________________________
ခံစားမှုကလည်း
မိုးလေ မကင်းလွတ်
လက်ရှိ ကျန်းမာရေးကလည်း
စိုထိုင်းဆများများနဲ့ အနီရောင်
အာရုံထဲ မှိုတွေချည်း အဆုပ်လိုက်
ပွင့်လင်းရာသီရယ် ဘယ်တော့လဲ
မျှော်သူ စောင့်သူ ပဋိပက္ခနဲ့ မိုးတွေထဲ
မီးခိုးအူအူ ယာတောလေးလည်း နာဖျားခဲ့
ဖွင့်မပြောချင်လို့ ဆွံ့အထားရတဲ့နှုတ်ဖျားမှာ
အနာဟောင်းတွေ တိုးဝှေ့တုန်ယင်
သြော်...မစိမ်းပင် မစိမ်းပင်
ဒဏ်ရာကို ကမ္ဘာမှတ်လို့ ချဲ့ထွင်ရက်လေသူ
ညရဲ့ပြက္ခဒိန်တွေထဲ ပြာမှုန်ပြာစတွေ
ဝဋ်မှာ အပ ငရဲမှာ အမြဲ
လွဲခဲ့လေသော အမြိုက်တရား တလူလူ
နင်ဘယ်သူလဲ ငါ ဘယ်သူလဲ
ဆုတောင်းမှားခဲ့ကြသူများ
တစုတဝေးတည်းရှိနေတဲ့ ပစ္စန္တရာဇ်မှာ
ဘယ်သူ့အပူက ဘယ်သူ့ထက် ပိုပူမလဲ
ဘယ်သူက ဘယ်သူ့အရင် ပြာကျမလဲ
ငါတို့ ဘယ်အကွေ့မှာ မှားခဲ့ကြသလဲ
ငါတို့ ဘယ်နေ့ မှန်ကြမလဲ
ငှက်သင့်စရာကောင်းတဲ့ ဆွမ်းခံလမ်းပေါ်မှာ။
#ရတုသစ်
29072024
4:20PM
No comments:
Post a Comment