်ဘတ်မလုံလို့လား
သွားချင်ရာသွားနေတဲ့ စိတ်က ချည်တ်ိုင်မဲ့
အလွမ်းဖွဲ့ရပ်၀န်းမှာ
ကျွန်တော့်မျက်၀န်းက အမြဲမိုးရာသီ ။

ပလီပလာမပြောတတ်လို့ဆိုပြီး
ကျွန်တော့်ကို အေမ ပိုချစ်ခဲ့
အမေချစ််ခဲ့တဲ့ အမူအကျင့်က
ဘ၀မွာ အခွင့်အရေးမရတတ်ဘူး မေမေ
ဒါပေမယ့်
အမေ့အချစ်တစ်ခုနဲ့ကျွန်တော်မားမားရပ်ခဲ့
အနားသတ်မလှတဲ့ဖြတ်စတွေ တောင်လိုပုံတယ် ။

ငွေကိုသာ ဂုဏ် သတ်မှတ်ချင်သူတွေကြား
အေမ့သားက ဂုဏ်မဲ့ ၊ဒြပ်မဲ့
ကန့်သတ်တဲ့အမြင်တွေခုတ််ထွင်ပစ်ရင်း
အလင်းမရခင် လက်ပန်းကျလုပေါ့
အားမေလွ်ာ့ခဲ့ပါဘူး မေမေ ..။

လေပြည်ချည်းလာနေရင်
သစ်ပင်တွေညောင်းညာနေမလား
ကေလးကလား တွေးမိပါရဲ့
အနု အနွဲ့တွေ မကြုံတတ်လွန်းတော့
လက်ပွန်းတတီးရှိနေတာက အကြမ်း/မုန်တိုင်းတွေသာ ။

မသာယာတဲ့လမ်းတော့ဘယ်သူလျှောက်ချင်မလဲ..မေမေ
ပန်းတွေဝေနေတဲ့လမ်းချည်းလဲ မဖြစ်နိုင်ခဲ့ဘူး
ကန္တာရထဲက ဆူးတွေးဟာ ဘ၀ကိုအမှတ်ပေးတယ် ။

ရပ်နေဖူးပါတယ်
အရူးတစ်ယောက်လိုနေကိုမော့ကြည့်ရင်းပေါ့
အလင်းတွေလမ်းလျှောက်တဲ့အခါ
အရိပ်ဟာအလိုလိုပါသွားတတ်ရဲ့ ။

အမှတ်တမဲ့တွေ ပြန်ပြန်တွယ်ချိတ်ရင်း
အတိတ်/ပစ္စုပ္ပန် ကဇာတ် အလိမ့်မှာ
ကျွန်တော့်အနာဂတ်က ပွဲမိန့်မကျသေးဘူး..မေမေ ။

***နေခြည်ခြေချလာ
     နှင်းပွင့်မျက်ရည်သွန်ရရှာ
     အနိစ္စမြင်လွှာ ။

ဘ၀ဆိုတာ မြွေသွားလမ်းလေးလိုဖြစ်ခဲ့
အတည့်နိယာမချည်းဆို ဘယ်သူတွေ ငိုမလဲ
အလိုလို ဆာနေတဲ့ လူလိုလို လူတွေထဲမှာ
အသည်းစကားတွေခေါင်းပါးလွန်းတယ် ။

ပြညွှန်းကိန်းတွေ/ပေတံတွေ အတွက်
ခံစားချက်မဲ့တဲ့အချစ်တုတွေ ထိုးထိုးကျွေးကြ
ကာလမရွေ့လျောပဲ အချစ်ဟာ အညစ်ဖြစ်သွားပေါ့ ။

တရားတော့တရားပါပဲ..မေမေ
နိုးကြားမှုနှေးကွေးတဲ့အသိစိတ်နဲ့
ကျွန်တော်က နားပိတ်ငြိမ်နေမိခဲ့တာ
မာယာလည်း တရား
သစ္စာလည်း တရား
မတရားခြင်းဆိုတာလည်း တရား
တရားခြင်းဆိုတာလည်း တရား
အများလက်မခံတာလည်း တရား
အများလက်ခံတာလည်း တရား
တရားကို ကျွန်တော် မခင်သလောက်
တရားက ကျွန်တော့်ဆီ ရောက်မလားဘူး ။

ရူးတာကို ရူးမှန်းသိရင် မရူးသေးဘူး တဲ့
ထူးမျခားနား ကံကြမ္မာထဲ
နေ့/ည လွဲတဲ့အကျင့်တော့ စွဲခဲ့ပေါ့
ချော့မော့သူမရှိမှန်း သိတဲ့အခါ
မျက်ရည်ဟာ အကျခက်ဖို့ကောင်းတယ်
ဒါပေမယ့်..မေမေရယ်..
သဝေထိုးရေးနေရင်း
ခခွေးဖြစ်ဖြစ်သွားတဲ့ အခါ
ပြဿနာဟာ ဖြေရှင်းရခက်ပေါ့
ကြော့ကြော့လေး ပွဲထွက်လာတဲ့
အနိစ္စရှုခင်းမှာ
ကျွန်တော့် အမြင်မရှင်းသေးဘူး..မေမေ ။

ကျွန်တော်နေမကောင်းတဲ့အခါ
မေမေပါလိုက်ပြီး နေမကောင်းတတ်လို့
စိတ်-စိတ်ချင်း မေးခွန်းပို့လိုက်တယ်..
 မေမေ..နေကောင်းလား..မေမေ

                    ရတုသစ်
         (11/1/ 2013 --8:25 PM )

Friday, January 11, 2013

ကမ္ဘာကြီးကိုမျက်နှာပြန်သစ်ပေးပါ


နွေအတု ၊မိုးအတု
ဆောင်းအတုနဲ့ရာသီစာအတု
လူအတု ၊နှလုံးသားအတု
စိတ်အတုတွေမျက်နှာဖုံးဖြစ်
စစ်တာဆိုလို့ “စစ်”ပဲတစ်စစ်စစ်ကျန်နေသလား ။

ကိုယ့်တရားကိုယ်နာရင်း
ကိုယ့်ကျင်း(တွင်း)ကိုယ်ပြန်တူးနေရရှာတဲ့
ကမ္ဘာကြီးက  ငိုတယ်  ။

မဖြိုပဲ ပြိုခဲ့တဲ့ သက္ကရာဇ်များ
ညည်းတွားသံတွေကြားကူးခတ်ခဲ့ရပေါ့
အမှတ်ရစရာတွေ အထပ်ထပ်မှတ်ရတော့
သည်းခြေက ပျို့အန်လာရဲ့
နာစရာကို သာစရာနဲ့ဖုံးရခက်တဲ့အခင်းအကျင်းထဲ
အလင်းက သွန်ပစ်ခံခဲ့ရတယ်  ။

တရားကျဖို့ကောင်းမယ့် တရားမမျှတမှုကြား
တရားမရသေးတဲ့ သွေး၊ချွေး ၊မျက်ရည်
ပဝေသဏီတွေ အဆင့်ဆင့်နင်းခဲ့
ချွတ်နင်းသံကြားရုံနဲ့လိပ်ပြာလွင့်ချင်သူတွေဆီ
လူမပီတဲ့ လုပ်ရပ်တွေသယ်မလာကြပါနဲ့တော့ ။

အိုဘယ့်..လောကပါလတရားတို့ရေ..
အိုဘယ့်..ဗြဟ္မ၀ိဟာရတရားတို့ရေ..

တရှို့ထဲရှို့ခံနေရတဲ့ကမ္ဘာကြီးကို
ချိုမြိန်ငေးမောနေကြလေသလား  ။

မရပ်မနား ငိုကြွေးနေတဲ့ကမ္ဘာကြီးကို
အငိုသန်အောင် ထိုးဆွနေကြရော့သလား ။

တရားလက်လွတ်ဖြစ်နေတဲ့ “စစ်”ရဲ့
အတောင်ပံသစ်ထပ်ထွက်မယ့်အချိန်ကိုစောင့်နေလေသလား ။

လူသားဆန်တဲ့လူအသိုက်အ၀န်းထဲမှာ
မာသာထရီဇာတွေ ပြန်မွေးဖွားပေးပါ
မဟတ္တမဂန္ဒီတွေ ပြန်ခေါ်ပေးပါ
ဦးသန့်တွေအသက်ပြန်သွင်းပေးပါ
နိုက်တင်ဂေးလ်တွေစေလွှတ်ပေးပါ
ဟင်နရီဒူးနန့်တွေပြန်ရှင်သန်ပေးပါ
ငြိမ်းချမ်းရေးခေါ်တတ်တဲ့လက်တွေဖန်တီးပေးပါ
အေးမြတဲ့ ရင်ခွင်သစ်တွေထုဆစ်ပေးပါ ။

ချိုးဖြူသံသာသာညက်ညက်နဲ့
သံလွင်ခက်တွေလန်းဆန်းစေဖို့
သင်တို့ရဲ့ အနှစ်သာရတွေကို ပို့လွှတ်
ကမ္ဘာကြီး မီးလွတ်ပါရစေတော့
ကမ္ဘာကြီး ၀ဋ်ကျွတ်ပါရစေတော့
အိုဘယ့်..လောကပါလတရားတို့ရေ..
အိုဘယ့်..ဗြဟ္မ၀ိဟာရတရားတို့ရေ..။

              ရတုသစ်
           ( ၉/၁/၂၀၁၃)

Wednesday, January 9, 2013

ဝေးမှာစိုးတယ်..ပွင့်ဦးရယ်


ပန်း
စိမ်းလန်း
တစ်ပွင့်ဆန်း ။
တိတ်ဆိတ်မျှော်မှန်း
ရင်၀ယ်တမ်းတ
ပင်ပန်းလှလည်း
ကိုယ့်အသည်းလွှာ
အမြဲလာကြည့်
သူသာရှိခဲ့
ရစ်ငြိသည့်ကြိုး
မြတ်တနိုးမို့
တိုးတိုးတိတ်တိတ်
လက်ခံစိတ်ဖြင့်
သိုသိပ်လန်းဆန်း
ပွင့်ဦးပန်းသည်
စိမ်းလန်းကြည်လင်..မွှေးစေချင် ။


ကျစ်
အမြစ်
ရင်ကိုညှစ် ။
ဆွဲငင်စူးနစ်
တဖျစ်ဖျစ်မြည်
လွန်းကျစ်သည့်ကြိုး
သည်းကိုတိုးခဲ့
ရင်ပျိုးခင်း၀ယ်
ယှက်ဖြာသွယ်၍
တစ်နွယ်ပင်ဆန်း
တစ်ပွင့်ပန်းမို့
လက်လှမ်း မ၀ံ့
ရင်တုန် တွန့်လျက်
နှုတ်ဆွံ့နေကာ
ပင့်သက်ဖြာသည်
ရင်လွှာလွန်းတင်..ချစ်ကြိုးငင် ။


ကြိုး
စိုးမိုး
ရင်တွင်းတိုး ။
ဝေးသွားမှာစိုး
တိတ်တခိုးနှင့်
တိုးတိုးကြိတ်ဖြေ
သောကပွေခဲ့
ရင်မြေလွှာထိ
အမြစ်ငြိသည့်
ချစ်မိနွယ်ပင်
နွမ်းရိပ်ဆင်သော်
မရွှင်မကြည်
စိတ်ဝေရီလျက်
ဝေ့သီလွင့်ကျ
မျက်ရည်ခသည်
ပြိုကျရင်ခွင်..စိတ်လွင်ပြင် ။

          ရတုသစ်
(9-1-2013// 2:20 PM)

Tuesday, January 8, 2013

ခါးသီးစရာ အနုပညာ


မျက်ရည်စိမ်နှလုံးသားနဲ့
နိုးကြားတဲ့ဝါသနာတစ်ခုပွေ့ပိုက်ထားရ
ဘ၀ ၂ ပိုင်း ၁ ပိုင်း မှာ
မုန်တိုင်းရဲ့မျက်စိကျစရာဖြစ်ခဲ့ပေါ့
ကိုယ့်စိတ်ကိုယ်ပြန်ချော့နေရတော့
တရားသားက ပျော့တယ် မေမေ ။

အခြွေအရံအသင်းအပင်းထက်
လွတ်လပ်ခြင်းကို ချိတ်ဆက်ထားခဲ့
မိတ်ဆွေမများတဲ့ကဗျာသမားတစ်ယောက်ဟာ
လူသားကမ္ဘာမှာပဲ လူသားများနဲ့အတူ ။

အပူ အအေးမမျှတဲ့ ဆောင်းထဲ
ရင်ကွဲကဗျာတွေထိုးအန်ချနေရ
ချိုမြိန်လှလို့မဟုတ်ပါဘူး..မေမေရယ်  ။

လေလွင့်ဝိညာဉ်တစ်ခုကိုထိန်းချုပ်ဖို့
ဘယ် ခလုတ်ကို ကျွန်တော် ဖြုတ်ရမလဲ    ။

ကြေကွဲစရာတွေရောက်ရောက်လာတဲ့အခါ
ကျပျောက်ခဲ့တဲ့ အိပ်မက်တွေက အများသား
ဘယ် အင်အားနဲ့ကျွန်တော်ပြန်မျှားရမလဲ   ။

ဘ၀+၀ါသနာ လေးတင်ပွဲမှာ
ဝါသနာက မြှားထွက်ခဲ့ပေါ့
ထိချက်က ရင်ဘတ်မှာတည့်တည့်
ကျွန်တော် မရုန်းခဲ့မိပါဘူး   ။

တဗုန်းဗုန်းလဲနေတဲ့ ဘ၀ပြေးလမ်းမှာ
ဖြတ်လမ်းတိုကို ခြေမချမိ
ပန်းတိုင်ရှိရာ တစ်လိမ့်လိမ့်လျှောက်ရတော့
ခရီးပေါက်မှုက နှေးကွေး ကြန့်ကြာ  ။

ကဗျာနဲ့နေ
ကဗျာနဲ့စား
ကဗျာနဲ့သွား
ပါးလျလာတဲ့ အိပ်စက်ခြင်းထဲ
အိပ်ယာခင်းလေးက သစ်လွင်ဆဲပေါ့  မေမေ  ။

အဆင်မပြေတဲ့ အဆင်ပြေမှုများထဲ
ကျွန်တော်က လူမှုရေး ချို့တဲ့တတ်တယ်
အနှစ်မဲ့ အပြုံးတွေကို မုန်းတယ်
စစ် နဲ့ ဗုံးတွေကို မုန်းတယ်
လူလည်ကျချင်တဲ့ ခရီုနီတွေကို ရွံတယ်
ဗိုလ်ကျချင်တဲ့ လူတစ်ချို့ကို ထွီတယ်
လူလူချင်းမမြင်တတ်တဲ့ လူတွေကို ရှောင်တယ်
လူအဘိဓမ္မာမကြေတဲ့လူတွေကို ပုန်းတယ်

ဖုံးကွယ်မှုတစ်ချို့တစ်ဝက်မှာ
အကြောင်းပြချက်ခိုင်တာ ရှိတတ်ရဲ့
အတ္တမပါတဲ့ကွယ်ဝှက်မှုမှာ
မာယာဟာဖြူစင်တတ်ခဲ့ပေါ့  ။

ကျွန်တော့ပျော့ညံ့ချက်များမှာ
ကိုယ့်ဘာသာ ဦးစားပေးဖို့ခက်တာပါတယ်
အရှေ့အလယ်ပိုင်းအတွက်တွေးပူတယ်
ဆီးရီးယားအတွက် စိုးရိမ်တယ်
တိုင်းရင်းသားနယ်မြေတစ်ချို့အတွက်ရင်ထိတ်တယ်
မြစ်တွေကျန်းမာဖို့ဆုတောင်းတယ်
တောတောင်တွေစိမ်းလန်းဖို့ ၀တ်ပြုတယ်
မိသားစုတွေစုံလင်ဖို့ မျှော်လင့်တယ်
အိန္ဒိယက အမျိုးသမီးတွေအတွက် စိတ်ပူတယ်
လူ့အခွင့်အရေးစစ်စစ်ရဖို့ တောင့်တတယ် ။
ကမ္ဘာ့ငြိမ်းချမ်းရေးကို လိုအပ်တယ်
နိုဗယ်လ်ဆုတွေထက်ငြိမ်းချမ်းရေးလုပ်တဲ့လက်တွေကိုချစ်တယ်
ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အတွေးတွေကို ဦးညွတ်တယ်
အနုပညာမှာ ငြိမ်းချမ်းရေးကိုညီမျှုခြင်းထိုးလိုက်တယ်
ကဗျာထဲမှာငြိမ်းချမ်းမှုကိုလိုက်ရှာမိတယ်
ကဗျာထဲမှာ စိမ်းလန်းမှုကို လေ့လာမိတယ်
အနုပညာရှင်ရဲ့ဟိုမှာဖက်မှာ
လစ်ဟာချက်တွေနဲ့ခါးသီးစွာစီးချင်းထိုးခဲ့ရတာပေါ့
တန်းဖိုးထားတတ်တဲ့လူတွေရှိသေးရင်ကျေနပ်တယ်။

မျက်ရည်/အပြုံး များစွာ
အနုပညာမှာထည့်ဖျော်ထားလိုက်မိရဲ့
မိသားစုနဲ့အိမ်အတွက်ငဲ့ကွက်ဖို့မေ့ခဲ့တယ် မေမေ
နားလည်မှုလွဲချော်နိုင်တဲ့ ခံစားချက်မှာ
ဝါသနာကိုထုပ်ပိုးလို့
အစိုးမရတဲ့ဘ၀အနာဂတ်
ဖြစ်နိုင်ရင်သော့ခတ်သိမ်းထားချင်တယ်  ။

မောင်ချောနွယ်တောင် လူကြိုက်နည်းတဲ့ကောင် ဖြစ်ခဲ့ရ
ကျွန်တော်က လူကြိုက်မများတဲ့ကောင်ပေါ့ မေမေ  ။

ဘ၀က ချိုပျား မဟုတ်ခဲ့
နှလုံးသားက ငံ (ငန်)တယ် မေမေ
အနုပညာက….               ။

                   ရတုသစ်
                ( 8-1-2013 )

Sunday, January 6, 2013

အသည်းခြေရာ သူ့ရုပ်လွှာ


နွေခြေရာ...
နှင်းလွှာကိုဖောက် ၊ ပြေးလာရောက်၍
ပြတ်တောက်ကြွေကျ ၊ပင်ထက်မှလျှင်
နွမ်းလျ ရွက်တို့ ၊မျက်ရည်စို့ကာ
ယို့ယို့ကြွေဆင်း၊ ရိုးတံကြွင်းစဉ်
သက်နှင်းချစ်သူ ၊ ကိုယ့်ရင်ဆူအောင်
နွေပူလမ်းမှာ ၊ပြေးထွက်ခွါသည်
ဆယ်ဖြာလွန်ကဲ..နွမ်းကြွေသည်း ။

မိုးခြေရာ...
နွေလွှာကိုဖောက် ၊ ပြေးလာရောက်၍
စိမ်းတောက်မြမြ ၊မြင်သမျှတို့
နုရွခက်ဝေ ၊ လန်းဆန်းစေပြီး
စိမ်းဝေစည်ကာ၊ မြရောင်ဖြာစဉ်
သက်လျာမေပျို ၊ကိုယ့် ရင်ပြိုအောင်
မိုးစိုလမ်းမှာ ၊စိမ်းကားလာသည်
ရင်လွှာမှသည်း..စိမ်းလိုက်ကွဲ ။

ဆောင်းခြေရာ...
မိုးလွှာကိုဖောက်် ၊ပြေးလာရောက်၍
ကြဲပေါက်ဖြန့်ချ ၊ နှင်းမှုန်လွတို့
မွမွ၀ပ်ဆင်း ၊မြူလွှာခင်းကာ
ချဉ်းနင်းလှုပ်ရှား ၊အေးဓာတ်ပွားစဉ်
သက်ထားပျိုမေ ၊ ကိုယ့်သည်းကြွေအောင်
နှင်းခြွေလမ်းမှာ ၊ အေးစက်လာသည်
ခက်မာပေါက်ကွဲ..ပြိုယိုင်လဲ ။

နွေ မိုး ခြေရာ ၊ ဆောင်းခြေရာတို့
ရောက်လာသမျှ ၊ ကိုယ့်ဘ၀ကို
ကြေမွပျက်သုဉ်း ၊ စိတ်ဓာတ်နုံးအောင်
ချစ်ဆုံးသူက ၊ ရက်စက်လှလည်း
ရွှန်းမြထိန်လင်း ၊ငွေရည်ဆင်းနှင့်
လမင်းခြေရာ ၊ ပြေးရောက်လာသော်
ရင်လွှာဆီမှ ၊ခံစားရေသာ
ေ၀ဒနာတွေ ၊လွင့်ပျောက်ပြေ၍
ချစ်တွေဆန်းသစ် ၊ချစ်မြဲချစ်လျက်
မေ့ပစ်ဖို့ရာ ၊ မစွမ်းသာပြီ
စန္ဒာ၀န်းထဲ ၊ သူ့ပုံစွဲသည်
အသည်းခြေရာ ၊သူ့ရုပ်လွှာ..။


                       ရတုသစ်
          (12-10-2008--9 :55 PM)

မျက်လုံးများရဲ့သံစဉ်

       ပန်းစံပယ်နန်းအလယ်မပေါ်ခိုက်ဟာမို့အလိုက်တော်တန်သင့်ရုံပ

ခံပွင်းကိုကုံးရတယ်
                   ပြေးကြိုတော့ထွေးညို သီချင်းကိုသီဆိုရင်းမျက်နှာ၀မှာအ၀တ်စည်း်ထား

တဲ့စဥ့်အိုးငယ်လေးတွေကိုစည်းချက်မှန်မှန်တီးကာဖျော်ဖြေရေးလုပ်နေရှာတဲ့သားငယ်ရဲ့
မျက်နှာကိုကြည့်ရင်းကျုပ်အတွေးတွေအတိုင်းအဆမဲ့မျောလွင့်နေတယ်။အယောက်နှစ်
ဆယ်လောက်ရှိမယ့်လူအုပ်ကြီးက၀ိုင်းအုံလို့ ။ကျုပ်တို့ရှေ့ကဖလားလေးထဲမှာတော့
တစ်ရာကျပ်တန်၊နှစ်ရာကျပ်တန်နဲ့ငါးဆယ်ကျပ်တန်အနွမ်းလေးတွေခုန်ဆင်းပျပ်၀ပ်နေ
တယ်။၀ိုင်းအုံနေတဲ့လူတွေဆီကခုန်ဆင်းလာတာလေ၊ကျုပ်ကတော့ကျုပ်တို့ရဲ့လုပ်အား
ခနဲ့ရတဲ့ငွေကြေးမို့စိတ်သန့်သန့်နဲ့ယူရဲတယ်ဗျာ။ခိုးဆိုးလုယက်နေတာမှမဟုတ်ပဲလေ။
အခုဟာက။

                     ပြီးတော့ကျုပ်အလုပ်ကိုလည်းသမ္မာအာဇီ၀ဖြစ်တယ်လို့ပဲယူဆထား
တယ်။ကျုပ်ကကိုယ်ကျွမ်းကျင်တတ်မြောက်ရာပညာရပ်လေးနဲ့ပြည်သူလူထုအချို့ကိုခ
ဏလောက်ပဲဖြစ်ဖြစ်အမောအပန်းပြေစေချုင်တဲ့ဆန္ဒထားတယ်။ပရိသတ်ကလည်းတုံ့
ပြန်တဲ့အနေနဲ့ငွေစကြေးစလေးတွေဆုချကြတယ်။နည်းတာများတာကိုထည့်မတွက်ပါ
ဘူး။ကျုပ်တို့ရဲ့ဖျော်ဖြေမှုကိုအသိအမှတ်ပြုတာကိုပဲကျေနပ်လှပြီလေ။ဒါပေမယ့်ဗျာ
ကျုပ်တို့ကလညး်သူလိုငါလိုပဲ သမုဒ္ဒရာ၀မး်တစ်််ထွာနဲ့ဆိုတော့.။
                     ကျုပ်က ကျုပ်ကျွမ်းကျင်တတ်မြောက်ထားတဲ့ပညာလေးကိုသားငယ်
ကိုလည်းသင်ပေးထားတယ်။ကျုပ်နေထိုင်မကောင်းဖြစ်တဲ့အခါတွေဆိုအဆင်ပြေအောင်
ပေါ့ ။သားငယ်ကိုကျုပ်အတွက်ခုတုံးလုပ်လိုက်တာတော့မဟုတ်ပါဘူးလေ။တကယ်ဆို
ကိုယ့်သားသမီးကိုဘယ်မိဘက ဆင်းရဲတွင်းထဲနှစ်ရက်မလဲလေ။
                       အခုဆိုသားငယ်ကကျုုပ်ရဲ့လက်သံအတိုင်းတီးခတ်မှုပိုင်းမှာကြေညက်နေပြီ။
*****************************************************

                       ကျုပ်တို့သားအဖ တီးလိုက်ဆိုလိုက်နဲ့ဖျော်ဖြေနေလိုက်ကြတာအ
တော်ကြာသွားတယ်။ကြာလာတာနဲ့အမျှလူတွေလည်းများများလာတယ်။လမ်းသွား
လမ်းလာတွေနဲ့ပဲများလာတာ။တစ်ချို့ကတော့လှမ်းကြည့်ရုံသက်သက်ပဲ။တစ်ချို့ကျ
တော့အနီးကပ်လာကြည့်ပြီးမှခေါင်းရမ်းပြန်ထွက်သွားတာလည်းရှိရဲ့။ကျုပ်တို့ဖျော်ဖြေ
တယ်ဆိုတာကလည်းတီး၀ိုင်းကြီးတွေလိုကြီးကျယ်တာမှမဟုတ်တာ၊။ဂုန်နီအိပ်လေးခင်း
ပြီးကျင်းပနေတာလေ။ ဘာပဲဖြစ်ဖြစ်ပါ..ကျုပ်ကတော့ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေမိ
တယ်။
                    ခေါင်းရမး်ပြီးထွက်သွားတဲ့လူတွေရဲ့စိတ်ထဲမှာဘာတွေတွေးမိနေမလဲ
ကျုပ်မှန်းဆကြည့်မိသေးတယ်။တူရိယာသံ၊သီချင်းသံတွေနဲ့ဖျော်ဖြေနေပေမယ့်သံစုံ
တီး၀ိုင်းကြီးမဟုတ်လို့၊ ဒါမှမဟုတ်ရင်လည်းနိုင်ငံကျော်အဆိုတော်တွေမဟုတ်လို့။စိတ်မ
၀င်စားပဲထွက်သွားကြတာဖြစ်မယ်လို့မှန်းဆမိပါရဲ့။ကျုပ်မှန်းဆမိိတာပြောတာပဲလေ။
မဟုတ္ဘူးလား ။
                   တစ်ချို့ကတော့ကျုပ်တို့ကို ကယ်ပါတွေလို့ပဲထင်ပြီးနှာခေါင်းရှုံ့ထွက်ခွါ

သွားကြတာလဲရှိတယ်။လူအမျိုးမိျုး စိတ်အထွေထွေဆိုတော့ရှုမြင်သုံးသပ်ပုံခြင်းလည်း
ဘယ်တူပါ့မလဲ၊။သူတို့ထင်သလိုလူစားမျိုးမဟုတ်တာတော့ကျုပ်တို့သားအဖနဲ့လော
ကပါလနတ်တွေသိတယ်။
                 တကယ်ဆိုသူတို့ရေလိုက်လွဲနေကြမှန်းမသိကြဘူး။အယူအဆမှားနေမှန်း
မရိပ်မိကြဘူး။အနုပညာဆိုတာစင်မြင့်ပေါ်မှာသံစုံတီး၀ိုင်းကြီးတွေနဲ့ဖျော်ဖြေမှအနုပညာ
လို့ထင်နေကြတယ်။ဖျော်ဖြေရေးလို့မှတ်ယူနေကြတယ်။ကျုပ်ကတော့ဒီလိုမထင်မိဘူး။
လမ်းဘေးမှာစည်းနဲ့ဝါးတီးပြီးတောင်းရမ်းနေသူတွေရဲ့ဖျော်ဖြေမှုကလည်းအနုပညာပဲမ
ဟုတ်ဘူးလား။ဝါးပိုးဝါးဆစ်ပိုင်းနှစ်ခုကိုမြေပေါ်မှာပုတ်ခတ်ရင်းသီချင်းလေးနဲ့ဖျော်ဖြေ
နေတဲ့သူတို့အနုပညာကလည်းတစ်ခါတစ်ခါလည်ပြန်ငေးကြည့်ရလောက်အောင်ပြောင်
မြောက်လွန်းတာတွေ့ဖူးကြုံဖူးသူတွေသိကြပါလိမ့်မယ်။
                     အနုပညာဆိုတာလူတို့ရဲ့နှလုံးသားကိုဖက်တွယ်ပူး၀င်ပြီးခံစားမှုပေးနိုင်
စွမ်းရှိတဲ့အရာလို့ပဲကျုပ်ထင်မိတယ်။ဟုတ်တယ်လေ။နှလုံးသားကိုထိမှန်ခြင်းမရှိတဲ့အ
နုပညာကို အနုပညာမမြောက်ဘူး လို့လူတွေကသတ်မှတ်တတ်ကြတယ်မဟုတ်လား။ဒါ
က ကျုပ်အထင်ပြောတာပါ။ဆရာကြီးတွေကတော့အနုပညာကိုအမျုးိမျိုးအဓိပ္ပါယ်ဖွင့်ကြ
တာကျုပ်မှတ်သားဖူးပါရဲ့။ ဘာပဲဖြစ်ဖြစ်လမ်းသွားလမ်းလာလူတွေနဲ့ပြည့်နှက်ပြီးအား
ပေးသူများလာတဲ့ကျုပ်တို့သားအဖရဲ့ဖျော်ဖြေမှုကိုလောလောဆယ်အနုပညာမြောက်
နေပြီလို့ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီးတွေးမိတယ်။ဟုတ်တယ်လေ။ အဲဒီလိုပဲ ကျုပ်တွေးမိပါ
တယ်။
************************************************************

                     သားငယ်ကိုခဏနားခိုင်းပြီးကျုပ်တစ်ယောက်ထဲဆက်ဖျော်ဖြေနေမိ
တယ်။သီချင်းကလည်းတစ်ပုဒ်ပြီးတစ်ပုဒ်ဆိုလို့ကောင်းလာတယ်။သီချင်းထဲမှာဈာန်၀င်
စားနစ်မျောနေမိတော့ဘေးကလူအုပ်ကိုလည်းသတိမထားမိတော့ဘူး။ဒါပေမယ့် ဒန််ဖလား
လေးထည်းကပိုက်ဆံအနွမ်းလေးတွေကိုယူပြီးထန်းခေါက်ဖာလေးထဲထည့်နေ
တဲ့သားငယ်ရဲ့လှုပ်ရှားမှုကိုတော့သိနေတယ်။ဆိုလိုက်တီးလိုက်နဲ့သီချင်းဆယ်ပုဒ်ကျော်
သွားတယ်။အားနည်းနည်းခြောက်လာလို့ရေသန့်ဗူးထဲကရေကိုမော့လိုက်ရသေးတယ်။
ရေသန့်ဗူးဆိုပေမယ့်ဗူးခွံကိုပဲပြောတာ။ရေကတော့ဘုန်းကြီးကျောင်း၀င်းထဲမှာသွားခပ်
ထားရတာလေ။အဓိကကတော့ရေငတ်ပြေဖို့ပဲမဟုတ်လား။ကျန်းမာရေးတွေဘာတွေ
ဘာတွေလည်းဂရုမစိုက်နိုင်ဘူးလေ။ရှိတဲ့ရေ တွေ့တဲ့ရေသုံးလိုက်ရတာပဲ။
                        နောက်တစ်ပုဒ်ဆက်ဆိုမလို့ပြင်နေတုံးမှာပဲကောင်လေးတစ်ယောက်
ရှေ့ထွက်လာပြီး ဦးကြီး တွံ့တေးသိန်းတန်ရဲ့ နှမလက်လျှော့နေလေတော့ သီချင်းရရင်
ဆိုပြပေးပါလားဗျာ ပြောလာတယ်။အားပေးသူရှိလို့့တော့ကျုပ်တို့ကလည်း နတ်ရူးဘုံ
မြှောက်ခြေထောက်ကဆိုတဲ့အစားထဲကပဲ။မမောနိုင်မပန်းနိုင်တီးမိဆိုမိတော့
တာပဲလေ။ဒါကကျုပ်အကျင့်ပဲ။
                     ခ်စ္သူရွိရာဒီဌာနဆီသို့..မှန်းဆ တမ်းတပါသော်လည်းတစ်ခါ်
တစ်ခေါက်ဖြင့် မလာရောက်ဝံ့သူပါကွယ်
                    သီချငး်ထဲမှာစီမျောလိုက်ပါရင်းကျုပ်မျက်၀န်းမှာမျက်ရည်ကြည်တွေ
တောင်ေ၀့လာမိတယ်။သီချင်းဆုံးသွားတော့ကောင်လေးရဲ့မျက်နှာမှာကျေနပ်မှုကိုဖျတ်
ဖျတ်ကနဲတွေ့လိုက်ရတယ်။သီချင်းတောင်းတဲ့ကောင်လေးကနှစ်ရာတန်အကြွေတစ်
ရွက်ဆုချသွားတယ်။ဘေးကလူအုပ်ထဲကလက်ခုံသံတွေလည်းတဖြောင်းဖြောင်းထွက်
လာတယ်။အဲဒီအချိန်မှာကျုပ်ကိုကျုပ်တောင်ဘ၀င်မြင့်ချင်ချင်ဖြစ်လို့။စင်တင်တီး၀ိုင်းကြီး
တွေနဲ့မဖျော်ဖြေနိုင်ပေမယ့်လက်ခုပ်တီးအားပေးမယ့်သူတွေရှိနေသေးတယ်ဆိုပြီးပေါ့။
                      ကောင်လေးထွက်သွားတော့နောက်လူတွေကလည်းသူတို့ကြိုက်တဲ့
မြန်မာသီချင်းလေးတွေတောင်းဆိုလာကြတယ်။ကျုပ်ရတဲ့သီချင်းဆိုရင်တော့ဆိုပြလိုက်
တယ်။မရတဲ့သီချင်းဆိုရင်မရတဲ့အကြောငး်တောင်းပန်ရတာပေါ့။သီချင်းတောငး်သူနဲ့သီ
ချင်းဆိုတဲ့ကျုပ်တစ်သားထဲကျလို့ ။လက်ရှိဘ၀ကိုတောင်မေ့သွားမိပါရဲ့။
                   မကြာလိုက်ပါဘူး ။မုန်တိုင်းက၀င်တော့တာပဲ။ပြဿနာကစတော့တာာပဲ
။ ဦးလေးကြီး ကျွန်တော့်ကို တောဂေါ်လိီသီချင်းလေး ဟဲ ပြစမ်းပါဗျ။
အဲဒီလိုပြောပြီးရောက်လာတဲ့ကောင်လေးတစ်ယောက်ကြောင့်ကျုပ်ပြာယာခတ်သွားရ
တယ်။စောစောကအပျော်တွေခုန်ပျံထွက်သွားတယ်။တစ်ဆက်ထဲပဲဒေါသစိတ်ကငယ်
ထိပ်ကိုရောက်နေသလားထင်ရတယ်။ခေါင်းထဲမှာမိုက်ပြီးပြာေ၀သွားတယ်။ကောင်လေး
ကလွဲလို့ဘာကိုမှမမြင်တော့ဘူး။ဒေါသအမှောင်တွေဖုံးပြီးမဲမဲမြင်ရာရိုက်ခွဲပစ်လိုက်ချင်မိ
တယ်။ လက်သီးကိုကျစ်ကျစ်ဆုပ်ပြီးအံကြိတ်ထားမိတယ်။
                      ဘာကြ ၊မင်း ဒါတမင်စော်ကားတာပဲကွ ၊ဒီမွာ မြန်မာသံစဉ်တွေပဲဆို
နေတာ မင်းမသိဘူးလား။ ဒီသီချင်းမျိုးလာဆိုခိုင်းတာငါ့ကို တမင် ရန္စတဲ့သေဘာပဲကြ
                       ပြောပစ်လိုက်တယ်။ဒေါသစိတ်ရဲ့တုန်ခါမှုနဲ့အသံကစည်းဝါးမကျဘူး
။ပြတ်တောက်ပြတ်တောက်ထွက်ကျလာတယ်။ကောင်လေးကလည်းမခေ။မူးနေတာ
လည်းဖြစ်မှာပေါ့။ကျုပ်ကိုပက်ကနဲပြန်ပြောတယ်။
              ဘာဗ်..ဒီသီချင်းကလည်းမြန်မာသီချင်းပဲဗျအင်္ဂလိပ်လိုဆိုထားတာမှမ
ဟုတ္တာ..ဒီလောက်ခေတ်စားထားတဲ့သီချင်းကိုမှမရပဲနဲ့ခင်ဗျားကြီးတီးလိုက်၊ဆိုလိုက်၊
သီချင်းတောင်းခိုင်းလိုက်လုပ်နေတာ မရွက္ဘူးလားဗ်..အခုသီချင်းတောင်းတော့ခွေးအ
လှည်းနင်းမိသလိုဖြစ်နေပြီ..မမိုက်ပါဘူးဗျာ
                အဲဒီအချိန်ထ်ိကျုပ်သည်းခံနေလိုက်သေးတယ်။ဒီလောက်နဲ့ရပ်သွားမယ်
မှတ်လို့။အဲဒီကောင်လေးကိုလည်းသူ့အပေါင်းအဖော်တွေကဆွဲခေါ်နေကြတယ်။ဒါပေ
မယ့်ယက်ကန်ယက်ကန်ပါသွားရင်းပြောလိုက်တဲ့ကောင်လေးရဲ့စကားကကျုပ်ဒေါသကို
အထွဋ်အထိပ်ထိရောက်အောင်ပို့ပေးလိုက်သလိုပဲ။
                  ဟေ့ကောင်တွေ..ဖယ်စမ်းကွာ..ငါ့ကိုလာမချုပ်နဲ့မင်းတို့မမြင်ဘူးလား
လက်တွေခြေတွေကောင်းနေလျှက်နဲ့ဘာမှမယ်မယ်ရရလုပ်ကိုင်မစားဘူး..ညာဝါးစား
ဖို့ပဲတတ်တယ်..သူတောင်းစားပဲကွ..အကြံအဖန်တွေ
                     ကျုပ်မတ်တပ်ရပ်လိုက်ပြီးကောင်လေးဆီသွားရင်ဆိိုင်မိတယ်။သွား
လေရာယူတတ်တဲ့ဝါးဆစ်ပိတ်ဒုတ်ကိုကျစ်ကျစ်ပါအောင်ကိုင်ထားရင်းပေါ့လေ။အခြေ
အနေကရုတ်ရုတ်သဲသဲနဲ့ပိုပြီးတင်းမာသွားတယ်။စောစောကဘေးမှာ၀ိုင်းနေတဲ့လူတွေ
လည်းမရှိကြတော့ဘူး။၀ရုန်းသုန်းကားနဲ့ထွက်ပြေးပျောက်ကွယ်ကုန်တယ်။
                   ကောင်လေးကလညး်ကျုပ်လိုလူတစ်ယောက်ကပြန်ပြီးအာခံတယ်ဆိုပြီး

