ဒီည
တစ်လောကလုံး အိပ်စက်ပေးရင်ကောင်းမှာပဲ
ကလေးတစ်ယောက်ရဲ့ရိုးသားခြင်းမျိုးနဲ့
ဝှက်ဖဲတွေ အချိုးကျဖွင့်ဖတ်နေတယ်
ဘယ်လိုတမ်းမက်မှုမျိုးဆီ ဦးတည်ရမလဲ
ကုတ်မရတဲ့ဝဲနဲ့ ညှီတစို့စို့ဟာ
အတွင်းပုပ်နာ ။
ခန္ဓာအကြောင်း မတွေးသေးဘူး
သစ္စာအကြောင်း မဆွေးနွေးဘူး
ရေးတေးတေးလေးအတိုင်း တွေးရင်းငေးလို့
ငါတို့ကျော်ချခဲ့တဲ့သင်ခန်းစာမှာ
အရေးပါတာတွေကျန်ရစ်သလား
ငါတို့ဟာ...
အဖြေမှားလာတဲ့ကျောင်းသားလေးတွေဖြစ်တယ် ။
တစ်ရစ်ချင်း
ညှို့သွင်းခံလိုက်ရတဲ့ ဝင်္ကပါထဲ
လမ်းမှန်ကိုလည်း မရှာနိုင်သေးဘူး ။
ပဒိုင်းဆူးကို ရဲရဲဆုပ်ရင်း
အမှောင်တွေ စီးချင်းထိုးနေတဲ့ကမ္ဘာမှာ
"ငါပြဿနာ"ကိုညှိနှိုင်းနိုင်စေဖို့
ကြယ်တချို့ ကြွေတာတောင်
ငေးယောင်ယောင်လေးပဲကြည့်ဖြစ်ခဲ့
နွံနစ်နေရာက...ငါ
ဆုတောင်းသံတွေ ပွင့်အာလွှင့်ထုတ်လို့မရ
ဒီညလည်း
အမှောင်ဝတ်ရုံပဲ ထည်လဲဝတ်ဖြစ်မှာ သေချာတယ် ။
ရတုသစ်
၀၇၀၇၂၀၁၃
ည၇နာရီ၁၀ မိနစ်
(တနင်္ဂနွေကဗျာမြေသား)