___________________________
နာရီတွေဟာ
ကမ္ဘာကြီးကို လည်စေတဲ့ စက်သွားတွေဖြစ်ရဲ့။
မနက်ဖြန်ရဲ့ မျက်နှာသစ်ချိန်လေးမှာ
အေးအေးဆေးဆေး အသက်ရှူခွင့်ရချင်တယ်
ညှိုးနွမ်းကံကြမ္မာရယ် ၊ ဒုက္ခများရယ်
ငါ့ ဖွားဘက်တော်တွေ ပီသလွန်းခဲ့ပေစွ။
ကြွက်တွေဟာ
ဥမင်လိုဏ်ခေါင်းရဲ့ မူလပိုင်ရှင်တွေ ဖြစ်တယ်
ကြွက်တွေဟာ အပျင်းကြီးနေတဲ့ နာရီတွေကို
တတိတိ ကိုက်ဖြတ် စားသောက်ခဲ့ကြပေါ့ ။
မနက်ဖြန်တွေ ကျန်သေးလား
မနက်ဖြန်တွေ ရှိသေးလား
ဒိန်ခဲပန်းကန်ဟာ ကြွက်တွင်းဝမှာ ကျန်ခဲ့ပြီ
သေရမယ့် ကံကြမ္မာဟာ
ဇာတာခွင်မှာလည်း အထင်အရှား ရှိခဲ့လိမ့်မယ်
နာရီတွေပေါ်က လိမ့်ကျသွားတဲ့အခါ
ကမ္ဘာကြီးကို ကဗျာကြီးက ကယ်တင်နိုင်/မနိုင်
အမှုဟောင်းတွေကိုတော့
တရားမျှတတဲ့ ကဗျာတွေက ဖြေရှင်းပေးပါလိမ့်မယ်
ဒိန်ခဲတွေ အရည်ပျော်ကျသွားတဲ့အခါ... ။ ။
ရတုသစ်
29082015
5:40PM
No comments:
Post a Comment