ကြိတ်မနိုင်ခဲမရဖြစ်နေပုံပဲ။မျက်နှာကရဲထနေတယ်။ ပြီးတော့..မကြားဝံ့မနာသာစကား
လုံးတွေနဲ့ဆဲရေးတိုင်းထွားပြီးကျုပ်ကိုစော်ကားပြီးရင်းစော်ကားနေတယ်။ကျုပ်ရဲ့သည်းခံ
နိုင်မှုအတိုင်းအတာကကုန်သွားပြီ..။
                       လက်ထဲကဝါးဆစ်ပိတ်ဒုတ်နဲ့ရိုက်ဖို့လက်မြှောက်လိုက်ချိန်မှာပဲအ

သနားခံအကြည့်နဲ့ကြည့်နေတဲ့သားငယ်ကြောင့်ကျုပ်ရဲ့ဒေါသစိတ်ဟာ တစ်ထစ်လျှော့
သွားတယ်။စိတ်လိုက်မာန်ပါလုပ်လို်က်မိရင်ရှုပ်ထွေးမွန်းကြပ်တဲ့လောကကြီးအလယ်မှာ
သားငယ်တစ်ယောက်ထဲယောင်ချာချာဖြစ်ကျန်ခဲ့မှာတွေးမိတော့ကြမ်းနေတဲ့စိတ်ကပြန်
လျော့သွားတယ်။မိုင်တိုင်ရှည်သက်ပြင်းမောကြီးကိုပဲ လေးတွဲ့တွဲ့ညှစ်ချလိုက်ရတယ်။
                 အမှတ်တမဲ့ပြန်ကြည့်လိုက်တဲ့အခါမှာ ကျုပ်ကိုစေ့စေ့ကြည့်ပြီး ထြီကနဲ
တံထွေးထွေးပြီးထွက်သွားတဲ့ကောင်လေးကိုတွေ့လိုက်ရတယ်။ အဲဒီကောင်လေးရဲ့အ
ကြည့်မျိုးကို ကျုပ်ခါးသီးစူးနစ်စွာ ရင်ဆိုင်ခဲ့ရဘူးတယ်။ ဘယ်မှာလဲ ဆိုတာပြန်စဉ်းစား
နေတုန်းအချက်ပြလာတဲ့ ၀မ်းသမုဒ္ဒရာကြောင့် အတွေးစကိုဖြတ်ပစ်လိုက်ရတယ်။ သား
ငယ်လေးလဲ အတော်ဆာလှရော့မယ်လေ။

***********************************************************
                  ကျုပ်တို့ထိုင်နေတဲ့နေရာနဲ့ခပ်လှမ်းလှမ်းမှာ ကရေကရာမုန့်ဆိုင်တန်း
တွေရှိတာမို့သားငယ်ကိုမုန့်သွား၀ယ်ခိုင်းလိုက်တယ်။သားငယ်ရဲ့ညစ်ထေးထေးအ၀တ်
အစားနဲ့ညှင်းသိုးသိုးရုပ်သွင်ကိုကြည့်ပြီးမုန့်ရောင်းနေတဲ့ကောင်မလေးတွေနှာခေါင်းရှုံ့
သွားတာကိုအမှတ်တမဲ့မြင်လိုက်ရတယ် ။ရင်နာရပေမယ့်မျက်နှာလွှဲပြီးမသိကျိုးကျွံပြု
ထားလိုက်ရတယ်။မုန်းရောင်းပေးလိုက်တာကိုပဲကျေးဇူးတင်ရမလိုဖြစ်နေတယ် ။
                  ရွှေတွဲလွဲ၊ငွေတွဲလွဲနဲ့အ၀တ်အစားပြောင်ပြောင်နဲ့လူတွေဆိုရင်တော့
အစ်မကြီး အိမ်ပြန်လက်ဆောင်လေး၀ယ်သွားပါဦးလား
  ဟို အစ္ကို.ကျွန်မတို့ဆိုင်မှာလာအားပေးပါဦး..လာပါ..ကျွန်မတို့ဆိုင်ကဈေးချိုပါ
တယ်..ပစ္စည်းလည်းမှန်တယ်လေ..
ဟိုဖက္က မောင်လေးတို့..ညီမလေးတို့..လာပါဦး မြည်းကြည့်ပါဦး.ကြိုက်မှ၀ယ်လေ
ရပါတယ်..လာပါ..အားပေးသွားပါဦး စတဲ့လောကွတ်ပျူငှါတွေနဲ့ဖော်ရွေနေတဲ့ကောင်
မလေးတွေဟာ သားငယ်ကိုကျတော့ဘာဖြစ်လို့နှာခေါင်းရှုံ့ချင်ကြတာလဲ။
 အတော်ခက်တဲ့လူတွေပါလား ။လူတစ်ယောက်ရဲ့ စံ ကိုအ၀တ်အစား၊ရွှေ၊ငွေ ၊ကအဆုံး
အဖြတ်ပေးတာလား။စိတ်ဓာတ်ကအဆုံးအဖြတ်ပေးတာလားဆိုတာကွဲကွဲပြား
ပြားမသိကြသေးသရွေ့တော့ကျုပ်တို့ဟာ ဒီလိုဆက်ဆံခံနေရဦးမှာပဲလို့တောင်တွေးမိ
လိုက်ပါရဲ့ ။
**********************************************************
                  မုန့်၀ယ်ပြီးပြန်လာတဲ့သားငယ်ကိုလက်ဆွဲပြီးစေတီတော်မြောက်ဘက်က
အရိပ်ကောင်းတဲ့မန်ကျည်ပင်ရိပ်မှာသွားထိုင်လိုက်တယ်။အဲဒီဖက်ကလူရှင်းလို့တော်
သေးတယ်။စေတီတော်ဆိုမှသတိရတယ်။ကျုပ်တို့ရောက်နေတဲ့မြို့ကရွှေဘိုမြို့။ဒီမြို့
မှာတော်သလင်းလပြည့်ကျော်(၁၁)ရက်ကစပြီးသီတင်းကျွတ်လဆန်းရောက်တဲ့ထိအောင်
မြို့ထောင့်စေတီပွဲတော်ဆိုတာနှစ်စဉ်ကျင်းပတယ်။ရွှေဘိုခရိုင်တစ်ခုလုံးမှာအစည်ကား
ဆုံးပွဲလို့ပြောလို့ရတယ်။တောရွာ ဇနပုဒ်ကလူုတွေပါလာရောက်ဆင်နွှဲကြတယ်။
              တစ်ချို့ကလည်းပွဲတော်တိုင်းလှည့်လည်ရောင်းလေ့ရှိတဲ့ဆယ့်နှစ်ပွဲဈေး
သည်တွေဆီကလိုချင်တဲ့ပစ္စညး်တွေ၀ယ််ဖို့ဆိုပြီးတကူးတကလာကြတယ်။တစ်ချို့ကျ
တော့လည်းတီဗီဖန်သားပြင်မှာသာမြင်ရတဲ့နို်င်ငံကျော်မင်းသား၊မင်းသမီးတို့၊အဆိုတော်
တို့ပါလာတတ်တာမို့အပြင်မှာမြင်ဘူးအောင်တမင်တကာလာကြည့်ကြတာလည်းရှိရဲ့။
     ပွဲတော်ကကြိတ်ကြိတ်တိုးနဲ့အရမ်းစည်ကားတယ်။ နေ့ခင်းပိုငး်ထက်ညပိုင်းကပိုပြီး
စည်ကားတယ်။အသွေးအရောင်စုံလှုပ်ရှားနေတဲ့လူအုပ်ကြီးကမြစ်တစ်စင်းစီးဆင်းနေသ
လိုပဲ။အတန်းလိုက် အစုအဖွဲဲ့လိုက်စီးဆင်းနေကြတယ်။
                      ပြောရဦးမယ်။ ဒီမြို့ထောင့်စေတိီဆိုတာနှယ်နှယ်ရရမှမဟုတ်တာ။အ
လောင်းမင်းတရားကြီးဦးအောင်ဇေယျတည်ထားကိုးကွယ်ခဲ့တဲ့အထင်ကရစေတီတော်
ကြီးပေါ့။(၁၁၁၉)ခုနှစ်၊ပြာသိုလ်လဆန်း(၂)ရက်နေ့ကစပြီးတည််ခဲ့တယ်လို့သမိုင်းတွေ
မှာပါတယ်။(၁၁၂၀ )ပြည့်ုနှစ်၊သီတင်းကျွတ်လပြည့်ကျော်(၃)ရက်နေ့မှာအပြီးသတ်
တည်ဆောက်နိုင်လို့(၁၀ဲ)လကြာတယ်လို့ပြောရမယ်ထင်တယ်။စေတီတော်တည်ချိ်န်
ပေါ့။ မော်ဓောမြင်သာ မြို့ထောင့်စေတီလို့ဘွဲ့တော်ရှိပေမယ့်လွယ်လွယ်ပဲမြို့ထောင့်
စေတီလို့ခေါ်နေကြတာ။ကြာတော့နှုတ်ကျုးိနေကြပြီထင်ပါရဲ့။တစ်ချို့ဆိုဘုရားပွဲတော်
သာလာကြတာ။ဘုရားပွဲကျင်းပတဲ့စေတီတော်ရဲ့ဘွံဲ့တော်အပြည့်အစုံကိုမသိသူတွေအ
များသား။ကျုပ်ကတော့ရောက်လေရာမှာအမှတ်သညာလေးနဲ့နေပြီးစပ်စုတတ်လွန်းတဲ့
အကျင့်လေးရှိထားတော့ဒီသမိုငး်ကိုသိထားပြီးသားဖြစ်နေတယ်။ ဒီဘုရားပွဲတော်ရက်ဆို
အရောက်လာဖြစ်အောင်လာတယ်။ကျုပ်တို့လိုဘ၀သမားတွေအဖို့ဒီပွဲမျိုးကလက်လွတ်ခံ
လို့မဖြစ်ဘူးလေ။ဒီပွဲမှာလာခဲ့ရင်း စောစောပိုင်းကကောင်လေးနဲ့ပြဿနာဖြစ်ရတာပဲ။
ကျုပ်အလုပ်၊ကျုပ်ပညာကိုစော်ကားတဲ့ကောင်လေးကိုဆုံးမချင်ပေမယ့်သားငယ်ကြောင့်
ကျုပ်စိတ်လျှော့လိုက်ရတာ။ရင်ဘတ်ထဲမှာတော့တင်းကြပ်ကြပ်နဲ့။ခံစားရခက်တုံးပဲ။
******************************************************
               မန်ကျညး်ပင်ရိပ်မှာထိုင်ပြီးသားငယ်၀ယ်လာတဲ့ကရေကရာမုန့်လေးကိုစား
ရင်းကျောင်းစာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတဲ့စာချိုးလေးကိုသတိရမိလို့ပြုံးလိုက်မိပါသေးရဲ့။
 ကွပ်ပျစ်စာပေ၀ိုင်းဆိုတဲ့စာတစ်ပုဒ်ထဲမှာပါတယ်။ဆိုကောငး်လို့အရကျက်ထားမိ
တာ။ခုတော့ ကရေကရာစားရင်းဆိုကြည့်နေမိတယ်။
                ကေရကရာ ၊ရွှေညာကမုန့်မျိုး
                  ပေါက်ပေါက်ကယ်ချိုပါလှ
                   အုန်းယိုက တိုး ။ ဆိုတဲ့ စာချိုးလေးပေါ့။ သဘောကျလို့ခဏခဏရွတ်
မိတယ်။သားငယ်ကိုဆိုပြတော့သားငယ်ကလည်းသဘောတွေ့နေလေရဲ့။
           လူရှင်းတဲ့ မန်းကျည်းပင်ရိပ်မှာပဲ အိပ်စက်အနားယူဖို့ဆုံးဖြတ်လိုက်တယ်။အိပ်
ချိန်လည်းတန်နေပြီလေ။နေ၀င်စအခိျန်လောက်ထဲကဆိုလိုက်၊တီးလိုက်နဲ့နေခဲ့တာမို့
အသံတွေပြာပြီးလက်တွေလည်းညောင်းနေပြီ။ခင်းပြီးသွားတဲ့ဂုန်နီအိပ်အခင်းပေါ်မှာပဲ
လှဲလိုက်တဲ့သားငယ်ကိုဘာဘူစောင်အနွမ်းလေးခြုံပေးပြီးသားငယ်ရဲ့နီကြောင်ကြောင်ဖြစ်နေ
တဲ့ ဆီေ၀းဆံပင်တွေကိုသပ်ပေးနေမိတယ်။သားငယ်အိပ်သွားပြီဆိုမှစေတီတော်ကို
ဦးသုံးကြိမ်ချပြီးရင်ထဲရှိနေတာတွေဆုတောင်းလိုက်တယ်။နဖူးပေါ်လက်တင်ရင်းစဉ်းစားခန်း
ဖွင့်နေမိတာမို့အိပ်ဖို့ခက်နေမိတယ်။အတွေးတွေလုံးချာလည်ရင်းသက်ပြင်းတွေအထပ်ထပ်
ချနေမိတယ်။အဆိုးဆုံးတွေးမိတာကတော့ကျုပ်နဲ့ပြဿနာဖြစ်ခဲ့တဲ့ကောင်
လေးရဲ့အကြည့်နဲ့ပတ်သက်တဲ့အတွေးပဲ။
                    ခြင်ကိုက်လို့လူးလွန်းလိုက်တဲ့သားငယ်ရဲ့လှုပ်ရှားမှုကိုနားစွင့်ရင်းမိခင်
ရင်ငွေ့နဲ့ေ၀းကွာခဲ့ရရှာတဲ့သားငယ်ကိုသနားမိတယ်။တစ်ဆက်တည်းသားငယ်ရဲ့မိခင်
ကိုအတွေးကလျှပ်တပြက်ငင်မိတယ်။မတွေးချင်ပဲမေ့ပစ်ထားတဲ့အကြောင်းအရာကိုပြန်
တွေးဖြစ်ဖို့အတွေးသံသရာကလည်ချိန်ရောက်လာပြီထင်ပါရဲ့လေ။
***********************************************************
                  သားငယ်ရဲ့မိခင်နာမည်က မစိမ်းနု ။သူနဲ့ကျုပ်အကြောင်းမပါခင်ကကျုပ်
အလုပ်ဟာနာမည်အတော်ရစပြုနေပြီဖြစ်တဲ့ဆိုင်း၀ိုင်းတစ်ခုမှာခြောက်လုံးပတ်တို့၊စည်းဝါး
တို့အလှည့်ကျတီးတဲ့သူပေါ့။ကျုပ်ရဲ့လက်သံနဲ့လက်ဆကိုကြိုက်ပြီးဆိုင်းဆရာကသူ့
ဆိုင်း၀ိုင်းမှာအမြဲနေဖို့ကမ်းလှမ်းတယ်။အဲဒီဆိိုင်း၀ိုင်းမှာပဲမြဲနေတုံးကျုပ်နောက်မှရောက်
လာတဲ့လူရွှင်တော်ပေတိုးရဲ့နှမမစိမ်းနုနဲ့ကျုပ််ဟာ အိုးချင်းထား အိုးချင်းထိထုံးစံ အတိုင်း
ရည်ငံခဲ့မိတယ်။မစိမ်းနုက ဆိုင်း၀ိုင်းမှာနောက်ပို်င်းအဆိုတော်လေ။ကျုပ်တို့ရဲ့
အခြေအနေကိုသိတဲ့ဆိုင်းဆရာကလည်းသူ့၀တ္တရားရှိတဲ့အတိုင်းလက်ဆက်ပေးခဲ့တယ်။
သူ့၀ိုင်းမှာပဲဆက်နေဖို့ပြောတာပဲ။ကျုပ်ကလည်းသဘောတူလက်ခံခဲ့တယ်။ဆိုင်းဆရာရဲ့ကျေး
ဇူးတွေကျုပ်အပေါ်မှာရှိသေးတယ်။ကျေးဇူးဆပ်ရင်းသူ့၀ိုင်းမှာပဲဆက်နေပေးခဲ့
တယ်။ အစပိုငး်မှာတော့ဘာပြဿနာမှမရှိဘူး။ဖြစ်လည်းမဖြစ်ခဲ့ဘူး။အိပ်ထောင်ရေးက
လည်းသာယာခဲ့တယ်လို့ပြောရမယ်။သားငယ်နှစ်နှစ်သားလောက်ရောက်မှပြဿနာရဲ့
မြှားဦးကတည့်တိုးကြီးလှည့်လာတယ်။မိီးခွက်ထွန်းမရှာပဲဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့
ပြဿနာကကျုပ်တို့ရဲ့သာယာနေတဲ့ကမ်ဘာငယ်လေးကိုဂြိုဟ်ဆိုး၀င် မွှေ သြားခဲ့
တယ်။အဲဒီနေ့ကိုကျုပ်ဘယ်လိုမှမေ့ပစ်လို့မရခဲ့ဘူး။တစ်သက်လုံးမမေ့နိုင်တော့မယ့်နေ့လို့
တောင်ပြောလို့ရမယ်ထင်တယ်။
                     ဟိုးရှေးခေတ်ကလို ဆိုင်း၀ိုင်းတွေကိုဂရုစိုက်မှုသိပ်မရှိတော့တဲ့ကျုပ်တို့
ခေတ်မှာကျုပ်တို့ရဲ့ဆိုင်း၀ိုင်းလေးဟာလည်းလောကဓံလေအလှုပ်မှာကြွေပြုတ်ခဲ့တယ်။ဖရို
ဖရဲဖြစ်သွားတယ်။လယ်ပိုင်ယာပိုင်လည်းမရှိတဲ့ကျုပ်တို့လိုလူတွေအတွက်အလုပ်ရဖို့အခက်
တွေ့နေတယ်။ဆိုင်းတီးတာကလွဲလို့ဘာမှမလုပ်တတ်တော့ပိုဆိုးတယ်။ပန်းရံ၊လက်သမားအကူ
စတဲ့အလုပ်တွေလုပ်တော့လည်းအဆင်မပြေဘူး။အလုပ်အဆင်မပြေသေးတာနဲ့အမျှအိမ်ထောင်
ရေးပိုင်းကလည်းအက်ကြောငး်ပေးလာတယ်။ကျုပ်ကတော့အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ရ
သမျှအလုပ်လေးတွေပေါ်ပင်လိုက်လုပ်တယ်။၀င်ငွေနဲ့ထွက်ငွေကတော့မမျှတော့ဘူး။ရရစားစား
ဘ၀မှာမ၀တ၀ပဲစားရတော့တယ်။ပိန်လှိီလာတဲ့သားငယ်ကိုကြည့်ပြီးကျုပ်ရင်ထဲမှာမချိအောင်ခံစား
ခဲ့ရတယ်။အဲဒီအချိန်မှာစား၀တ်နေရေးကြပ်တည်းမှုဒဏ်၊နှစ်လုံး၊သုံးလုံးဒဏ်တွေမိလာတဲ့မစိမ်းနုဟာ
ခြေလှမ်းမမှန်တော့ဘူး။ဘယ္သူက..လုံးပိုင်ရတယ်ဆိုအဲဒီလူဆီပြေးပြီးသား။ဘယ်သူက.အလည်
ထိုင်ပီတယ်..ဆိုလည်းဆည်းကပ််ဖို့၀န်မလေးဘူး။ကျုပ်အတန်တန်တားပေမယ့်မရတော့ဘူး။လောဘ
စိတ်ကတံခွန်ထူနေပြီ။ဆင်းရဲတွင်းကိုစိတ်ပျက်မှုအားကောင်းနေပြီ။၀တ်ချင်စားချင်၊လှချင်ပချင်စိတ်
ကမကုန်သေးသူဆိုတော့ပိုဆိုးတယ်ထင်ပါရဲ့။အလုပ်မည်မည်ရရမရှိသေးတဲ့ကျုပ်ကိုအာခံလာတယ်
။စောင်းချိတ်စကားတွေနဲ့နားပူအောင်လုပ်လာခဲ့တယ်။သည်းခံစိတ်မွေးပြီးကျုပ်နေခဲ့တယ်။သားငယ်
ရဲ့ရှေ့ရေးမှာမိခင်လိုနေသေးတယ်မဟုတ်လား။လင်မယားရန်ဖြစ်လို့ကွဲကြရင်လည်းကြားထဲကသား
ငယ်လေးပဲမြေဇာပင်လိုဖြစ်သွားမှာကျုပ်မလိုလားဘူး။ကျုပ်ရ့ဲသည်းခံစိတ်ကိုအတတ်နိုင်ဆုံးမွေးမြူ
ထားရတယ်။
             တစ်နေ့။အဲဒီတစ်နေ့ကကျုပ်တို့ဘ၀လေးကိုဂြိုဟ်ဆိုးကအပြတ်မွှေသွားတဲ့နေ့ပါပဲ။ ကွာရှင်းစာချုပ်နှစ်စောင်နဲ့အတူရောက်လာတဲ့မစိမ်းနုကိုတစ်ခါမှမမြင်ဘူးတဲ့လူစိမ်းတစ်
ယောက်ကိုကြည့်မိပုံမျိုးနဲ့ကျုပ်ကြည့်နေမိတယ်။စာချုပ်မှာလက်မှတ်ထိုးပေးဖို့ပြောလာ
တော့မှအသိ၀င်ပြီးတောင်းပန်မိတယ်။သားငယ်လေးကိုအကြောင်းပြပြီးတောင်းပန်ပေ
မယ့်လည်းမရတော့ဘူး။ဘယ်လိုအကြောင်းတရားတွေကသားနဲ့လင်ကိုပစ်ပယ်ချင်တဲ့အထိဆွဲဆောင်
သွားတယ်ဆိုတာကျုပ်စဉ်းစားလို့မရခဲ့ဘူး။လောကဓံရဲ့ဒဏ်ရာတွေကိုမခံစားနိုင်တော့ဘူးထင်ပါရဲ့။
ကျုပ်သက်ပြင်းပဲအကြိမ်ကြိမ်ချနေမိတော့တယ်။ဘယ်လိုသဘောမျိုးနဲ့ဖြောင်းဖြရမှန်းလည်းမသိတော့ဘူး
။နောက်ဆုံးကျုပ်ကိုဘာမှအသုံးမကျတဲ့သူတစ်ယောက်လိုစွပ်စွဲလာတယ်။အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့
တာ၀န်ကိုမကျေပွန်မှတော့မပေါင်းနိုင်တဲ့အကြောင်းတွေပြောလာတယ်။ကျုပ်ရဲ့မာနကိုထိပါးလာတော့
ကျုပ်အသိစိတ်ကလက်မခံပေမယ့်စာချုပ်မှာလက်မှတ်ထိုးပေးလိုက်တယ်။ဖြစ်ချင်ရာဖြစ်ဇွတ်နှစ်ပြီးရေး
ပေးလိုက်ရတော့တာပဲလေ။သားငယ်ကိုတော့မပေးလိုက်နိုင်ဘူးလို့အပြီးပြတ်ပြောပစ်လိုက်တယ်။
ဒီလိုအချိန်သူနဲ့ပါသွားရင်လည်းသားငယ်ရဲ့ရှေ့ရေးကမတွေးရက်စရာမဟုတ်လား။
               ကျုပ်ကိုကွာရှင်းပြီဆိုမှတော့သူ့မှာကပ်စရာ၊မှီစရာရှိနေလို့ဖြစ်မှာပဲလို့ထင်မိ
တယ်။တရားမ၀င်တဲ့နည်းလမ်းနဲ့ကြီးပွားနေတဲ့ကောင်တစ်ယောက်နဲ့ငြိနေတယ်ဆိုတာသဲ့သဲ့တော့
ကြားမိထားတယ်။ကျုပ်မယုံမိခဲ့ဘူး။အခုအဲဒီသတင်းဟာခိုင်မာသွားပြီထင်မိတယ်။ကျုပ်အတွက်တော့
ရှေ့ဆက်ဘ၀ခရီးဟာတစ်ဆစ်ချိုးမကပြောင်းလဲသွားခဲ့ရပြီလေ။ကျုပ်သားငယ်အတွက်ရှင်သန်နေရဦးမယ်။
သားငယ်ကိုလူပီပီသသဖြစ်စေချင်သေးတယ်။ဒါပေမယ့်.။
******************************************************
                      ကံဇာတ္ဆရာက ကျုပ်တို့ရဲ့ဇာတ်၀င်ခန်းကိုတမင်အကျည်းတန်ထားတယ်ထင်ပါရဲ့။အခုထိ လူမွေးလူရောင်မပြောင်သေးဘူး။အမှောင်မပြယ်သေးဘူး။မိုးမလင်းသေးဘူး။ကျုပ်တတ်နို်င်သလောက်
တော့ကြိုးစားနေမိတယ်။သမ္မာအာဇီ၀ကျတယ်ဆိုပေမယ့်အခုကျုပ်လုပ်နေတဲ့အလုပ်ဟာလူတကာအမြင်
မကြည်နိုင်ဘူး။အလုပ်တစ်မျိုးပြောင်းဖို့လည်းမလွယ်သေးဘူး။ဘယ်လိုအခွင့်အလမ်းနဲ့ကျုပ်တို့ရဲ့ဘ၀
ပွင့်လန်းရပါ့မလဲမျှော်လင့်ရင်းဆုတောင်းနေမိတာအကြိမ်ပေါင်းမရေတွက်နိုင်တော့ဘူးလေ။
              မစိမ်းနုနဲ့လမ်းခွဲပြီးတဲ့နောက်သားငယ်ကိုလက်ဆွဲပြီးနယ်တကာစုံလျှောက်
ရင်းဘ၀ကိုဖြစ်သလိုဖြတ်သန်းနေမိတယ်။အလုပ်ရှားတဲ့ခေတ်မှာလုပ်တတ်တဲ့အလုပ်ပဲ
လုပ်ကိုင်ရင်းခရီးနှင်နေမိတယ်။သားငယ်တောင်(၅)ပြည့်ပြီးသွားပြီလေ။သားငယ်ကို
ကျောင်းအပ်ပြီးပညာသင်စေချင်ပေမယ့်လက်ရှိအလုပ်ကရတဲ့လုပ်အားခကကျောင်းအပ်နိုင်တဲ့ထိ
မပြည့်စုံသေးဘူးဖြစ်နေတယ်။ကျုပ်ဘယ်လိုလုပ်ရမလဲ။သားငယ်ကိုကြည့်လိုက်တော့အိပ်မောကျနေလိုက်တာ အပြစ်ကင်းစင်နေတယ်။ကျုပ်ကိုယ်တိုင်ကလေနှင်ရွက်ခြောက်လိုဖြစ်နေတဲ့ဘ၀မို့စိတ်ထဲမှာသားငယ်အတွက်
တာ၀န်မကျေသေးသလိုအမြဲတမ်းခံစားနေရတယ်။မချင့်မရဲလည်းဖြစ်နေမိတယ်။မတည်ငြိမ်နိုင်သေးတဲ့ဘ၀
ကိုဘယ်လိုရပ်တန့်ရမလဲတွေးရတာကြာတော့ကိုယ့်ကိုယ်ကိုသိမ်ငယ်လာမိသလိုပဲ။မတည်ငြိမ်နိုင်သေးတာ
ကလည်းမစိမ်းနုကိုမေ့ရာမေ့ကြောင်းကြိုးစားရင်းခရီးနှင်နေမိလို့ပါပဲ။ဒါဟာကျုပ်ရဲ့အတ္တကြီးမှုတစ်ခုလိုဖြစ်
နေပြီလားမသိ။ကျုပ်ရဲ့စိတ်ဒဏ်ရာကိုကုစားဖို့သားငယ်ကိုဆွဲခေါ်ထားသလိုဖြစ်နေပြီလားမသိ။မစိမ်းနုကိုမေ့
ပစ်ချင်ပါတယ်ဆိုမှသတိရနေမိလို့ခက်ပြီလေ။
              သတိရမှုနဲ့တစ်ဆက််တည်းမေ့မရနိုင်ဆုံးကတော့လမ်းခွဲခါနီးမှာကျုပ်ကိုစေ့စေ့ကြည့့်သွားတဲ့
မစိမ်းနုရဲ့မျက်လုံးများ။ဟုတ်ပါရဲ့..အခုမှသတိရတယ်။ကျုပ်နဲ့စကားများခဲ့တဲ့ကောင်လေးရဲ့အကြည့်
မျိုးဘယ်မှာမြင်ဘူးပါလိမ့်လို့စဉ်းစားနေမိတာ။လက်စသတ်တော့မစိမ်းနုရဲ့အကြည့်မျိုးနဲ့သွားတူးနေတာ
ကိုး။ဒီလိုဆိုမဖြစ်ဘူး။ရှေ့ဆက်ပြီးဒီလိုမျက်လုံးအကြည့်တွေကိုမခံချင်တော့ဘူး။သားငယ်ကိုနှိုးပြီးခရီးဆက်
ဖို့ပြင်လိုက်မိတယ်။အိပ်ရေးပျက်သွားရှာမယ့်သားငယ်ကိုတော့သနားမိပါရဲ့။ဒါပေမယ့် ဒီလိုအကြည့်
တွေနဲ့ေ၀းရာရောက်မှအိပ်ရေး၀အောင်ပြန်အိပ်ခိုင်းဖို့ဆုံးဖြတ်ထားလိုက်တယ်။ငွေနည်းနည်းလေးပိုရ
တာမို့ဘုရားပွဲပြီးတဲ့အထိနေချင်သေးပေမယ့် အဲဒီစိတ်ကူးကိုပြန်ရုတ်သိမ်းပစ်လိုက်တယ်။
             လူဆင်းရဲချင်ဆင်းရဲပါစေ။စိတ်ဆင်းရဲမခံချင်တော့ဘူး။အဆိပ်သင့်ခဲ့ဖူးတဲ့နှ
လုံးသားကိုထပ်ပြီးအဆိပ်သင့်မခံနို်င်တော့ဘူး။ဒီမျက်လုံးမျိုးတွေနဲ့ေ၀းရာကိုကျုပ်သွားမှ
ဖြစ်တော့မယ်။ထပ်မဆုံချင် ၊မကြုံချင်တော့ဘူး။ခရီးဆက်ကာနီးမှာစေတီတော်ကိုဦးခိုက်
ပြီးရင်ဘတ်ထဲကဆန္ဒအတိုင်းဆုတောင်းလိုက်မိတယ်။
       ကွာရှင်းတဲ့နေ့ကမစိမ်းနုရဲ့ကြည့်ပုံမျိုးနဲ့ရန်ဖြစ်ခဲ့တဲ့ကောင်လေးရဲ့ကြည့်ပုံမျိုးတွေကအမြန်
ဆုံးကင်းေ၀းရပါလို၏..မြတ်စွာဘုရား..
ဘာ့ကြောင့်လဲဆိုတော့ အဲဒီမျက်လုံးအကြည့်တွေဟာ.။

**********************************************
         ဖြစ်ချင်တာရယ်၊ဖြစ်နေတာရယ်၊ဖြစ်သင့်တာရယ် တစ်ထပ်တည်းမကျနိုင်သေး
တဲ့ဘ၀ခရီးကြမ်းကိုနှင်နေရင်း မစိမ်းနုတို့ရဲ့အကြည့်မျိုးလိုမျက်လုံးသံစဉ်တွေနဲ့ေ၀းတဲ့
နေရာကိုကျုပ်ရှာဖွေမှဖြစ်တော့မယ်။အဲဒီသံစဉ်ဟာနားနဲ့မကြားပေမယ့်ရင်ဘတ်ထဲက
ကြားနိုင်တယ်။ရင်ဘတ်ကိုဒုက္ခပေးနိုင်တယ်။ဘ၀ကြီးတစ်ခုလုံးကိုတောင်ဖျက်ဆီးပစ်နိုင်မယ်ထင်တယ်
။ေ၀းရာကိုတဖြည်းဖြည်းပြေးရတော့မှာပဲ။ဒါပေမယ့်..ကြာလေ..ကျုပ်တို့ကမ်ဘာငယ်လေးကကျဉ်းလေ
၊နေချင်စရာရှားလေဖြစ်လာခဲ့တယ်။
           ဒီမျက်လုံးများရဲ့သံစဉ်ကိုဘယ်အချိန်ကာလထိနားစွင့်နေရဦးမလဲဆိုတာတွေး
မိရင်း သက်ပြင်းတွေသာ အဆက်မပြတ်ကြွေကျလာတယ်။

                              ရတုသစ်

Friday, January 4, 2013

အိမ် သုံး အိမ်

(အမေ့အိမ်)

နူးညံ့ခြင်းဧည့်ခန်း
မေတ္တာတော်ပန်းပွင့်တွေခြွေ
ဘ၀အမောပြေ ။


(အဖေ့အိမ် )

တက်ကြွခြင်းသင်တန်း
ဇွဲစိတ်သန် စွမ်းအားပေးဝေ
ဘ၀တောက်ပစေ ။


(သား/သမီးအိမ်)

မသိခြင်းဆိပ်ကမ်း
အပူ၊အနွမ်း လွှင့် လေပွေ
ဘ၀ မော ၊နွမ်း ၊ကြေ ။


                   ရတုသစ်
                (3/1/2013 )

(အမြင် ကွဲလွဲချက်ရှိကောင်းရှိနိုင်ပါသည် ။ )


မောင့်မှာ လွမ်းရေးခက်သောကြောင့်


ချစ်သူထံသို့၊စာလွှာပို့ရန်
ရေးဖို့ကဗျာ ၊မတတ်သာခဲ့
တွေးကာမြင်ယောင် ၊နတ်သျှင်နောင်သာ
သည်မောင်နားတွင်၊ရှိခဲ့လျှင်သော်...

ချစ်ကြင်သူတွက်၊လင်္ကာခက်နှင့်
တွဲယှက်စုံညီ ၊ စာလွှာစီ၍
ဖွဲသီပေးရန် ၊မောင်တောင်းပန်ချင် ။

ကာရန်အလှ ၊ နု အရွနှင့်
ယုယပိုင်စွာ၊ ချစ်ကဗျာကို
ဖွဲ့ကာပေးရန် ၊မောင်တောင်းပန်ချင် ။

သက်နှံအတွက်၊ ခံစားချက်ကို
ရေးလျက်စီကာ၊ ဖွဲ့တီတာနှင့်
မှာစာ တမ်းချင်း ၊ရေးဆက်သွင်းဖို့
ရိုင်းပင်းကူရန်၊ မောင်တောင်းပန်ချင် ။

ကြံကြံစည်စည် ၊စိတ်ကူးရည်လည်း
လွမ်းတည်ရစ်စေ ၊ ညလေပြေနှင့်
တေလေစိတ်သာ ၊ရောက်ရောက်လာသည်
မောင့်မှာ လွမ်းရေးခက်သောကြောင့် ။

                           ရတုသစ်
                      (13-6-2007 )

(ကဗျာဟောင်းလေးဖြစ်ပါသည်။ ပြန်တွေ့၍ ပြန်တင်လိုက်သည်။ )

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks