Thursday, February 28, 2013

အလွမ်းကျိုးသံ


အလွမ်းတွေတစ်ဆင့်ချင်းပြိုကျလို့
မျက်ရည်စို့နေတဲ့မျက်၀န်းဟာ
ဒဏ်ရာရထားတဲ့ သားကောင်လိုဖြစ်နေရ ။

တဆတ်ဆတ်တုန်နေရမယ့်ရင်ဘတ်ကြီးကိုိ
တစ်စစီလှီးထုတ်ပစ်ချင်တယ်။

မဝံ့မရဲဆွံ့အခဲ့ကြတဲ့စာမျက်နှာတစ်ခုဟာ
အလွမ်းကျိုးသံသက်သက်လား
ဒီအဖြစ်အပျက်တစ်ခုအတွက်
ေ၀ခွဲရခက်ခြင်းတွေချန်ထားပေးပါ ။

လေပြည်သွေးတိုင်းနာနာနေမယ့်အသညးတစ်ခြမ်းအတွက်
မနက်ဖြန်တွေဟာ လာလာထိုးစိုက်မယ့် ဓားထက်ထက်တွေ
ဒီ အခက်ပွေ ခြင်းမျိုးစေ့က
ကျွန်တော့်ရင်ခွင်မှာလာရှင်သန်နေတယ် ..မမဝေ ။

ဘ၀ဟာ ခဏပါတဲ့
အလွမ်းဟာ ကြာရှည်လွန်းခဲ့ပေါ့
မပျော့ပျောင်းတဲ့လမ်းတွေထဲ
အသည်းကွဲချင်ကွဲပါစေ
ကျွန်တော်တစ်ယောက်ထဲ ငိုမယ် မမဝေ.။

                             ရတုသစ်


Monday, February 25, 2013

အရင်းစစ်တော့.......


မရေရာတဲ့မသေချာခြင်းများမှာ
ငါ့ ကိုယ် ငါ ကြိုးကွင်းစွပ်နေမိ
အဆိပ်မရှိတဲ့ အစာကိုမှမြိန်တယ်ထင်လို့
င့ါ ငို့ဘကို လျှာခြစ်တံနဲ့ခြစ်ပစ်လိုက်တယ် ။

အလိုက်အထိုက် ဟာ လိုက်မှ ထိုက်သလား
မတရားဟာ မ- တဲ့ တရားလား
ဝေဝါးအောင်မလုပ်ချင်ပါနဲ့ လောက
တောထနေတဲ့ အတ္တဆူးပင်တွေကြားမှာ
မာယာတွေ ပွင့်သစ်စီခြယ်
မလည်တဲ့သူတွေပဲ လည်ကျန်ရစ်ခဲ့ပေါ့
အရင်းစစ်တော့ အမြစ်လူပါပဲလေ ။

                      ရတုသစ်


Sunday, February 24, 2013

ဆက်ပြီး..မှားရန်..လက်ကျန်


အဝေးရောက်ရောက်သွားတဲ့စိတ်ကို
ဘယ် နိမိတ်ပုံနဲ့ပြန်ဖမ်းရမလဲ
အလဲအကြဲ သီအိုရီတွေကြား
ပျံသန်းလို့အားမရသေးဘူး..မေမေ ။

အပေအတေဆန်နေတဲ့ ဘ၀က
အမျှဝေရုံနဲ့ အခြေအနေလှလာမှာမဟုတ်ဘူး
ပြန်တူးနေရတဲ့ ကိုယ့်သချၤု ိင်းအတွက်
အိပ်မက်တွေ ဆေးစိမ်ဖို့လိုသေးလား
အားမတန်လို့ မာန်ကိုလျှော့လိုက်တဲ့အခါ
မြေလွှာမှာ တွင်း(ကျင်း)ကတိမ်နေတုံး ။

ဖုံးထားတာတွေ ဖော်ခဲ့ရမလား
ဖော်ထားတာတွေ ဖုံးခဲ့ရမလား
သကြားရောထားတဲ့ဆေးခါးတွေသောက်ရတာများတော့
ပျားရည်စိမ်မုသားတွေကြားမှာ နေသားကျနေရ
အို..အလှသစ္စာရေ..
နေ၀တိမ်တောင်ရက် လ နှစ် တွေကိုခုတ်ပိုင်းပေးခဲ့ပါ
ဘ၀ဟာ တိုတိုလေးဆိုတာ ရေးထားတဲ့စာသားတွေကြား
ကျွန်တော်နားက အမြင်အာရုံချို့တဲ့လွန်းနေတယ် ။ ။


                      ရတုသစ်
    ( http://yatuthit.blogspot.com/ )


Friday, February 22, 2013

ပြန်လျှောက်လာနေတဲ့ဆုံလည်

ပုထုဇဉ်ဓလေ့မို့တရားဟာတရားကိုပြန်ရှာနေရ
  ဘ၀နွံတွင်းထဲအလင်းဟာ ဆွဲနှစ်ခံလိုက်ရတဲ့သားကောင်
  အယောင်ယောင်အမှားမှားတွေကြားပြဿဒါးကပြက္ခဒိန်အပြည့် ။

ရစ်တိုးဝှေ့ဆင်းလာတဲ့မြူမှုန်မွဲပြာပြာထဲ
  အလဲထိုးခံသစ်ရွက်ကလေးများတရှပ်ရှပ်တွားသွားကြ
  ဘ၀ခေါင်းစဉ်အောက်ကသက်ရှိသက်မဲ့ဖြစ်ပျက်မြင်ကွင်းတွေ ။

ဖူး ေ၀လိုက် ပွင့်ေ၀လိုက် အချိန်ကိုက်ပြဋ္ဌာန်းကျမ်းစာများ
  နောက်ဆုံးတံခါးအဖွင့်အတွက်သီအိုရီတွေဖြည့်စွက်ပေးပါ
  အရေးမပါတဲ့အတွေးနဲ့ကမ္ဘာ့၀င်ရိုးပေါ်မေ့မောလည်ပတ်နေခဲ့ရ ။

ဝေခဏ ကြွေခဏ သရုပ်ပြအခမ်းအနားတစ်လျှောက်
  ဦးနှောက်ကိုရင်ဘတ်ထဲထည့်ထားလိုက်ရမလား
  နှလုံးသားကိုခေါင်းပေါ်ရွက်ထားရမလား..တစ်ခုချင်းဖြေ ။

စီတန်းရစ်ခွေလာမယ့် ရွေးချယ်စရာ တစ်ခုပြီး..တစ္ခု
  ဘယ်တစ်ခုကို ပန်းကုံးစွပ်သရဖူပေးမလဲ
  ဝေခွဲရခက်ခြင်းဆိုတာလူဖြစ်ကတည်းကပါလာတဲ့ဝေဒနာ ။

နွေကဗျာဟာအဟောင်းတွေခြွေကာပစ်လိုက်
  အသစ်တွေ ဝေဆာပစ်လိုက် တရားပြရင်း
  ကျုပ်တို့ခင်ဗျားတို့မြင်ကွင်းမှာ အထင်းသာဖြတ်လျှောက်လာ ။

ဦးနှောက်ကိုအလုပ်ပေးလိုက်ရမလားစဉ်းစား
  နှလုံးသားကိုအားဖြည့်ထားရမလား ဆင်ခြင်
  ရွက်ကြွေလွင်ပြင်မှာပုရစ်ဖူးတွေ အတိတ်မေ့နေပေါ့ ။

ရောက် နေကျအလှည့်က အစ၊အလယ် ၊အဆုံး မသဲကြဲ
  မတည်မြဲခြင်းမှာနေမြဲအတိုင်းပုတ်သင်ညိုတစ်ကောင်လို
  ယောင်ယောင်ပြီးညိတ်မိတဲ့ဦးခေါင်းဟာ အခွံသက်သက် ။

ပြန်ဆက်မရမယ့်အက်ရာတွေဖာထေးချုပ်စပ်မိ
  ကြိုးပြတ်လွတ်ထွက်အသိဟာ ဘယ်ဆီဘယ်၀ယ်ပျံ့လွင့်
  ကျွမ်းရင့်နေခဲ့တာ သံသရာအဆက်ဆက် အတ္တ။

ပြီတီတီလုပ်မရတဲ့သစ္စာဟာရှေ့ နောက် ၀ဲ ယာ မှာ
  မာယာတွေအလုပ်မဖြစ်ဘူး သိရဲ့လား..ဖြည်းဖြည်းဖြေ ။
  ကဝေဆန်တဲ့နွေဟာ သင်္ခါရကို ပခုံးပေါ်တင်လာခဲ့ပြီ ။

                         ရတုသစ်
                (http://yatuthit.blogspot.com/ )

Thursday, February 21, 2013

လူမိုက်လေး ကျွန်တော်

ဝါသနာကို အသက်လောက်ချစ်
နစ်နစ်သွားတဲ့ အနာဂတ်အတွက်
လက်တစ်စုံလောက်ပြန်ငှားခွင့်ရှိရင်
ကျေးဇူးတင်နေမိမှာပါ...မေမေ ။ 

မရေရာတဲ့ပြေးလမ်းတစ်လျှောက်
 အမေ့သားက ရွက်ခြောက်တွေလိုက်ကောက်နေမိ
ခလုတ်ထိလည်း မသိလိုက်မသိဘာသာ
ဝါသနာဟာ အဲဒီလောက် လိုအပ်လို့လား
ညှို့ချက်မိထားတဲ့ နှလုံးသားတွေမှာ အဖြေမရှိ
ကျွန်တော့် လားရာဂတိမှာ
ကဗျာတွေရှိရင်ကျေနပ်နေတတ်ခဲ့
ဒီလိုနဲ့..ကျွန်တော်
အမေ့အတွက်
လူတော် မဖြစ်သေးဘူး..ခုထိ ။ ။

                    ရတုသစ်

Tuesday, February 19, 2013

ညှိနှိုင်းချက် ( ၁ )


အလွမ်းရဲ့ကမ်းတစ်ဖက်မှာ
ဘာရှိမလဲ
စောင့်စားဆဲ သည်မှာဘက်က
လွင့်..အက်..ကြေမွ
ခပ်ရှရှ နင့်ခဲ့ဖူးသူမို့
ရင်တစ်ခြမ်းက ရင့်နေပြီ..။


လွှင့်လိုက်ပါကွယ်..ဝေးဝေးလံလံ
ငါ့..အာရုံခံ စက်ကွင်းထဲနဲ့ ဝေးရာပေါ့
သွေးအေးသွားမယ့် ဒဏ်ချက်တစ်ခုအတွက်
အဆိပ်တက်နေခဲ့ရရင်လဲ..ကျေနပ်တယ် ။

မပြေလည်တဲ့အကြောင်းတရားတစ်ခုအတွက်
ငါ့..မျက်၀န်းတွေကို
မင်း..မျက်၀န်းတွေကို..
မိုး..မစိုအောင်နေကြပါစို့လားကွယ်..။

                          ရတုသစ် 
            http://yatuthit.blogspot.com/       


Monday, February 18, 2013

လွမ်းတေး..သီဆို


ဥသြဟာ နွေကိုသိသလို
ကျွန်တော်လည်း ရင်ပြိုနေပါတယ် မမဝေ..။

အလွမ်းတွေ မသပ်မရပ်နဲ့
တစ်ခန်းရပ်သွားတဲ့ပြဇာတ်တစ်ပုဒ်ဟာ
အကျဉ်းချုပ်မဆန်လွန်းဘူးလား ။

ဟွန်း..မတီးဘဲ ၀င်လာတဲ့ နွေထဲ
သဲထဲရေသွန်ဖြစ်သွားမယ့် အချစ်တွေ
လေပြည်နဲ့အတူ မအေးနိုင်တော့ဘူး ။

မြေလူးမနေပါနဲ့တော့ ရွက်ဝါရေ..
တစ်သက်မှာ တစ်ခါသေရတယ်ဆိုပေမဲ့
အိပ်မက်ပွင့်ဝေတိုင်း လွင့်လွင့်သွားတဲ့ လိပ်ပြာ
ဘယ်ဂါထာနဲ့ ပြန်ထိန်းချုပ်ရမလဲ
နာလွန်းမက နာလာတဲ့အသည်းမှာ
အသက်ပိုမပါတာ သိသင့်ပါတယ်..မမဝေ ။

ဆောင်းနှင်းကြွင်းတွေ ချန်ထားတဲ့ နာရီနဲ့
ဥသြဟာ တေးသီနေပေါ့
ကျွန်တော်လည်း တေးသီမယ်
အလွမ်းမပီပြင်ရင်ကြိုက်သလိုပြောပါ ။ ။


ရတုသစ်

(18-02-2013..1:15 AM)


Sunday, February 17, 2013

နွေဓလေ့ရဲ့ပြယုဂ်


နွေရာသီတရား
သစ်ရွက်မှာထားခဲ့သလား
ဥသြငိုသံကြား ။


ဖြတ်လျှောက်သစ်ရွက်တွေ
ဘ၀..အခြေညွှန်ပြနေ
ဥသြမျက်ရည်ကြွေ ။


ရိုးတံကြွင်းသစ်ပင်
ငှက်နဲ့ခရီးသွား..မခင်
သဘာ၀ပီပြင် ။

နွေဦး တရားပြ
ရင်မှာလှုပ်ရှား ဆွတ်ကျင် ရှ
မြင်ရ သင်္ခါရ ။

  ရတုသစ်

( http://yatuthit.blogspot.com/ )


Saturday, February 16, 2013

ကဗျာမရေးနိုင်သူတစ်ယောက်အကြောင်း

ကဗျာရေးရန်
အတွေးကြံဖြင့်
ရင်အံ၀ှက်ဖွင့်
စိတ်ကူးလွှင့်လည်း
လွမ်းရင့်လွန်ကျူး
စိတ်..မမြူး၍
တလူးလိမ့်လိမ့်
ဟို ဒီ လှိမ့်လျက်
ဖြေသိမ့်စရာ
မတွေ့ပါဘဲ
တေးကာရန်ပျောက်
အာရုံနောက်ကာ
နွမ်းခြောက်လွင့်ကြွေ
ရော်ရွက်တွေအား
ငေးနေမှိုင်မိ..နွမ်းရိရိ ။

လွမ်းမိသည့်တာ
ဝေဒနာကို
ကဗျာအဖြစ်
ပြောင်းလဲပစ်ဖို့
ဖွင့်လှစ်ရင်မှာ
ကာရန်ရှာသော်
ခြေရာလည်းပျောက်
ရေလည်းနောက် သို့
ဝေးရောက်လွင့်ပျံ
သိပ်မဟန်ဘဲ
ကာရန်ချိုမြ
ပျောက်ကုန်ကြသည်
နွမ်းလျဝေရီ..စိတ်မကြည်..။

မအီ မသာ
စိတ်အနာကို
ခြေရာရှာကြည့်
အဖြေညှိလည်း
လွမ်းပိ သည့်စိတ်
တရိပ်ရိပ်မို့
လိပ်လိပ်ရင်မှာ
တက်တက်လာသည့်
ကျဉ်နာ ခံခက်
ဒဏ်ရာနက် ကို
ကျော်တက်နိုင်ရန်
အားမတန်ပဲ
စိတ်မာန်ကိုလျှော့
နွမ်းရိဖျော့လျက်
အသော့မြန်စွာ
စိတ်မောကာဖြင့်
ရင်လွှာကိုပိတ်
ခပ္မဆိတ္သာ
တိုးတိတ်တွင်းကြေ
အသည်းမြေကို
မျက်ရေလောင်းလျက်
နေရခက်သည်
လွင့်ပျက်ကာရန်..တေး မမှန် ။ ။

                   ရတုသစ်
    ( 15-2-2013 ။ 11:30 pm)
(http://yatuthit.blogspot.com/)

Friday, February 15, 2013

နွေဦးညတစ်ည၌အချစ်နှင့်အလွမ်းကိုသရုပ်ခွဲကြည့်ခြင်း

  ဒီနှစ်နွေဦးသည်ခါတိုင်းနှစ်များထက်စောစီးစွာရောက်လာခဲ့သည်ဟုတွေးတောနေမိ၏။
ဆောင်းနှင်းကြွင်းတို့၏လက်ကျန်အလွမ်းကိုလေရူးကရိတ်သိမ်းပစ်လိုက်သည်။ဗာဒံရွက်တို့
ကြွေကျသည်။ကြွေကြရှာသည်။အခြားသောသစ်ရွက်များလည်းမတည်မြဲခြင်းတရား၏မျက်
လှည့်ဆန်မှုကိုကိုယ်တွေ့ကြုံလိုက်ကြဟန်တူ၏။ကျွန်တော်ကသစ်ရွက်လေးများ၏ခံစားချက်
ကိုပုံဖော်ကြည့်နေမိသည်။


                ဖြစ်တည်မှု၏အစကတည်းကတွဲစပ်လာခဲ့သောအနှောင်အဖွဲ့သည်တည်မြဲနေ
လိမ့်မည်ဟုထင်ခဲ့ပေလိမ့်မည်။သို့သော်ထိုအတွေးသည်လေရူး၏ကျီစယ်ကစားမှုအောက်
မှာပင်လွင့်စင်သွားလေပြီ။မြေပြင်သို့သက်ဆင်း၍အနင်းခံကြရပေဦးမည်။လွှင့်ပစ်ခံကြရပေ
ဦးမည်။အချိန်အခါ ၊အခြေအနေနှင့်သင်္ခါရတရားတို့ကစီ
ရင်ချက်ချလာသောအခါရှောင်လွှဲ၍ရနိုင်ပါမည်လား
-------------------------------------------------------------------------

             နွေဦးအကြောင်းစာတစ်ပုဒ်ရေးကြည့်ဖို့ကျွန်တော်ကြိုးစားနေမိသည်။ကျွန်တော်
ကြုံတွေ့နေရသောနွေဦးကိုခံစားမိသည့်အတိိုင်းရေးဖို့လည်းစဉ်းစားထားမိ၏။သို့သော်..
အချို့နေရာများ၌ကျွန်တော်၏စိတ္တဇဆန်မှုများပါ၀င်ကောင်းပါ၀င်ပါလိမ့်မည်။ တကယ်ဆိုကျွန်တော်ကနွေကိုကြောက်တတ်သူ။ သစ်ရွက်လေးများ၏ခွဲခါွရ
ခြင်းကိုငေးကြည့်ရင်းဆွတ်ကျင်လှိုက်မောနေတတ်သူတစ်ယောက်ဖြစ်နေသည်။


                   အိပ်စက်မရသောညများ၀ယ်ကျွန်တော်တစ်ယောက်ထည်းတွေးမိတွေးရာတွေးနေတတ်
သည်။ထိုအခါမျိုး၌နွေဦးကကျွန်တော့်အတွေးကိုသိမ်းပိုက်သည်။သစ်ရွက်ကြွေသံဖြင့်တိုး၀င်
သည်။ဥသြငိုသံဖြင့်ရစ်ဖွဲ့သည်။မြေနံ့သင်းသင်းဖြင့်ချည်နှောင်သည်။အိုက်စပ်သောခံစား
မှုဖြင့်နမ်းရှုတ်သည်.ကျွန်တော်ငုတ်တုတ်မေ့ရသောအချိ်န်များပင်ဖြစ်သည်။

                  ................သစ်ရွက်ကြွေသံကိုလိုက်ရှာရင်းကြယ်တစ်သင်းနှင့်စကားစမြည်ပြောဖြစ်သည်။
ကျွန်တော်ပြောခဲ့သောစကားများကိုသူတို့နားလည်ကောင်းနားလည်ပါလိမ့်မည်။နားမလည်
ဖြစ်ဖို့ကများမည်ထင်ပါသည်။ကျွန်တော်ပြောသောစကားများထဲမှာသင်္ခ ါရတရားများကြား
စတေးခံလိုက်ရသောသိင်္ဂ ါရအလှလေးတွေအကြောင်းပါ၀င်တတ်၏။


ခွဲခွါခြင်းနှင့်ကွဲကွာခြင်းအကြောင်းလည်းပါနေတတ်သည်။မြေပြင်မှာလမ်းလွဲသွားခြင်းက
တစ်ချိန်မှာပြန်ဆုံနိုင်သော်လည်းရင်ဘတ်ထဲမှာလမ်းလွဲသွားသောအခါဆုံနိုင်ရန်အခွင့်
အရေးမရှိနိုင်တော့လောက်အောင်ဖြစ်တတ်ကြောင်းများလည်းပါ၀င်နေသေးသည်။ တကယ်ဆို..ကျွန်တော်ကိုယ်တိုင်ကရောသစ်ရွက်ကြွေလေးများ၏ဘ၀နှင့်ဘယ်ရွေ့ဘယ်
မျှထူးပါသနည်း။ကျွန်တော်တစ်ယောက်တည်းသာသိရှိမည်ထင်ရသောရင်ကြွေအလွမ်းကို
အခြားတစ်ယောက်ကသိနေလိမ့်မည်ဟုမထင်ခဲ့မိရိုးအမှန်ပင်။သူဘာ့ကြောင့်သိနေရသ
နည်း။ဘာအတွက်သိနေပါသနည်း။ကျွန်တော်မေးကြည့်ချင်မိသည်။အလွမ်းချင်းနီးစပ်သူမို့
သိနေလေရော့သလား။စိတ်ချင်းဆက်နွယ်နေသူမို့မြင်နေလေရော့သလား။
ထိုသို့မဟုတ်လျှင်.။
-----------------------------------------------------------------------
           တစ်ခါတစ်ရံ၌တစုံတရာကိုတစ်ဦးတစ်ယောက်နှင့်ဆက်နွယ်၍တမေ့တမော
တမ်းတနေရခြင်းမျိုးကြုံဖူးကြမည်ထင်ပါသည်။ထိုသို့သောတစ်ခါတစ်ရံများ၀ယ်တစ်ရံတစ်ခါ
ဆီမှအလွမ်းများသာပြန်မြင်နေရခြင်း၏အဖြေကိုတစ်စုံတစ်ယောက်သောသူသည်ဖြေ
ဖျောက်ပေးနိုင်လိမ့်မည်ဟုယုံကြည့်ခဲ့မိဖူးသည်။ယုံကြည်မှု၏အတိမ်အနက်နှင့်တည်တံ့ခိုင်
မြဲမှုကိုဆန်းစစ်ဖ်ို့လစ်ဟာနေခဲ့မှန်းဥသြငိုသံကြားမှသတိပြုမိသည်။

               .............ကျွန်တော်တို့ကဥသြကိုဖော်မစုံအလွမ်းငှက်ကလေးအဖြစ်သာသိထားခဲ့ကြသည်
။နွေသရုပ်ကိုဖော်ဖို့ရောက်ရောက်လာတတ်သောသရုပ်ပြငှက်ငယ်အဖြစ်သာရှုမြင်ခဲ့ကြ
သည်။လွမ်းသူကိုဆွေးရိကြေကွဲစေသောတေးသီငှက်ဟုသာထင်မှတ်ခဲ့ကြသည်။

                   နွေဦးညတစ်ည၌ထို့ထက်ပို၍..ဥသြကိုကျွန်တော်သိခွင့်ရလိုက်သည်။
ကျွန်တော်သိလိုက်သောအသိသည်လူတိုင်းနှင့်အံ၀င်ခွင်ကျဖြစ်ချင်မှဖြစ်နိုင်ပေလိမ့်မည်။
ကျွန်တော့်ဥဒ္ဒစ္စနယ်ပယ်အလွန်မှအသိမွန်၊အသိဦးကိုနွေဦးနှင့်အတူရရှိလိုက်သည်မှာအမှန်
ပင်။ဥသြနှင့်အတူနွေဦးကိုကျွန်တော်ရဲရဲရင့်ရင့်တိုး၀င်နိုင်လိမ့်မည်ဟုထင်မှတ်ထားလိုက်မိ
သည်။
---------------------------------------------------------

                 ဥဒ္ဒစ္စနယ်အလွန်မှပြန်ရောက်လာသောစိတ်ကိုချည်တိုင်မှာပြန်ချည်လိုက်သည့်အခါ
တစ်စုံတစ်ရာကထိထိရှရှ၀င်ငြိလာပြန်သည်။ မြေနံ့။ နွေဦးရာသီအစ၌ရတတ်သောမြေသင်း
နံ့။ကွန်ကရစ်တောတန်းနှင့်နိုင်လွန်ကတ္တရာကျောရိုးကြီးများသာထူထပ်လာနေသောအခါ
၀ယ်မြေသင်းနံ့လတ်လတ်ဆတ်ဆတ်ရှုရှိုက််မိခြင်းကိုကုသိုလ်တစ်မျိုးဟုကျွန်တော့်ဘာသာ
မှတ်ယူထားလိုက်မိသည်။ငွေနံ့၊ကြေးန့ံ၊လွှမ်းနေသောအတ္တကမ်ဘာ။အာဏာန့ံ၊မာယာနံ့လွှမ်း
နေသောလောဘကမ်ဘာ။ ယမ်းနံ့ကာဘွန်ဒိုင်အောက်ဆိုဒ်နံ့တွေလွှမ်းနေသောဒုက္ခကမ်ဘာ၏
တစ်ထောင့်တစ်နေရာမှာကျွန်တော်ကမြေသင်းနံ့လေးကိုချစ်မက်ရှုရှိုက်နေရသည်။မြေကမ်ဘာ
မှာပင်မွေးဖွားလာသောလူသားတစ်ယောက်မို့မြေလွှာကိုချစ်သည်။မြေလွှာပျက်စီးမှု၊မြေဆီ
လွှာလျော့ကျမှုများဖြစ်လာမည်ကိုစိုးရိမ်စိတ်ကဲနေမိပြန်သည်။ထို့ထက်..ကိုယ့်အမိမြေ၏
မြေလွှာအမျိုးမျိုးကိုတန်းဖိုးထားမိသည်။မြေသင်းနံ့လေးတွေပျောက်ကွယ်သွားမှာစိုးရိမ်လာ
မိသည့်သောကစိတ်ကိုနွေဦးနှင့်အတူတိတ်တဆိတ်တွေ့ရှိခံစားမိရသည်။
မြေသင်းနံ့လေးတွေကျန်းမာနေစေဖို့ဆုတောင်းနေမိသောကျွန်တော့်ကိုဥသြငှက်ငယ်
လေးရောတွေ့နိုင်ပါမည်လား။
--------------------------------------------------------------
 အလွမ်းဟုနာမည်အလွယ်ပေးထားရသောခံစားမှုတစ်ခုဖြင့်ကျွန်တော်
အိပ်ရေးပျက်ခဲ့ဖူးသည်။ဘာ့ကြောင့်ခံစားရမှန်းကိုယ်တိုင်ပင်မရေရာခဲ့။အချစ်၊အလွမ်းဆို
သောခံစားမှုများကသူလျှိုဆန်လွန်းသည်ဟုထင်မိရသည်။အလစ်အငိုက်၌တိတ်တဆိတ်၀င်
ရောက်တိုက်ခိုက်တတ်သည်။သတိလက်လွတ်ငေးမောနေကြသောကျွန်တော်တို့အချစ်၊
အလွမ်းတို့၏ခြယ်လှယ်မှုမှာလိုက်ပါပျော်၀င်ကြရသည်။


                အချစ်၊အလွမ်းကိုအချစ်၊အလွမ်းအတိုင်းထားနိုင်ဖို့ခက်မည်ထင်သည်။အချစ်မှ အမုန်း၊အလွမ်းမှအရူးဖြစ်သွားတတ်သောသာဓကများစွာရာဇ၀င်နှင့်ချီ၍ရှိခဲ့ဖူးပါသည်။
ကျွန်တော်ကအချစ်ကိုအချစ်အတိုင်းထား၍အလွမ်းကိုအလွမ်းအတိုင်းထားနိုင်ဖို့တစ်ကိုယ်
ရေခွန်အားဖြင့်စိတ်ကိုသီးသန့်တည်ဆောက်နေမိသည်။တည်ဆောက်လက်စသီးသန့်ဖြစ်
တည်မှုတစ်ခုမို့ခိုင်မာကြောင်းအာမခံရန်စောလွန်နေသေးသည်။ကျွန်တော့်အားနည်းချက်
တစ်ခုမှာချစ်စရာရှိလျှင်အစွမ်းကုန်ချစ်လိုက်မိသည်။လွမ်းစရာရှိလာသောအခါလည်းအစွမး်
ကုန်လွမ်းရပြန်ပါသည်။ထိုအစွန်းရောက်ခြင်းသည်ကျွန်တော်၏အားနည်းချက်တစ်ခုဖြစ်
ကြောင်းသစ်ရွက်ကြွေသံ၊ဥသြငိုသံကြားမှသိရှိလိုက်ရသည်။အချစ်နှင့်အလွမ်းကိုနေရာ
တကျထားတတ်ဖို့အရှိန်ယူရပေဦးမည်။အချိန်ယူရပေဦးတော့မည်။                                                          
-------------------------------------------------------------------------------------------
                  နွေဦးညရိပ်ပြာများသည်လရောင်ဖြာလျှင်ရင်သပ်ရှုမောရလောက်အောင်ခမ်းနားတတ်သည်။
ဆောင်းည၊ မိုးညများထက်နွေညများကလရောင်နှင့်ပို၍လိုက်ဖက်မည်ထင်သည်။နွေညများ
သည်လရောင်ကိုအလိုလိုလိုအပ်နေတတ်သည်။လရောင်မဲ့သောနွေညများသည်ရေခမ်းနေ
သောမြစ်တစ်စင်းလိုပင်။မစိုပြေမတောက်ပ။လရောင်ဖြာခဲ့သောအတိတ်နွေဦးညများဆီမှ
အဘွားပြောပြခဲ့ဖူးသောရှေးဟောင်းနှောင်းဖြစ်များကစိတ်သန္တာန်မှာအစီအရီပြန်ပေါ်လာသည်။
လရောင်မဖြာသေးသောနွေဦးညတစ်ညမို့လရောင်ကိုချုံးချုံးကျလောက်အောင်လွမ်းနေမိသည်
။သစ်ရွက်ကြွေသံ၊ဥသြငိုသံ၊မြေန့ံသင်းသင်းတို့ဖြင့်နွေဦးကိုခက်ဆစ်ဖွင့်၍မလုံလောက်ပေ။လရောင်
ရွှန်းလဲ့လဲ့ကိုချန်ထားခဲ့လို့မရ။အို်က်စပ်ပူလောင်သောနွေညများ၀ယ်လရောင်အေးအေးမှာ
မမှေးစက်ချင်သူများရှိကောရှိနိုင်ပါ့မည်လား။


                  ငယ်စဉ်အချိန်များမှာတော့အဘွားတို့ငယ်စဉ်ကစံနစ်ဆိုးတွေအကြောင်းနှင့်
လွတ်လပ်ရေးရပြီးနောက်ပိုင်းအခြေအနေများကိုကြားနာခွင့်ရခဲ့သည်။စည်ဗြောသံသာသာနှင့်
ဆီကိုရေချိုး၊ဆေးရိုးမီးလှုံခဲ့ရသည်ဟုဆိုသောခေတ်တစ်ခုကိုလည်းပုံပြင်ပမာနားထောင်ခဲ့ရ
သည်။အဘွားကသူသိသလောက်ပဲပြောပြခဲ့မှန်းယနေ့အချိန်တွင်ကျွန်တော်ခံစားသိရှိနေပြီ။
အဘွားမသိနိုင်တော့သောစံနစ်ဆိုးတွေအများကြီးကျန်သေးမှန်းအဘွားကိုပြန်ပြောပြခွင့်ရလျှင်
တောင်ကျွန်တော်ပြန်ပြောမပြလိုတော့။ဆီကိုရေချိုးဟုတင်စားရလောက်အောင်စားသုံးဆီ
ပေါများခဲ့သည့်ခေတ်တစ်ခေတ်အကြောင်းယနေ့တစ်ချို့ဒေသများဆီမှကလေးငယ်များထံသွား
ရောက်ပြောပြလျှင်သူတို့လေးတွေယုံနိုင်ကြလိမ့်မည်မထင်ပါ။စည်ဗြောတွေတီး၍အလှူပေးကြ
သည့်ဓလေ့အကြောငး်ကိုသွားပြော၍နားလည်ကြလိမ့်မည်မဟုတ်ပါ။သူတို့လေးတွေ၏သောတ
အာရုံအတွင်းမှာပေါက်ကွဲသံတွေသာခိုအောင်းနေရှုှာပေလိမ့်မည်။လသာသောညများမှာလည်း ညအခါ၊လသာသာ၊ကစားမလား၊နားမလား၊ဟစ်အော်ခွင့်ရရှာမည်မဟုတ်။လရောင်စစ်စစ်ကို
မခံစားကြရရှာပဲနွေကန္တာလိုညဆိုးကြီးတွေဘယ်လောက်ဖြတ်သန်းခဲ့ရရှာမည်မသိနိုင်။ကျွန်တော်
အတွေးရပ်ပစ်လိုက်ရသည်။ကျွန်တော်ကပုဂ္ဂလိကအလွမ်းဖြင့်ညတစ်ခုမှာဆွေးမြည့်မြည်တမ်းနေ
သည်။မကျယ်ပြန့်သောအချစ်တစ်ခုဖြင့်နွံပြာအိုင်မှာနစ်နေသည်။


              စံနစ်ဆိုးတစ်ခုအောက်မှာကျရောက်နေဆဲဖြစ်သောဘ၀များကိုကရုဏာသက်ရုံမဟုတ်ပဲ
တစ်ဖက်တစ်လမ်းမှကူညီခွင့်ရဖို့ကြိုးစားခွင့်ရဖို့ကြိုးစားရမည်ဟုဆုံးဖြတ်ချက်ကိုချလိုက်သောအခါ
နှလုံးသွေးကပြန်ဆူလာသည်။ကျွန်တော်သိလိုက်သည်။ယခုတစ်ခါပြန်ဆူလာသောနှလုံးသွေး
သည်ကျယ်ပြန့်သောအချစ်တစ်ခု၏မွေးဖွားခြင်းအစဖြစ်ပါလိမ့်မည်။ပြီးတော့ဗိုလ်ချုပ်အောင်ဆန်း
ကိုရင်အသည်းထဲကလွမ်းတတ်လာအောင်ဗိုလ်ချုပ်၏လုပ်ဆောင်ချက်များကိုနှလုံးသားဖြင့်ပြန်
လည်ခံစားမည်။ထို့ပြင်မာသာထရီဇာ၊မဟတ္တမဂန္ဒီနှင့်နှလုံးလှသံတမန်စူငိဟာရတို့၏လုပ်ရပ်
ကောင်းများကိုလည်းရင်ဘတ်နှင့်လွမ်းတတ်ချင်ပါသေးသည်။အချစ်နှင့်အလွမး်ကိုနေရာတကျ
ထားနိုင်ဖို့ကျွန်တော်ကြိုးစားကြည့်နေမိခြင်းဖြစ်ပါသည်။
-------------------------------------------------------------------------------------

                      ကမ်ဘာမြေအတွက်မရှိမဖြစ်လိုအပ်သောကောင်းကျိုးပြုသူများကိုကျွန်တော်
ချစ်တတ်လာသည်။မရှိတော့ပြီဖြစ်သောကောင်းကျိုးပြုသူများကိုလွမ်းမောတသတတ်လာသည်။
သူတို့၏လုပ်ရပ်ကောင်းများကိုအနာဂတ်မျိုးဆက်သစ်တစ်ခုဆီပြန်လည်မျှေ၀ပေးချင်နေမိသည်။
                    ကမ်ဘာမြေအတွက်ကောင်းကျိုးပြုချင်သူပေါများလာလျှင်အနာဂတ်ကမ်ဘာသည်သာယာလှပလာ
မည်မှာမလွဲ။ နွေညရိပ်ပြာပြာ၌ငွေလသာသာ၏ချမ်းမြမှုကိုခံစားမိသူများလာမည်မှာလည်း အမှန်ပင်။
                   နွေညတစ်ည၏အိပ်မပျော်သောသံသရာ၀ယ်ကျွန်တော်ကအချစ်နှင့်အလွမ်းကိုခွဲခြားတွေးနေမိ
သည်။နေရာဒေသပေါင်းစုံမှနွေကန္တာညများဆီလရောင်လဲ့လဲ့ကိုမျှားပေးချင်နေမိသည်။ကျွန်တော်တစ်ဦးတည်းမျှားနေလို့မရ။ခေါ်ငင်နေလို့မဖြစ်။အချစ်၊အလွမ်းကိုနေရာတကျထားလျှက်ကျယ်ပြန့်သောအချစ်၊အဓိပ္ပါယ်ရှိိသောအလွမ်းများဖြင့်လူသားအားလုံး လရောင်ကို၀ိုင်း၀န်း၍မျှားကြမည်ဆိုပါလျှင်။


                                           ရတုသစ်

Wednesday, February 13, 2013

ငှက်ငယ်တေးနှင့်ဆွေးသည့်နွေ


လှုပ်လီလှုပ်လဲ့
ကိုင်းနွဲ့နွဲ့၀ယ်
၀င်ခဲ့ နားခို
သံစဉ်အိုဖြင့်
လှိုက်ဖို ညည်းတွား
လွမ်းစိတ်များအောင်
ပင်ဖျား ထက်ဆင့်
ဝေဟင်မြင့်မှ
လွမ်းရင့်လွန်မော
ငှက်ဥသြသည်
ရင်သောက ဆူ
လွမ်းကြွေးပူသို့
ငူငူငေးငိုင်
တွေးမှိုင်မှိုင်ဖြင့်
ခွေယိုင် လွမ်းချင်း
သူဆက်သွင်းသော်
လက်ငင်း နုံးချိ
နွမ်းရိပ်ထိလျက်
လွမ်းပိ ရင်၀ယ်
ဆွေးအားကြွယ်သည်
ငှက်ငယ် တေးသီ..နွေပလီ..။

....................ရတုသစ်
(၁၃၇၄-ခု ၊ တပို့တွဲလဆန်း-၁-ရက် -နံနက် ၁နာရီ-၅၀ မိနစ်)


မငြိမ်မသက် သက်ငြိမ်ခြင်းဟာ တိတ်တဆိတ်မြည်သံစွဲအလင်္ကာမှာ အူနေကျအတိုင်း

နေရင်းထိုင်ရင်း ဘ၀ကိုက PSY ရဲ့ Gangnam style လို
ခုန်ဆွဆွ ဖြစ်နေတဲ့ အသားမကျမှုမှာ စိတ်ဓာတ်အချဉ်အသိုးတွေ
ဗုန်းဗုန်းကျသွား မှ ပြန်ထူမတ်ဖို့ လွတ်လပ်လွယ်ကူလွန်းတယ်
မထင်နဲ့ ခေတ်ရယ် စံနစ်ရယ် မှာ ချိုင်းထောက်ကိုယ်စီ
တပ်ထားလိုက် စံချိန်မှီ သီးပွင့်ဝေဆာခြင်း တံဆိပ်များ
ကပ်ခွါလို ကတ်ခွါလို ပူးတုံ ခွါတုံ အယုံယုံ အမှားမှား
လုပ်ဇာတ် ထိုးဇာတ် ပျိုးဇာတ် ကိုးဇာတ်မှာ အမှန်လိုအပ်နေတာ
ရိုးဇာတ် မရှိသလောက်ရှားလာမှ ကသမျှဇာတ်တိုင်း အရိုးပြိုင်းပြိုင်း
မျက်တွင်းဟောက်ပက် အကြည့်မွဲမွဲတွေမှာ မျှော်လင့်ချက် အိပ်မက်များ
ကျိုးပဲ့ပြတ်ကြွေ တစ္ဆေအော်သံ ဖုံးလွှမ်းထားတဲ့ ဒုန်း ဒုန်း ဒက် ဒက် တီးဝိုင်း
တောင်ကုန်း ထိပ်မှာ လိပ်ပြာလွတ် အစိတ်အပိုင်း ဖွာ ရရာ
ရှုခင်း အစိမ်းဟာ ရှုကွင်း ရှုကွက် တစ်ဖက်လှည့်အနီ
ရင့်ရင့် လာနေတဲ့ ရုန်းကြွ ပဋိညာဉ်ဟာ မာလာလာ လောက် အားမရှိဘူး
ထင်စရာ ပွင့်လင်းမြင်သာမှုက မိုက်ခရိုစကုပ်နဲ့ကြည့်မှရမှာလား
မေးရမယ့် မေးခွန်း ပဟေဠိမဟုတ်တာတောင် အဖြေညှိလို့မရ
မက ဇာတ်လမ်းမှာ ကကြိုးဟာ ကကျိုး ခွေယိုင်လဲ အခြေအနေအောက်ထပ်
ခေါင်းငုံ့ ခေါင်းငြိတ် ခေါင်းခါ ခေါင်းလွှဲ ခေါင်းရှောင် ခေါင်းမအောင်
မ၀ရေစာ ဦးနှောက်အရင်းအမြစ်ထဲ ကျွံပြီးရင်းကျွံ နစ်သထက်နစ်
တဖျစ်ဖျစ် မြည်သံစွဲအလင်္ကာ ညည်းချင်းဟာ မံမီဆေးစိမ်ရုပ်အလောင်းလို
မပုပ်မသိုး ထုပ်ပိုးပုံစံ အဟောင်းထဲ ဟိုနင်းရမလို ဒီနင်းရမလို နှစ်ခွ
လှေနံ  ဓားထစ်ရာများလာတဲ့ နံရံအပေါက်ထဲ စိမ့်ယို စီးဝင် ရေ
တသွင်သွင် စီးဆင်းမှုမှာ မွန်းကြပ်ခြင်းဟာ သမိုင်းဦးဘုံမြေစံနစ်ကအတိုင်း
လှိုင်း.. ဒီအဖိ သောင်အငြိမှာ ယောင်တိယောင်ချာ ချိုး(ဂျိုး)တစ်ကောင်
ချိုးကူသံ ပျောက်ရှ ရတဲ့အထဲ ညည်းချင်း တစ်ပုဒ်မကဟာ အလိုလို
နားထဲ ပျားအုံစွဲသလို ပျားရည်မရခင် ပျားအူသံ တ၀ီဝီကြားနေရ   ။

                                                 ရတုသစ်
                                             (10-2-2013  )

Sunday, February 10, 2013

သန်းခေါင်ယံအလွန်မှာ ငါရယ်..ဥသြရယ်..နွေဦးရယ်..


တစ်ဆို့ကျပ်ခဲနေတဲ့
ဘယ်ဖက်ရင်အုံ အညွှန်းပြ တည်နေရာ
ဝေဒနာ အစုအဝေး ကခုန်ချိန်
တစ်ကိုယ်ရေ အမှောင် ကန့်လန့်ကာ တစ်ချပ်ဖွင့်
ညရင့်ရင့်ဆီ ရင်လွဲခြင်း ပိုးစိုးပက်စက်
အက်အက်ကျလာတဲ့ အလွမ်းဖိအားမှာ
ရှင်သန်ခြင်းကို လိုလိုလားလား ငြင်းဆန်နေမိ
လူးလွန့်လှိုက်မော သက်ပြင်းစိပ်စိပ်
နာရီအော်သံမှာ တွေ့လိုက်တယ်
ညရယ် သစ်ရွက်ကြွေသံရယ် ဥသြငိုသံရယ်
ငါ မအိပ် ည မအိပ်
လူခြေတိတ်ဆိတ် သန်းခေါင်အလွန်မို့
ကိုယ့်ရင်ဘတ်ကိုယ် ပြန်ထွန်ယက်ပြီး
အတိတ်အသိုးတွေ စိုက်ပျိုးလိုက်ရမလား
ဒီဖြစ်ထွန်းမှုမှာ အလွမ်းချည်း ပွင့်ဝေ ပြွတ်ခဲခဲ့ရတယ်

ရှပ်တိုက်သံလား ချွတ်နင်းသံလား
ညထဲ နွေဦးရောက်လာခဲ့
တိုးတိုးတိတ်တိတ်အမှောင်ပိန်းပိန်းမှာ
ဥသြတစ်ကောင်ရဲ့ရင်နွမ်းရှိုက်သံ
ချွေတာမှုမရှိ ကြားလိုက်ရတယ်
ငါ့နားထဲ တွန်းကန်အားပြင်းပြင်း ပေါက်ကွဲတုန်ခါမှု
ရစ်ချက်တာစကေး ၁၅၀၀. ၁၅၀၀ မီးငလျင်
မလိုချင်လည်းရ လိုချင်လည်းမရ
ကမောက်ကမ စက်၀ိုင်းအလှည့်
တည့်တည့်တိုး လောင်မြိုက်ခြင်း
အဆုံးသတ်က သွေးတစ်စက်စက်အနာ
ပူပါတယ်ဆိုမှ
ဥသြငိုသံကို ရင်ဘတ်ထဲက ဆတ်ဆတ်ကြား
ဖြစ်တယ် ပျက်ကွက်တယ်
ဒီအလွမ်းမှာ ဇာတ်လမ်းက တစ်ခြမ်းပဲ့
ည..ပရိယာယ်ကြွယ်၀ခြင်းထဲ
ငါ ခပ်ရဲရဲလွမ်းမိ ဥသြတစ်ကောင်လို ။ ။


ရတုသစ်
9-2-2013
4:00 AM 

Wednesday, February 6, 2013

မန္တလေးလား..ခရီးထွက်သွားတယ်


ပဒေသရာဇ်ခေတ်ကို လွမ်းလို့တော့ မဟုတ်ဘူး
အတွေးလူးလွန့်တိုင်း
ရွှေကျိုင်းတလူလူနဲ့သဲဖြူ ၊ရာဇမတ်တွေကို တ,သမိ
မန္တလေးကို ခုထိ တမ်းမက်နေတုန်း ။

မသိမသာ၀င်လုံးတဲ့လက််သီးပုန်းတွေအောက်
မန္တလေးဟာ ဒူးထောက်ခဲ့လေပြီလား
သွေးရဲသလား ပြသဖို့ထက်
အူမတောင့်ဖို့အရေးပေါ်အခြေအနေဖြစ်သွားခဲ့
သွေးအားလျော့နေတဲ့ မျိုးချစ်စိတ်ကို
ဘယ်လို ပြန်ကုစားကြမလဲ ။

နှလုံးသားတွေကို
အနာဂတ်ပြတင်းပေါက်တွေထိလှမ်းမြင်ခိုင်းထားပါ ။

မြန်မာလို ရိုးရိုးလေး မေးချင်တယ်
မြန်မာလို သွေးရဲရဲနဲ့ဖြေပေးနိုင်မလား
မန္တလေး ဘယ်ရောက်သွားလဲ..မေးလိုက်ပြီ ။


ဈေးချိုနားမှာလား..ဟင့်အင်း
မန္တလေးတောင်မှာလား ..မဟုတ်သေးဘူး
ကျုံးဘေးပတ်လည်လား..မတွေ့မိပါဘူး
ကန်တော်ကြီးမှာရော..မရှိတော့ဘူး
မြို့တွင်းမှာရောတွေ့သေးလား..တစ်ခါတစ်ရံပါပဲ
ဒါဆို မန္တလေးပျောက်ကြော်ငြာထည့်သင့်ပြီ ။
သူခိုးဆိုတိုင်းမျက်နှာဖုံးပါမယ်ချည်းမထင်နဲ့
အသွင်အပြင်ကိုပဲကြည့်မိလို့
နှစ်ခါမက နာခဲ့ပေါင်းများလှပေါ့ ။

ဖော့ဖော့တွေးရင် ရေးရေးပဲမြင်တာ သဘာ၀
ကျုပ်ကတော့
မန္တလေးကို မန္တလေးလိုပဲ ပြန်တွေ့ချင်တယ် ။

ခင်ဗျားတို့မြင်လိုက်လား
မန္တလေးကို တွေ့ရင်အကြောင်းကြားပေးပါ ။

အောင်ပင်လယ်မှာ လိုလို
ရန်ကင်းတောင်ဖက်မှာ လိုလို
မြရည်နန္ဒာမှာ လိုလို
မြို့ဟောင်း ဘူတာနားမွာ လိုလို
မန္တလေးကို တွေ့ရင် ပြောပေးပါ ။

နေညိုချိန်တိုင်း စက်ဘီးကိုယ်စီနင်းလို့
ထမင်းချိုင့် ပိန့်ပိန့်လေးတွေသယ်ဆောင်ရင်း
ရွှေခြေကျင်းမဲ့ခြေထောက်လေးတွေ
အိမ်ပြန်သွားကြမှာလား
အိမ်ပျံသွားကြတာလား ။

အဖြေစကားသဲ့သဲ့ကြားလိုက်မိ
မချိတင်ကဲ ဖြစ်ကျန်ခဲ့ရတာရင်နာလို့မဆုံးဘူး ။

နောက်ဆုံးရသတင်းလွှာကို
ကဗျာခေါင်းစဉ်မှာ တင်ထားလိုက်ရတယ် ။ ။

   . . . . ..ရတုသစ်
  .(4-2-2013 ..10:10Pm)

Monday, February 4, 2013

ထောက်လှမ်းရေး


မင်း မမှားခဲ့ပါဘူး
ငါ မမှန်ခဲ့တာ
စေတန်ရဲ့မာယာမှာ လမ်းလွဲရင်း
မသိခြင်းကို သိချင်မိကြပေါ့ ။

အခုတော့..
အလွမ်းဟာ အလွမ်းအတိုင်း
တံတိုင်းတစ်ဖက်ဆီမှာ ။

စည်းတစ်ဖက်ခြားသွားမှ
ငိုပြမနေ​တော့ဘူး။

လူးလွန့်မိတဲ့ စိတ်ကို ခေါက်သိမ်းလို့
ယိမ်းကချင်တဲ့ ရင်ဘတ်အတွက်
ပန်းသီးနဲ့သစ်တော်သီးခွဲဖို့ခက်တဲ့ခေတ်ထဲ
ငါ့ အသည်းမှာ...
ရေဒါ တပ်ထားပါရစေ ။ ။

              . . .ရတုသစ်

ဥယျာဉ်မှူးအချစ်


အလှကြည့်ကာ
မြတ်နိုးပါမှ
ပန်းမှာမွှေးဆင့်..လေညာလွင့် ။

ပန်းလေးဘ၀
မညှိုးရအောင်
ကူမစောင့်ပေး
မြေစာကျေွးလျှက်
ရန်ဘေးကင်းအောင်
သူကြံဆောင်လည်း
သိအောင်မပြော..သူ့သဘော ။

ပန်းလေးလန်းစွင့်
ရနံ့လွှင့်၍
ပြုံး၀င့်နေလျှင်
သူပျော်ရွှင်သည်
ခူးချင်သောစိတ်..သူပြန်ပိတ် ။

ဥယျာဉ်မှူးသူ
စိတ်တွင်းဖြူကို
ငြူစူမှာလား
စိုးထိတ်အားကြောင့်
လှအားရွှန်းလက်
ပန်းပွင့်ခက်ကို
လှမ်းလက်ရုပ်သိမ်း
စိတ်ကိုထိန်းမည်
ချစ်ကိန်းသည့်စိတ်..တိုးတိုးတိတ်် ။

။။။။။။။။။။။။။။။။။။။။။

ရတုသစ်


Saturday, February 2, 2013

လျှို့၀ှက်သတင်း

ရုပ်ကျနေရတဲ့အထဲ
မဲ့နေရလို့ အဆင်ပြေပါ့မလား
ဆင်ခြင်မှုများနဲ့ ဖွဖွလေးပြုံးလိုက်မိရဲ့။

အချိုသပ်ခံလိုက်ရခြင်းမှာ
သည်းခြေက ခါးသက်လာပေါ့
နာ့ဗ်ကြောလျော့သွားမယ့်အပြုံးတုတွေအတွက်
ထုချေလွှာ မရှိသေးဘူး ။

 ပျားရည်လူးထားတဲ့ စကားတွေအောက်မှာ
ကိုယ်ပျောက် စိတ်ပျောက်နေ့တွေ
အစာမကြေတဲ့ ရင်ဘတ်တွေအောက်
ပျောက်သွားတဲ့ ဝါကျများမှာ 
အမှန်တွေပါသွားတယ်။

 ။ ။ ရတုသစ်

တံဆိပ်ကပ်ခံလိုက်ရတဲ့ အလွမ်း

မဂ္ဂဇင်းတစ်စောင်၏ပေးစာ/ပြန်စာကဏ္႑လေးတစ်ခုမှအစပြုခဲ့သောခင်မင်မှုအတိုင်း
အတာကနှစ်ဦးသား၏ရင်ဘတ်တွေကိုပူနွေးအောင်နွှေးပေးခဲ့သလိုပင်။ ချိုလဲ့ေ၀ဟူသော
နာမည်လေးဖြင့်မိတ်ဆက်စာရေးလာသောမိန်းကလေးတစ်ယောက်နှင့်နှလုံးသားချင်းတိတ်
တဆိတ််ဆွဲငင်ချိတ်ဆက်မိလိမ့်မည်ဟုကျွန်တော်ထင်မထားခဲ့မိ။
သမားရိုးကျခင်မင်ရုံအဆင့်ထက်မပိုနိုင်ဟုသာထင်ခဲ့မိသည်။ ကျွန်တော့်ရင်ဘတ်ကပဲမလုံ
၍လားမသိ။ ချိုလဲ့ေ၀ဟူသောမမေ၀သည်ကျွန်တော့်စိတ်အာရုံထဲမှာကျကျနနနေရာယူလာ
သည်။ အချစ်ဟူသည်ကိုမခံစားဖူူးသေးသောကဗျာရူးတစ်ယောက်၏ဈာန်လျှောခန်းက မခမ်း
နားခဲ့ပါ။သို့သော်..အပြန်အလှန်ပေးပို့ဖြစ်သောစာလွှာများထဲမှာတစ်ယောက်ဘ၀ကိုတစ်ယောက်
ကလှမ်းမြင်လာရသည်။ဒုက္ခ ၊သုခတွေကိုမျှေ၀ခံစားတတ်လာသည်။ကျွန်တော်၏ဝါသ
နာဖြစ်သည့်ကဗျာရေးသားခြင်းကိုလည်း မမေ၀က နားလည်ပေးခဲ့သည်။အားပေးနေခဲ့သည်။
အေ၀းမှပို့ချနေခဲ့သောမမေ၀၏ သင်တန်းမှာကျွန်တော်သင်ခန်းစာအချို့နှင့်အတူလိမ္မာလာခဲ့သ
လိုပင်။ စီးကရက်၊ ့်ကော်ဖီမစ်အတွဲလေးနှင့်ကဗျာအတိုအထွာလေးတွေရေးတတ်သောကျွန်တော်
စီးကရက်ဖြတ်ဖို့ထိဖြစ်လာသည်။ကော်ဖီမစ်ရှောင်ဖို့အထိဖြစ်လာခဲ့သည်။စီးကရက်လေးခဲရင်း
ကဗျာရေးမှပိုအဆင်ပြေသလိုထင်နေသောကျွန်တော်စီးကရက်မသောက်ပဲကဗျာရေးတတ်လာ
သည်။ရေးလိုက််မိသောကဗျာလေးတွေကလည်းကဗျာဆန်လာသည်ဟုထင်သည်။
                               အချစ်ဆိုသည့်တရားကအရာရာကိုဖန်တီးပေးတတ်သည်ဟုအဆိုအမိန့်ရှိခဲ့
လျှင်ကျွန်တော်လက်ခံမိမည်သာ။အချစ်ကြောင့်နူးည့ံသွားခဲ့သောနှလုံးသားတွေလည်းအများကြီးရှိခဲ့
လိမ့်မည်ဟုကျွန်တော်တွေးနေမိသည်။ဖွင့်မပြောပဲသိနေခဲ့သောနှလုံးသားအလိုကိုကျွန်တော်ဘယ်
လိုဖြည့်ရမည်မသိသေး။အတွေးနှင့်ညဥ့်နက်လာခဲ့သောအခါကဗျာလေးတွေပိုရေးဖြစ်လာသည်။
အတွေးနှင့်ပုံဖော်တည်ဆောက်ကြည့်နေမိသောအနာဂတ််ပန်းခင်းလေးကပန်းရောင်စုံပွင့်နေသည်။
ရနံ့စုံပျံထုံနေသည်။ရင်ခုန်လှိုက်မောမှုဖြင့်ရေးဖြစ်သောကဗျာလေးတွေမှာအချစ်ဒဿနလေး
တွေအလိုလိုပါ၀င်သွားမှန်းကျွန်တော်ကိုယ်တိုင်သတိမထားမိလိုက်။

              အရမ်းပို..အရမ်းချွဲလွန်းတယ်.. ဟူသောမမေ၀၏မှတ်ချက်လေးတစ်ခုကကျွန်တော့်ရင်ကို
ကလိနေခဲ့သည်။ဘယ်သူမှမသိလောက်ဟုထင်ကာတစ်ယောက်ထည်းပြုံးနေမိသောကျွန်တော့်ကိုသူ
ငယ်ချငး်တွေငြိုငြင်ကုန်ကြပြီထင်သည်။မတတ်နို်င် ။ အသည်းလွှာမှာအချစ်တင်၍ရေးခြစ်လိုက်သော
အခါကဗျာကနုလာသည် ။ပြာလဲ့လဲ့အရောင်တွေဖြာထွက်လာသည်။ချစ်စိတ်တစ်ခုထည်းဖြင့်ကမ်ဘာ
တည်၍မဖြစ်နိုင်မှန်းမေ့လျော့နေခဲ့မိသည်အထိလေ။ ကံကြမ္မာကိုယုံစားလွန်းခဲ့သောကျွန်တော့်
အပြစ်တွေကိုကျွန်တော်တစ်ယောက်ထည်းလည်စင်းခံပေးဆပ်ရဲပါတ.ယ်..မမေ၀..။

**************

              မမေ၀နှင့်ခင်မင်မှုအတိုင်းအတာကကြာလေကြာလေခိုင်မြဲလေဖြစ်လာသည်။စာတွေထဲမှာ
သာရင်းနှီးနေသည်မို့အပြင်မှာလည်းဆုံတွေ့ချင်သည်။ဖုန်းနံပါတ်တောင်းသောအခါမမေ၀ မေပးခဲ့ပါ။
ကျွန်တော့်စိတ်ထဲဘယ်လိုမှမအောက်မေ့မိ။ကျွန်တော်ကိုယ်တိုင်ကဖုန်းမရှိသေး။ လိုအပ်လျှင်လမ်း
ဘေးဖုန်းဆိုင်လေးဆီပြေးနေရဆဲအခြေအနေ။စာထဲမှာပဲတွေ့ခွင့်တောင်းလိုက်သည်။ပြင်ဦးလွင်ကိုအ
လည်သွားလျှင်၀င်တွေ့ဖြစ်မည်ဟူသောပြန်စာလေးရသည့်အချိန်ကစပြီးကျွန်တော့်ပျော်နေမိသည်။
မမေ၀ဖြူသည်၊မည်းသည် ၊ကျွန်တော်မသိ။စာတွေထဲမှာသုံးနှုန်းထားသောစကားလေးတွေ၊အားပေးမှု
လေးတွေကကျွန်တော့်ကိုရိတ်သိမ်းထားပြီးဖြစ်နေသည်။

                              မမေ၀စိတ်ဓာတ်လေးကိုစာတွေထဲမှာတွေ့ရသည်ဟုပြောဖူးသည့်အခါမမေ၀
 ဖြေရှင်းချက်မပေးခဲ့။ကျွန်တော့်အတွက်မမေ၀နှင့်တွေ့ရဖို့သည်သာလိုရင်းအချက်ဖြစ်သည်။
လူချင်းတွေ့သည့်အခါမေးလိုရာမေးလို့ရနု်ိင်သည်ဟုတွေးထားလိုက်မိသည်။တွေ့ရမည့်အချိန်လေး
ကိုမျှော်မောရင်းစိတ်ကအလိုလိုတက်ကြွနေခဲ့သည်။ကျွန်တော်စိတ်ကူးထားခဲ့မိသောအိပ်
မက်ကမ်ဘာလေးကမကြာမီပြီးပြည့်စုံတော့မည်ဟုထင်ခဲ့မိသည်။အတွေးနှင့်ပျော်နေမိသောအခါကြည့်လေ
ရာရာလှပရွှန်းေ၀နေသည်ဟုဆိုရမလိုပင်။မလွမ်းတတ်သေးသောကျွန်တော့်အတွက်အလွမ်းသင်ခန်း
စာကြီးကိုမေ့မေ့မောမောသင်ယူနေရစ်ခဲ့ရလိမ့်မည်ဟု မထင်မိခဲ့ရိုးအမှန်ပါ..မမေ၀..။

*********************
               နှင်းသုန်သုန်ေ၀့နေသောမနက်ခင်းတစ်ခုမှာတွေ့ကြဖို့အစီအစဉ်ရှိသော်
လည်းထိုအစီအစဉ်ထဲမှာအလွမ်းဆိုတာမပါခဲ့။ရင်ဖွင့်ခွင့်မရလောက်အောင်ဆွံ့အကျန်နေခဲ့ရ
လိမ့်မည်ဟုလည်းမထင်ခဲ့မိ။ဇာတ်နာအောင်လုပ်ယူသွားသောဇာတ်လမ်းတစ်ခုတောင်
ကျွန်တော့်လောက်ကမ်ဘာပျက်ကျန်ခဲ့မည်မဟုတ်ဟုထင်မိသည်။ရက်စက်လွန်းခဲ့သည်ဟုလည်းမမေ၀
ကိုကျွန်တော်မစွပ်စွဲရက်ခဲ့ပါ။မမေ၀မှာလည်းအပူအပင်ရှိနိုင်သည်ပဲလေ။မျှော်လင့်ချက်တစ်ခုအတွက်
မမေ၀ကိုဆွဲငင်ထားသလိုမျိုးကျွန်တော်အဖြစ်မခံ။လွတ်လပ်စွာပျော်ရွှင်နိုင်စေဖို့ဆုတောင်းပေးနေ
ရုံမှတစ်ပါးကျွန်တော်ဘာမှမတတ်နို်င်တော့။တစ်ဖက်သတ်မျှော်လင့်ရခြင်း၏ေ၀ဒနာကိုကျွန်တော်
ကိုယ်တွေ့သိလိုက်ရပြီ။

                 လောကကြီးအကြောင်းရေးတာလေး.ဘာလေးနဲ့..အလကားအချိန်ဖြုန်းစိတ်ကူးယဉ်
နေတဲ့သူတွေနဲ့ငါ့့သမီးနဲ့ပတ်သက်စရာမလိုဘူး..နောက်လည်းတွေ့ဖို့မကြိုးစားနဲ့..ငါ့သမီးကိုငါနိုင်
အောင်ထိန်းမယ်..ကဲသမီး သူ့ကိုပေးမယ့်စာ..ပေးထားခဲ့လိုက်
            ဘာတွေလဲ..ဘာတွေဖြစ်ကုန်ပြီလဲ..မမေ၀..စာတွေထဲမှာပြောခဲ့တာတွေကအပျင်းပြေသက်
သက်တွေပဲလားဗျာမျှော်လင့်ချက်သေဆုံးသွားအောင်ရက်စက်တာလား..ပြောပါ..မမေ၀..မမေ၀ကိုယ်
တိုင်ပြောသွားတဲ့ စကားလုံးလေးတွေနဲ့ကျွန်တော်နေတတ်အောင်နေခဲ့ပါမယ်..တစ်ခုခုတော့ပြော
ထားခဲ့ပါ..
             မမေ၀့အဖေ၏ဒေါသမျက်၀န်းများ ကကျွန်တော့်ကိုမထိတ်လန့်စေခဲ့။ကျွန်တော်စိုးရိမ်နေ
သည်ကမမေ၀ပေးထားခဲ့မည့်စာထဲက လက်သင့်မခံနိုင်သောအမှန်တရားများ။

             ကဲ..သွားမယ်..သမီး..ဒီလိုကလေကချေကောင်နဲ့အဖက်လုပ်ပြီးစကားပြောနေစရာမလိုဘူး

              မျက်ရည်လည်နေသောမျက်၀န်းများဖြင့်ကျွန်တော့်ကိုကြည့်လိုက်သောမမေ၀အကြည့်ကို
ကျွန်တော်ရှောင်ဖယ်လိုက်သည်။ကျွန်တော့်ထပ်အညှို့မခံချင်တော့ပါ။ ဘ၀ပြေးလမ်းကမတူသောအခါ
ရင်နာစရာတွေကအစုလိုက်အပြုံလိုက်ရောက်လာတတ်သည်။ခါးသီးသော၊ပူပြင်းသောအလွမ်း၏အရသာ
ကိုမလိုချင်ပဲကျွန်တော်အပိုင်ရလိုက်သည်။ဆွဲငင်သူနဲ့လိုက်ပါသူတရားခံဘယ်သူဆိုတာမသိနိုင်
သေးသောအချစ်ခုံရုံးမှာကျွန်တော်တစ်ယောက်ထဲအတုန်းအရုန်းပြိုလဲကျန်ခဲ့သည်။အသံတိတ်ရှိုက်သံသဲ့
သဲ့ဖြင့်ပေးသွားခဲ့သောမမေ၀၏စာအိပ်လေးကိုကျွန်တော်ယူထားလိုက်သည်။နှစ်ဖက်မတီးလိုက်ရပဲကိုယ့်ရင်
ဘတ်ကိုပြန်ရိုက်၍ကျွန်တော့်လက်ခုပ်သံမြည်သွားခဲ့သည်ဆိုပါလျှင်..။
*************


                    ဘယ်နှခေါက်မြောက်မှန်းမသိအောင်ဖတ်နေမိသောစာရွက်လေးကနွမ်းလျညှိုးလျော်
နေပြီဖြစ်၏ ။မျက်ရည်လူးထားသည်မို့မှင်ရည်ကျဲသွားသောစာလုံးလေးများကမပီ၀ိုးတဝါး ။ကျွန်တော့်
ရင်လွင်ပြင်မှာအစိမ်းလိုက်ထွင်းထားခဲ့သည်မို့ စာရွက်ပေါ်မှစာကြောင်းလေးတစ်ကြောင်းကိုအသိစိတ်
ထဲမှပယ်ဖျက်နိုင်စွမ်းမရှိခဲ့ ။နားမလည်နိုင်ခြင်းများဖြင့်အတိတ်ကိုခြငေ်္သ့လည်ပြန်ငေးမိလိုက်ချိန်မှာစွတ်
စွတ်စိုစိုမျက်ရည်မိုးပြိုရပြန်သည်။ ဖြစ်နိုင်လျှင် အလွမ်းဆိုသောေဝါဟာရကိုပယ်ဖျက်ပစ်လိုက်ချင်မိ
သည်။သမုဒယ ဟူသောနှောင်ကြိုးကိုအပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်ချင်မိသည်။ အသိနယ်ေ၀းနေ
သေးသူမို့မျက်၇ည်တို့ကမကုန်နိုင်သေး။ မခမ်းနိုင်သေး ။ လွမ်းရေးရှိလာတော့ အလွမ်းကြောင့်နွမ်းလျ
လှိုက်မောရသည်။
                      ဘယ်သူမှားခဲ့သည်၊ မှန်ခဲ့သည်၊ဆုံးဖြတ်ချက်မပေးနိုင်ခဲ့သောဒိုင်ပွဲရပ်နှလုံးသားကွင်း
ပြင်မှာကျွန်တော့်ရင်ဘတ်သည်လည်း ပြောင်တလင်းခါသွားခဲ့သည်ဟုဆိိုရလေမည်လား။ မဟုတ်ခဲ့ပါ။
ရှိုက်သံသဲ့သဲ့ဖြင့်တသိမ့်သိမ့်တုန်ရီကာရေးနေမိသောအလွမ်းကဗျာ၊အလွမ်းစာစုတွေဖြစ်တည်ကျန်ရစ်ခဲ့သည်။
 *****************************

                   သူငယ်ချင်းတစ်ချို့၏လျှို့၀ှက်လှောင်ပြုံးများကြားမှာကျွန်တော့်ကမ်ဘာကကျဉ်းလာခဲ့၏။
မိန်းမတစ်ယောက်အတွက်နဲ့ ဒီလောက်ဖြစ်စရာမလိုပါဘူးကွာ ဟုပြောလာသောသူငယ်ချင်းတွေကို
ကျွန်တော်ရှောင်ဖယ်နေလိုက်သည်။သူတို့နှင့်စကားလုံးချင်းစစ်မတိုက်ချင်။ ကျွန်တော့်ရင်ကိုမမြင်နိုင်
သေးသောသူတွေမို့သူတို့စကားအပေါ်ကျွန်တော်အလေးအနက်မထားမိခဲ့ ။ တရိရိတိုက်စားလာသော
အလွမ်းဒဏ်ကိုကြိတ်မှိတ်သည်းခံရင်းဘ၀ကိုဖြစ်သလိုဖြတ်သန်းနေမိသည်။မျှော်လင့်ချက်ကြီးကြီးထား
ခဲ့မိသမျှမရှုမလှခံစားရချေပြီလား မသိ။ ကတိသစ္စာတွေမထားခဲ့ပဲ နှလုံးသား၏သစ္စာကိုသာအမှန်တ
ရားထင်ခဲ့သောကျွန်တော်..လက်ကျန်ဘ၀တစ်ပိုင်းကိုဘယ်လိုဖြတ်သန်းရမှန်းမသိဖြစ်နေမိသည်။
                  လမ်းပြကြယ်ပျောက်သွားသောခရီးသွားတစ်ယောက်၏ဘ၀က အထီးကျန်လွန်းလှမှန်း
ကိုယ်တွေ့မို့လက်သင့်ခံလိုက်ရသည်။မျှော်လင့်ချက်သေသွားသော မနက်ဖြန်များ၏အဖွင့်ကိုမအိပ်ပဲ
စောင့်ကြည့်နေမိခဲ့သည်။ ပရုပ်လုံးနံ့မပြယ်သေးသောအိပ်ယာခင်းလေးကိုငေးရီကြည့်မိရင်းခေါင်းကို
တွင်တွင်ခါယမ်းလိုက်မိသောအခါမျက်ရည်စက်အချို့ကဗီဇာမဲ့ ပြေးထွက်သွားကြသည်။
ကျွန်တော်..လွတ်လွတ်လပ်လပ် ငိုပါရေစေတာ့..မမေ၀..။

***********************************


               မောင်လေးရေ မမဝေ ကို မေ့နိုင်အောင်မေ့လိုက်ပါ

               ဘာဖြေရှင်းချက်မှမပေးခဲ့ဘဲ အစိမ်းလိုက်မေ့ခိုင်းသွားသော မမဝေကိုကျွန်တော်နာကြည်းချင်
ပါသည်။သို့သော်..ကျွန်တော်မနာကြည်းရက်ခဲ့ပါ။မမဝေ သင်ကြားပို့ချခဲ့သောလိမ္မာစိတ်ကလေးကို
ကျွန်တော်ဆက်ထိန်းထားနိုင်မည်ထင်ပါသည်။အထီးကျန်နေခဲ့သောဘ၀အချိန်အတိုင်းအတာတစ်ခု
မှာစိတ်ကူးယဉ်အိပ်မက်လေးဖြင့်ပျော်ရွှင်နေစေခဲ့သောမမေ၀ ကိုကျွန်တော်ကျေးဇူးတင်နေချင်ပါသည်။
အဆင့်အတန်းအလွှာအောက်မှာချနင်းခံလိုက်ရသောဝါသနာအတွက်တော့ကျွန်တော်ပြန်ပေးဆပ်နိုင်
လိမ့်မည်ထင်ပါသည်။ကွဲအက်သွားသောအသည်းအတွက်အစားထိုးစရာမကျန်သောအခါကဗျာလေးတွေ
ကအစားထိုးနေရာယူလာသည်။ကျွန်တော့်ကဗျာလေးများကိုပရိသတ်လက်ခံအောင်အရင်ကြိုးစားရမည်။
ကဗျာဆရာတွေကိုအထင်သေးသလိုပြောသွားခဲ့သောမမေ၀ အဖေကိုသူ့စကားအတွက်ထိုက်သင့်
သောအသိမှန်လေးတစ်ခုပြထားခဲ့ဖို့ကျွန်တော်ဆုံးဖြတ်လိုက်သည်။

                    အချစ်ဆိုတာကိုမခံစားရခင်အနက်ရောင်အလွမ်းအပိုင်းအစများနှင့်ည ဖြစ်သွားသော
အနာဂတ်ကိုကျွန်တော်ပြန်လင်းနိုင်အောင်ထွန်းညှိဖို့ဆုံးဖြတ်ချက်ချထားလိုက်သည်။အလွမ်းဆိပ်ကိုဖြေ
နိုင်ဖို့လောလောဆယ်ဆေးမရှိသေးပါ။ဆွေးမြည့်ကျန်ရစ်ခဲ့ရသူမို့အလွမ်းကဗျာလေးတွေတော့ရေးဖြစ်ခဲ့
ပါသည်။ချစ်သူ့ဘ၀မစခင်အလွမ်းပျိုးခံလိုက်ရသောရင်ဘတ်ကအချစ်ကဗျာတွေမရေးတတ်တော့အောင်
ဆွံ့အသက်ငြိမ်သွားခဲ့သည်လားမသိပါ။ရေးလိုက်တိုင်းအလွမ်းတွေချည်းဖြစ်နေသည်မို့ကဗျာအသိုင်း
အ၀ိုင်းမှသူငယ်ချင်းများ၏့လွမ်းဋီကာဟုမေးငေါ့နောက်ပြောင်ခြင်းကိုတော့ခံလိုက်ရသည်။


                                ။နှလုံးသားမှစိမ့်ယိုလာသောအတွေးအတိုင်းရေးလိုက်သောကဗျာများမှာ
အလွမ်းသင့်ရှိုက်သံတွေပါ၀င်နှုန်းများနေပါလ်ိမ့်မည်။သတိရခြင်းနှင့်လွမ်းခြင်းကိုမတူဘူးဟုသူငယ်ချင်း
တစ်ယောက်ကပြောခဲ့ဘူးသည်။ဟုတ်ကောင်းဟုတ်မည်။ကျွန်တော်မဖြေရှင်းတတ်။ကျွန်တော်ကသ
တိရခြင်းနှင့်လွမ်းဆွတ်ခြင်းရောထွေးနေသောလူသားတစ်ဦးဖြစ်နေပြီ။အမှတ်သည်းခြေမရှိသောနှလုံး
သားကအလွမ်းသံကြားလျှင်စိမ့်စိမ့်စူးစူးကြွေချင်သည်။အနက်ရောင်လူးပေကာအလွမ်းများစွန်း
ထင်းကျန်ခဲ့သောအစိတ်အပိုင်းအချို့ကိုမူလအတိုင်းပြန်မရတော့မည့်အတူတူအလွမ်းသင့်ဧည့်ခန်း
့လေးအဖြစ်ကျွန်တော်ဖွင့်လှစ်ထားလိုက်ပါတော့မည်။ကဗျာရေးသူတစ်ယောက်၏ပွင့်လင်းသောစိတ်
ဓာတ်အတိုင်းလွမ်းစရာရှိလျှင်ကျွန်တော်ရဲရဲလွမ်းပါမည်။ချစ်တုန်းကလည်းရဲရဲချစ်ခဲ့သည်။အချစ်ကအ
လွမ်းပြောင်းသွားသောကံကြမ္မာအတွက်စောဒကမတက်လိုတော့။မနက်ဖြန်များစွာရှိနေသေးသည်မို့
ကြိုးစားခွင့်ရှိနေပါသေးသည်။ဘ၀ကစိတ်ကူးနှင့်လက်တွေ့မကျတတ်တာများပါသည်။သို့သော်။


 တံဆိပ်ကပ်ခံလိုက်ရတဲ့ အလွမ်း

လွမ်းဇာတ်က ခုမွ စတာ
တစ်ခန်းရပ်မဟုတ်တော့ ခက်နေပေါ့
မျက်ရည်ကျသွားတဲ့ ဗီလိန်တစ်ယောက်အတွက်
ဘယ်နှလက် သော လက်တွေ လာသုတ်ပေးမလဲ ။
မရဲတရဲ မျှော်လင့်ရတာတွေများတဲ့အခါ
နှလုံးသားက အလိုလို သိမ်ငယ်လာတယ်

အရာရာ မင်း သေဘာပါ ကွယ်
ပျက်ပြယ်ဖို့ ခက်ကျန်ခဲ့တဲ့ ငါ့ အလင်းစက်တစ်ခုအတွက်
ညနက်ဟာ
ထိန်၀ှက်နို်င်စွမ်း မရွိပါဘူး....။

လွမ်းဖူးတယ်
ငါ ခုထိ လည်း လွမ်းနေတယ်
အကြမ်းထည် စိတ်ဓာတ်မှာ
တံဆိပ်ကပ်ခံလိုက်ရတာဆိုတော့
ပျော့တယ် မထင်နဲ့ နာတယ် ။


ကဗျာတစ်ခုနဲ့ဘ၀တစ်ခုဆောက်လို့မရမှန်းကျွန်တော်သိခဲ့ပါသည်။ကဗျာကပေးသောနူးညံ့မှုများဖြင့်
အနာဂတ်သည်လှပလာနိုင်ပါမည်လား။ရှေ့ဖြစ်ဟောနိမိတ်ဖတ်သူများမဟုတ်၍ကြိုတင်မသိနိုင်ပါ။သေ
ချာတာတစ်ခုတော့ရှိပါသည်။ကျွန်တော့်ရင်ဘတ်သည်အကောင်းအတိုင်းပြန်မဖြစ်လာနိုင်တော့ပါ။အလွမ်း
မကင်းနိုင်သေးသူမို့အလွမ်းညှို့စောင်းသံမှာရှိုက်သံသဲ့သဲ့ဖြာရင်းမိုးမလင်းသောညတွေလည်းရှိနိုင်ပါသေး
သည်။အနုပညာစိမ်ထားသောအသည်းကိုအနာဖြစ်အောင်လုပ်သွားခဲ့သောသူတစ်ယောက်ကို
ကျွန်တော်မမေ့နို်င်သေးပါ။မမေ့နို်င်ခြင်းသည်သတိရခြင်းဖြစ်လေမည်လား။

                       သတိရခြင်းသည်လွမ်းခြင်းတစ်မျိုးလား။ကျွန်တော်မေ၀ခွဲတတ်ပါ။သတိရခြင်းနှင့်
လွမ်းခြင်းတူ၊မတူကိုကျွန်တော်မဆန်းစစ်တော့။အလွမ်းမြစ်တစ်စင်းကတော့ကျွန်တော့်ရင်မှာစီးမြဲအ
တိုင်းစီးဆင်းနေခဲ့ပါသည်။အခန်းဖော်သူငယ်ချင်းတစ်ယောက်ဖွင့်လိုက်သောသီချင်းကရင်ကိုတည့်တည့်
လာတိုးသည်။ကဗျာနှင့်ဘ၀ကိုခွဲခြားသင်ယူဖို့လိုအပ်နေချိန်မှာအဆိုတော်လင်းနစ်၏ရင်ဘတ်ထဲက
အိပ်မက်ဟောင်းအယ်လ်ဘမ်ကိုပြန်နားထောင်မိနေသည်။ကဗျာဆရာဆိုသောသီချင်းအရောက်တွင်
ကျွန်တော့်မျက်ရည်မိုးကအလိုလိုကြွေဆင်းလာသည်။ရင်ဘတ်ထဲကအိပ်မက်အသစ်ကလတ်လတ်ဆတ်
ဆတ်ခုန်ထွက်သွားခဲ့သည်။

                 နေ့တိုင်းတွေးညတိုင်းရေးစာရွက်အပိုင်းအစများနဲ့ဆောက်တဲ့ငါ့အခန်းထဲ
နတ်သမီးအိပ်မက်မျိုးကို..ဘယ်လိုဖန်ဆင်းရမယ်ငါတော့မသိ..နင်တွေးကြည့်..အဖြေဟာ
အကောင်းဆုံးမဲ့တဲ့ရလဒ်တွေပဲရှိ..ကဗျာတစ်ပုဒ်ရေးခွင့်နဲ့ငါ..ရှင်သန်နေခဲ့ရတာဒီလိုဘ၀မှာ
.ငါတွေးကြည့်တာ..သူ ရင်ဆိုင်ရဲပါ့မလား

                  သီချင်းသံကကျွန်တော့်နားထဲမှမထွက်တော့။သီချင်းသံနှင့်ရောထွေးနေသော
အတွေးထဲမှာမမေ၀မျက်နှာကိုမြင်ယောင်လာသည်။ရွေရောင်အနာဂတ်မပျိုးနိုင်သေးသော
ကျွန်တော့်အတွက်ချစ်တတ်သောရင်ဘတ်ကြီးကိုသော့ခတ်ထားရတော့မည်ထင်သည်။အသည်းက
အကောင်းအတိုင်းရှိမနေတော့ပါ။တစ်ခါကွဲပြီးသားအသည်းမို့နွမ်းလျကောင်းနွမ်းလျနေပါလိမ့်မည်။


   ရတုသစ်
                                                               (30/01/2013==5း 30Pm)

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks