အထီးကျန်မိုးတိမ်
__________________
မပြောဖြစ်မယ့် အကြောင်းအရာတွေ
ကိုယ် တစ်ယောက်တည်း ပြောလို့
မကြည့်ဖြစ်တဲ့ နာရီတွေကိုလည်း
ခဏ ခဏ လှမ်းကြည့်နေမိတယ်။
မဖူးပွင့်သေးတဲ့ သနပ်ခါးပန်းကလေးထဲမှာ
မင်း ပါးပြင်လေးကို လိုက်ရှာရင်း
မဖတ်ချင်တဲ့ စာအုပ်တွေကို
ဟိုလှန်ဒီလှန် ကောက်လှန်နေရတယ်။
မရောက်လာသေးတဲ့ ခြေသံတွေကို
စိတ်ကူးနဲ့ တံခါးဖွင့်ပေးလို့
မဆိုဖြစ်သေးတဲ့ သီချင်းတွေကို
စိတ်လိုလက်ရ နားစွင့်ထားမိတယ်။
မတီးဖြစ်တော့မယ့် ဂစ်တာလေးဟာ ကိုယ်ဖြစ်ပြီး
အသံမထွက်သေးတဲ့ ကြိုးကလေးဟာ မင်းဖြစ်မယ်
ဘယ်သူ့ကိုမှ မစိုရွှဲစေချင်လို့
ကိုယ့်တစ်ကိုယ်စာလေး အံကြိတ်ပြီး ညို့ရတယ်
မိုးလေဝသသတင်းထဲမှာ မပါတဲ့ တိမ်ထူထူလေးဟာ
ကိုယ်ရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ် ဖြစ်ပါတယ်။
ရတုသစ်
27082017
10:58AM
No comments:
Post a Comment