Tuesday, October 9, 2012

မိုးခြွေလေညင်း

မြေသင်းနံ့နဲ့တရှိုက်မက်မက်အလွမ်းသင့်
ပုရစ်ဖူးတွေ၀င့်မယ့် စာမျက်နှာထက်
တလက်လက်လျှပ်ပြက် စီးဆင်း
သေသောသူတွေထမြောက်မယ့်ရှင်သန်ခြင်းအငွေ့အသက်များ
အနောက်တောင်ဆီကမြစ်ဖျားခံခဲ့ပေါ့ ။

အသုရာတို့ရဲ့စစ်ရေးပြင်အခမ်းအနားဟာ
လောကကိုတစ်၀မ်းတစ်ခါးလှစေခဲ့
မာဃရဲ့၀ရဇိန်သွားပွတ််ဆွဲမှုအောက်
လက်တောက်နေတဲ့တိမ်မျက်ရည်တွေဒလဟော..ဖြာဝေ
ရေသေပင်လယ်ရဲ့မွတ်သိပ်မှုကိုအဆာပြေခွံ့ကျွေးထားရဲ့..။

ခါးရှရှအက်တမ်တွေပေါက်ကွဲဖို့
မှိုင်းညို့ညို့မုတ်သုံရဲ့တစ်ကျော့ပြန်လမ်းတစ်လျှောက်
ပန်းကောက်သူတွေက လန်း
ကမ်းပျောက်သူတွေက လွမ်းရပြီလေ.။

မြွေတွန်သံကိုကျောခိုင်းလို့
အသိုင်းအ၀ိုင်းနဲ့ဖားတို့ မိုးမျှော်တေးရွတ်သံတွေ
ညံညံစီစီ ကြားရမယ့်ဥတု၀ဿန်ကို
တစ်ကြိမ်ပြန်ဖန်ဆင်းမယ့် လေညင်း
ဖြည်းဖြည်းချင်း ချဉ်းနင်း၀င်ရောက်လာတဲ့အခါ
တိမ်လွှာမို့မို့ကွဲကြေသက်ဆင်းခဲ့
ပင်လယ်ရဲ့သက်ပြင်းချသံတွေ သက်ငြိမ်တိတ်ဆိတ်သွား
ကလေးများရဲ့ ''မိုးကဗျာ" ရွတ်ပွဲလည်းအချိန်သင့်ပြီ..။

အလွမ်းသင့်ဆေးစက်တို့နဲ့ရေးခြစ်ရင်း
ပဇ္ဇုန်ရဲ့ပျိုမျစ်ခြင်းဟာ
နွေခေတ်ကို အိုမင်းသွားစေသလား?
နာဖျားနေတဲ့ကမ်ဘာကိုမျက်နှာသစ်ပေးမယ့်မိုး
အပူတွေခိုးခိုးပြီသွန်ခဲ့တဲ့အခါ
မြေကမ်ဘာရဲ့ရှက်သွေးဖြာအလှက
မှိုင်းပျပျနဲ့ အိန္ဒြေရလိုက်ပုံများ
လေညင်းက အားရကျေနပ်နေခဲ့တယ်...။

                      ရတုသစ်
     (9 / 10 /2012 ..8 :15 PM)


2 comments:

စံပယ္ခ်ိဳ said...

ရတုရေ
ပဇ္ဖုန်ရဲ့ပျိုမြစ်ခြင်းဟာ
နာဖျားနေတဲ့ကမ္ဘာကိုမျက်နှာသစ်ပေးမယ့်မိုး

စာသားလေးတွေတကယ်ကိုလှတယ်ဗျို့
ရောက်တယ်နော်ကဗျာဖတ်ခဲ့တာပေါ့ ကွန်မန့်လေးလဲရေးတယ်နော်
ခင်မင်တဲ့ sis jasmine

tharnge said...

အရမ်းကောင်းတယ်ဗျာ မိုးနဲ့ပါတ်သက်တတဲ့ကဗျာလေးရှာနေတာ ပြည့်စုံတယ်

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks