Saturday, September 8, 2012

ရာဇ၀င်ကို...အလေးပြုမယ့်အချိန်


*ကဗျာတစ်ပုဒ်နဲ့...အိပ်စက်ရင်း...
  ကဗျာတစ်ပုဒ်ရဲ့...အိပ်မက်ထဲထိ...
  နက်ရှိုင်းစွာ...တိုး၀င်မိပေါ့...
  "ခံစားချက်..ပျော့ရင်...ရသ သိပ်မပေါ်မှန်း."..
  မျက်ကန်းတစ္ဆေမကြောက်...ယုံခဲ့တယ်...။

*ကဗျာတစ်ပုဒ်အတွက်...လမ်းလျှောက်ရင်း..
  ကဗျာတစ်ပုဒ်နဲ့...လမ်းပျောက်ခဲ့...
  ကြယ်ရောင်အောက်က...သက်ပြင်းချသံတွေ...
  တွားသွားလာနေပေါ့...တရွေ့ရွေ့...
  မမေ့တတ်တဲ့ ရင်ဘတ်ကို...
  အလွမ်းနဲ့ ကြက်ခြေခတ်ထားမိ...။

*ကဗျာတစ်ပုဒ်မှ...ထွက်ခွာ.
  ကဗျာတစ်ပုဒ်နောက်...အရိပ်ပမာ လိုက်သွား...
  ၀ိုးတဝါး ညတွေက ရှည်ကြာတတ်တာ...
  သင်ခန်းစာအဖြစ်...မှတ်သားခဲ့ရ...
  လ, သွားလမ်းပျောက်တဲ့...ညဆိုးတွေ...
  ဘယ် အင်အားမျိုးနဲ့...အလဲထိုးရမလဲ..?..။

*ကဗျာတစ်ပုဒ်ရဲ့...အတိမ် းအနက်ကို...
  ကဗျာတစ်ပုဒ်နဲ့...တွက်ချက်ကြည့်...
  ကျိန်စာမိနေတဲ့...စွဲလမ်းမှုတရား က...
  ပါးပါးချင်း...လှီးထုတ်ရ ခက်နေခဲ့...
  အသက်ဆုံးချင်...ဆုံးပါစေတော့...
  စိတ် ဒုန်းဒုန်းချပြီး ...ကမ်းလင့်မယ်...။

*ကဗျာတစ်ပုဒ်ကြောင့်...ကျန်ရစ်...
  ကဗျာတစ်ပုဒ်နဲ့...ရန်ဖြစ်ရင်း...
  ပျိုမြစ်ခြင်းတွေ...ဆိတ်သုဉ်းမှ...
  ဒုန်းဒုန်းချမိတဲ့...ဆုံံးဖြတ်ချက်...
  အနားသတ်...မသေချာသေးပေမဲ့
  မြေကမ္ဘာ အတွင်းမှာ...ရှင်သန်ခြင်း ကဗျာတစ်ပုဒ်...
  ရေးထုတ်ချန်ထားရစ်ခဲ့ နိုင်ရင်...
  ငါ့ ရာဇ၀င်ကို...ငါ...
  အလေးပြုနိုင်ပါတယ်...။
             
                                      ရတုသစ်
                  (10/9/2012----10း25 PM)
 

1 comment:

Unknown said...

ရေးပါ ရေးပါ ကဗျာတွေ ဆက်ရေးပါ

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks