Tuesday, July 9, 2013

ဟဲ မိခြင်းအကြောင်း

အလွဲတွေ တောထနေတဲ့လူများ
မျက်ဝါးထင်ထင် မြင်ခွင့်ရတုန်း
ကျုပ်မပြုံးရင် ကျုပ်အရှုံးပေါ့
ဘယ်တုံးခုန်ခုန် မတိုက်မိအောင်ခုန်နိုင်ခြင်းသည်သာ
အနုပညာ ။

ကိုယ့်အစာကိုယ်ချေနိုင်ပြီဆို
အစာကြေဆေးအကြောင်းတွေးဖို့မလို
ကဲ ...ဘယ်လိုလဲ
အလွဲတွေမြင်လို့ကျုပ် ``ဟဲ တာ
မလွံပါဘူး ။ 

ရတုသစ်
၂၄၀၆၂၀၁၃
10 :50 :AM

အိမ်ပြန်ချင်တဲ့အခါ



မိုးရွာထဲလွှတ်တင်မိတဲ့စွန်ကလေးလို
တစ်ကိုယ်စာလုံခြုံမှုပျောက်ဆုံးခဲ့
ဘယ်လောက်မြှင့်မြှင့်မမြင့်နိုင်တဲ့စိတ်နဲ့
အရိပ်ရှာရင်း မိုးမိရင်းဖြစ်ရ
ခလုတ်ထိမှ ``တ" ရမယ့်အချိန်စောင့်ရမလားမေမေ
ကျွန်တော့်ရှာဖွေခြင်းခရီးစဉ်ထဲ
ဒဏ်ရာတွေပဲများလာတယ်။

အများချိုတိုင်းလိုက်မချိုနိုင်တဲ့အခါ
ကျွန်တော်သာ ခံတွင်းပျက်သူဖြစ်ခဲ့ရ
အပြောကျယ်သလောက်
အကျယ်ပြောတတ်တဲ့လောကမှာ
အမေ့သားက လှောင်ပိတ်မွန်းကြပ်လို့
နှလုံးအားချို့တဲ့နေတဲ့ရပ်ဝန်းများသာ
ကျွန်တော့်ခရီးသွားရာဖြစ်နေသလား
တစ်ခါတစ်ခါသံသယစိတ်ထွားမိရဲ့ ။

သဘောတရားတွေဒွိဟဖြစ်တဲ့အခါ
ကြင်နာစိတ်ကိုမခံစားမိတဲ့အခါ
မာယာလှည့်ကွက်ကိုချွတ်နင်းမိတဲ့အခါ
ဝရံတာလေးနံဘေး
မေမေပေးခဲ့တဲ့သြဝါဒတွေနဲ့အားဖြည့်ရ
လောကကြီးက မမှားဘူးဆိုတာ လက်ခံနိုင်ဖို့
အဝေးကိုပြန်ပြန်ပို့နေရတဲ့စိတ်ကူးများ
ဘယ်အချိန်ပြန်အားပြည့်မလဲ
ဝေခွဲစိတ်ဖြာမရနိုင်တိုင်း
အမေ့ရဲ့အနန္တတံတိုင်းကြီးဆီသာ
မသက်သာမှုတွေပို့လွှတ်မိ
ကျွန်တော့်အတိဒုက္ခတွေ....။ ။

ရတုသစ်
24/06/2013

စတင်ဖွင့်လှစ်ကြောင်းကြေညာခြင်း

ငါကြိုက်ပြီး သူများတွေ မကြိုက်တဲ့ကဗျာ
ငါမကြိုက်ဘဲ သူများတွေ ကြိုက်တဲ့ကဗျာ
ငါလည်းမကြိုက် သူများတွေလည်း မကြိုက်တဲ့ကဗျာ
ဘာမှ တွေးမနေတော့ဘူး
ဟူးခနဲ
သက်ပြင်းရှည်ကြီးတစ်ချက်ဆွဲတယ်
ကပျာကယာနဲ့
တွေးလက်စကို အားကုန်လွှဲပစ်လိုက်တယ်
ကဗျာဟာ
ဗလာနယ်က လာတဲ့အကြောင်း
ကြေညာမောင်းခတ်သံပြန်လာခဲ့
ငါ...
ကဗျာရေးတော့မယ် ။ ။

ရတုသစ်
27062013
3:35PM

လောကပုစ္ဆာထဲမှာ သူရယ်ငါရယမရယ်နိုင်ခဲ့ကြဘူး

သူသိမယ်ထင်ထားတဲ့နှလုံးထွင်းအက္ခရာတွေ
အသံဖြစ်အောင်မပြောင်းနိုင်ခဲ့တာတစ်ခုပဲ
ငါ့မှာ
နောက်ဆံကြိုးဆွဲတင်းခံထားရ
ဘဝကို
ကဗျာထဲထည့်ထည့်မပြောတော့ဘူး ။

နားလည်မှုချင်းကူးလူးဆက်သွယ်ဖို့
ငါတို့မှာ
ဂျီတောခ် လောက်နဲ့မရတော့ဘူး
ဇူကာဘာ့ခ်ရဲ့
မျက်နှာစာအုပ်နဲ့လည်းမပြည့်စုံတော့ဘူး
ဂရေဟမ်ဘဲလ်ရဲ့
တီထွင်မှုနဲ့လည်းမလုံလောက်တော့ဘူး ။

သူ့လက်ထိပ်ဖျားကလေးတွေ
လမ်းသလားခဲ့တဲ့ကီးဘုတ်ခလုတ်တွေထဲ
ငါ့နားလည်ခြင်းတွေအက်ကွဲကုန်သလား
ဝေဝါးတုန်း
ငါနှိပ်မိသွားတဲ့နံပါတ်တစ်ခုရဲ့တုံ့ပြန်မှုမှာ
သူ့အသံအစစ်ကိုမမြင်ခဲ့ရ
ဘဝအမှန်ကိုပြသဖို့
ကြားခံနယ်တွေ ခရီးကြမ်းကုန်ပြီ ။

ကြောင်အမ်းငေးရီနေတဲ့မျက်လုံးတွေ
ရှာဖွေစရာမရှိတော့တဲ့အတိုင်း
ရှိနေတဲ့မရှိခြင်းတွေဆီပဲ
တံတိုင်းမရှိ နံရံမရှိ ငုပ်လျှိုးသွားကြ
ဖွင့်ဟချိန်စောင့်မိတဲ့ရင်ဘတ်ကြီးသာ
အမြုံနာထူပြောခဲ့ပေါ့ ။

သဘောထားမတူခြင်းတွေ တူညီနေတာတစ်ခုနဲ့
အနာဂတ်ကိုဘယ်လိုပြုစုရမလဲ
အဖြေတစ်ခုထက်မကရှိနေနိုင်တာကိုက
လောကပုစၦာ မဟုတ္လား ။

သူ စွန့်ပစ်မသွားခင်
ငါ ထွက်ခွာလိုက်ရမလား
ရင်ဘတ်ထဲ အတွင်းအားပျောက်နေပေါ့
``တစ်နေ့တော့ မေ့မှာပါတဲ့
ဘယ်လိုခွါချချ
ဒီ အမာရွတ် ကွာမကျတော့တာခက်တယ် ။

ရတုသစ်
၂၈၀၆၂၀၁၃
နေ့ ၂ : ၁၅ နာရီ

တစ်မျက်နှာအလွမ်း

စိတ်တောင်ပံတစ်ချက်ခါလိုက်တိုင်း
အတိတ်တွေ
အပြိုင်းအရိုင်းပြိုကျလာခဲ့ ညှိမရတဲ့မျဉ်းကိုမှ
ငါတို့က ပြိုင်ပြေးမိခဲ့ကြ
ဘယ်သူမှ မနိုင်ပါဘူး
မင်းပါးပြင်မျက်ရည်လူးတိုင်း
ငါ့ရင်မှာမုန်တိုင်းထန်ခဲ့ပေါ့
တကယ်ပါ
ငါတို့ဟာ ကံကြမ္မာကို ကိုးစားရင်း
ကံကြမ္မာရဲ့ကစားစရာတွေဖြစ်ခဲ့တယ်
မေ့ပစ်ဖို့မတောင်းဆိုဘူး
ခွင့်မတောင်းဘဲ ထွက်ခွါသွားရင်တောင်
သရုပ်ဆောင်မာယာမပါတဲ့ အလွမ်းနဲ့
ငါ တစ်ယောက်တည်း မှောင်ခဲ့မယ် ။

ရတုသစ်
၂၉-၀၆-၂၀၁၃
မနက် ၂ နာရီ ၄၀မိနစ်

လေနေတဲ့လေထဲမှာ ငါ့အလွမ်းတွေပျံသန်းခွင့်ပျောက်နေတယ်

Networks error ပြနေတဲ့ကွန်ယက်ထဲ
ကြုံရာကျပန်းလှမ်းချိတ်ဆက်နေရတာ Wi-Fi Free ကဖီးလေးတောင်
အားနာနေလောက််ပြီ
တစ်ယောက်ကိုတစ်ယောက် ပို့လွှတ်နေတဲ့ Message တွေ
Sending......မှာပဲ လေခိုသွားကြပေါ့
ငါတို့အချစ်က Connection ကျသွားသလား
``သိကြားစေ သက်သေညွှန်းခွင့် မရှိတော့တဲ့အခါ
ငါ့အရာရာတွေဟာ
တစ်ကိုယ်ရေဗလာထဲ ပျောက်ကျန်ခဲ့
မနက်ဖြန်တွေကိုနောက်ချန်ထားလို့ရရင်
သိပ်ကောင်းမှာပဲ
အတိတ်ဟောင်းလေးနဲ့ငါလွမ်းနေရစ်ပါရစေ
Connection ရေ...
သူအဆင်ပြေဖို့ ငါ့မေတ္တာပို့လွှတ်တဲ့အခါ
တစ်ကြိမ်တစ်ခါလောက်တော့ကောင်းပေးပါ ။

ရတုသစ်
30062013
10:45pm

သူ..မသိရင်

ငါမပျော်ဘူးဆိုတာ
သူမသိရင်
ငါပျော်နေမိမှာပါ ။

ငါရယ်သံများအောက်ခြေမှာ
ကြေကွဲမှုတွေပါတဲ့အကြောင်း
သူမသိရင်
ငါ ကြည်နူးမိမှာပါ ။

ငါ့ကိုယ်ငါအိပ်မက်တာထက်
သူ့အတွက်မက်ရတဲ့အိပ်မက်ကိုပဲ
နှစ်သက်မိတဲ့အကြောင်းကို
ဇာတ်လမ်းဟောင်းလေးထဲ ချန်မထားရက်ခဲ့
ငါ့ အသက်ရှင်မှုမှာ
အလွမ်းတွေနဲ့ပဲဆက်နွယ်ထားရ
ဒီ ဘဝ ဘယ်ကာလာနဲ့ဆိုးလို့မှ
အရောင်မပြောင်းတော့ဘူး။
 
ရတုသစ်

လျှာလည်အောင်ရှာနေရတဲ့ရှာဖွေရေးလျှာများ

သံသရာထဲသံသယအထပ်ထပ်နဲ့ကျွန်တော်တို့
ရှာလေ ဝေးလေ လိုက်တမ်းပြေးတမ်းကစားပွဲမှာ
မိုးမျှော်တေးကိုဆိုတယ်၊ မိုးခြိမ်းသံကြားချင်ကြားရမယ် မသနားဘူး ကိုယ့်ကိုယ်ကို၊ ကျွန်တော်တို့ဟာအတ္တဝင်ကစွပ်ကောင်တွေ
အမြှောင်မယားတစ်ယောက်ရဲ့နာကျင်မှုမျိုးနဲ့ဘယ်ရွေ့ဘယ်မျှ
ကိုယ့်ဘဝကိုယ်ဘယ်နှခါနာကြည်းဘူးပြီလဲ
ရေသွန်ခံရပြီးကိုယ်တိုင်မသောက်သုံးရတဲ့သဲတွေလိုပွယောင်းပေါ့သွပ်ခဲ့ရ
ပက်လက်လှန်တံတွေးထွေးရတာဘယ်လောက်ကောင်းတဲ့မှော်ဝင်မှုမျိုးလဲ
သူများမကောင်းကြောင်းပြောပြီး အာလူးမစားဘူး
ကိုယ့်မကောင်းကြောင်းကိုယ်ပြောပြီးမသူတော်လုပ်မယ်
ဒုက္ခနားနီးလို့ဒုက္ခသည်ဖြစ်ခဲ့ရတာမျိုးမှမဟုတ်ဘဲ
``စကတည်းက ယဉ်သကိုဟန်နဲ့ဘဝထဲဒုက္ခတွေငြိမ့်ငြောင်းနေကြရဲ့
အလှည့်အပြောင်းများသလောက်အပြောင်းအလဲမဖြစ်တဲ့အခါ
ကျွန်တော်တို့လျှာတွေပဲ အော်တိုအိုဗာတိုင်နဲ့ထက်မြစူးရှလို့
ဘယ်သူမှသွေးပေးခဲ့တာမဟုတ်ဘူး၊သေချာတယ်
သံသယတွေနဲ့လက်ပွန်းတတီးဖြစ်ချိန်အတိုင်းအဆအတိုင်း
မှိုင်းမိနေတဲ့ဦးနှောက်ကြီးအပျက်ကြီးတွေစေစားရာ
ကိုယ့်ကိုယ်ကိုပြန်ဖျက်ဖို့သံချေးမတက်သေးတဲ့လျှာများ
ဖြတ်ချခုတ်ပိုင်းစရာလိုက်ရှာနေကြတဲ့ပတ်ဝန်းကျင်ထဲ
ကျွန်တော်တို့လျှာတွေလည်းရှာဖွေရေးခရီးစဉ်မှာလျှာမလည်သရွေ့ရှာနေကြရတယ် ။ ။

ရတုသစ်
၀၂၀၇၂၀၁၃
ည၈နာရီ ၃၅မိနစ်

ခြိုးခြံမိတဲ့ ည

ဒီနေ့ညလည်းမနေ့ကလို
အမှောင်အိုအိုတွေခေါ်လာဦးမလား
လမင်းကိုအားနာလို့
ကြယ်တွေကိုမော့ကြည့်ဖြစ်မှာမဟုတ်သေးဘူး
အရုဏ်ဦးမှာ
ငါ့မြင်လွှာ သဲကွဲရင်တော်ပြီ ။
 

ရတုသစ်

ဆုမတောင်းဖြစ်တဲ့ ည


ဒီည
တစ်လောကလုံး အိပ်စက်ပေးရင်ကောင်းမှာပဲ
ကလေးတစ်ယောက်ရဲ့ရိုးသားခြင်းမျိုးနဲ့
ဝှက်ဖဲတွေ အချိုးကျဖွင့်ဖတ်နေတယ်
ဘယ်လိုတမ်းမက်မှုမျိုးဆီ ဦးတည်ရမလဲ
ကုတ်မရတဲ့ဝဲနဲ့ ညှီတစို့စို့ဟာ
အတွင်းပုပ်နာ ။

ခန္ဓာအကြောင်း မတွေးသေးဘူး
သစ္စာအကြောင်း မဆွေးနွေးဘူး
ရေးတေးတေးလေးအတိုင်း တွေးရင်းငေးလို့
ငါတို့ကျော်ချခဲ့တဲ့သင်ခန်းစာမှာ
အရေးပါတာတွေကျန်ရစ်သလား
ငါတို့ဟာ...
အဖြေမှားလာတဲ့ကျောင်းသားလေးတွေဖြစ်တယ် ။

တစ်ရစ်ချင်း
ညှို့သွင်းခံလိုက်ရတဲ့ ဝင်္ကပါထဲ
လမ်းမှန်ကိုလည်း မရှာနိုင်သေးဘူး ။

ပဒိုင်းဆူးကို ရဲရဲဆုပ်ရင်း
အမှောင်တွေ စီးချင်းထိုးနေတဲ့ကမ္ဘာမှာ
"ငါပြဿနာ"ကိုညှိနှိုင်းနိုင်စေဖို့
ကြယ်တချို့ ကြွေတာတောင်
ငေးယောင်ယောင်လေးပဲကြည့်ဖြစ်ခဲ့
နွံနစ်နေရာက...ငါ
ဆုတောင်းသံတွေ ပွင့်အာလွှင့်ထုတ်လို့မရ
ဒီညလည်း
အမှောင်ဝတ်ရုံပဲ ထည်လဲဝတ်ဖြစ်မှာ သေချာတယ် ။

ရတုသစ်
၀၇၀၇၂၀၁၃
ည၇နာရီ၁၀ မိနစ်
(တနင်္ဂနွေကဗျာမြေသား)

ငါမန္တလေးမှာနေတယ်

တောက်တစ်ချက်ခေါက်ရုံနဲ့
ကမ္ဘာအက်မသွားဘူးဆိုတာ ငါသိတယ်ကိုယ့်လူ
ကိုယ့်အပူနဲ့ကိုယ် ထူနေကျသူချင်း
မင်းကဘာကောင်မို့ အာချောင်နေတာလဲ
မြင်မြင်ရာမမဲချင်လို့ ငါ့ကိုယ်ငါသတိပေးထားတာ
အာပလာတွေတော့ လာမလုပ်နဲ့
ရုတ်ရုတ်ဆို ဒီတိုင်းငြိမ်နေမှာမဟုတ်ဘူး
စောက်ရူးအထာတွေ လာလာမပြစမ်းနဲ့
ကြမ်းကြဟေ့ဆိုရင်ထွက်ခဲ့
မင်း မျက်ခွက်မစုတ်ဘူးကြိုက်သလိုပြော
ငါတေကာ မကောချင်လို့ဇက်သပ်ထားတာ
ဘယ့်နှယ်ကွာ အရေးမပါတာ
မင်း ဘာသာ ဘာကောင်လဲ အရင်ပြန်စစ်ဦး
ပြီးတော့မှ ဝုန်းဒိုင်းကြဲတယ်မပြောနဲ့
ငါ့သေဘာ ငါ့ဆန္ဒ
ငါ့စိတ်တိုင်းကျသလိုနေခွင့်ရှိတယ်
မင်းအသိလေးတစ်ထွာတစ်မိုက်နဲ့
ငါ့ကို လာမတိုက်ခိုက်နဲ့ကိုယ့်လူ
သဘောတူတယ်ဆိုအပြင်မှာတွေ့မယ်
အေး...
မင်းမေ့နေမှာစိုးလို့ပြောလိုက်မယ်
ငါ မန္တလေးမှာနေတယ် ။


ရတုသစ်

Wednesday, June 26, 2013

စိမ်းသက်သက်စိမ့်နေတဲ့အလွမ်း


လမင်းဖမ်းစားတဲ့ညပေါ့
အလှတရားအားလုံး မေ့ဆေးမိကြ
ခဏတာလွင့်သွားတာ မဟုတ်ဘူး
တစ်ဘဝလုံး
အရူးအမူးပိတ်လှောင် ခံထားလက်စ
အကျဉ်းသားတစ်ယောက်
မိုးကုပ်စက်ဝိုင်းအောက်မှာကြယ်ပျောက် ရှာနေမိ
လက််ရှိကိုချိုဖို့ခက်နေတဲ့ဝေးလွင့်ခြေရာတွေ
ခုထိ
စိတ်ချင်းဆက်နယ်နိမိတ်ကို မရောက်သေးဘူး
အလွမ်းဆူး
အရူးခံသပ်သွင်းထားလိုက်ရဲ့
နှုတ်မရမယ့်အတူတူ။ ။

ရတုသစ်

နွေးနေခြည်ဝိုင်

မနက်ခင်းဟာ
အလင်းစတွေနဲ့မနက်အောင်ဖွင့်လှစ်ထားရ
အသားစတစ်ဖတ်ကိုကိုက်ဝါးရင်း
လဖက်ရည်တစ်ဂွပ်ကျိုက်ချရင်း
အတိအလင်းပြောမယ် နွေးနေခြည်ဝိုင်
ငါ့ အရိပ်ကို လာမချုပ်ကိုင်နဲ့
မလိုင်များတဲ့လက်ဖက်ရည်ဆို ငါငြင်းတယ်
ပြန်ကြော်ဆီတဝင်းဝင်းနဲ့ ပလာတာလည်း ငါမစားဘူး
သကြားဖြူးထားတဲ့နံပြား ငါ မကြိုက်ဘူး
အလိုက်အထိုက်လောကထဲ
တစ်ကိုယ်စာအတိုက်အခံများနေခဲ့
အသားသုပ်တစ်ပွဲကုန်တော့မယ်
မော့ချစရာလက်ဖက်ရည်အနည်းငယ်ကျန်သေးရဲ့
ဂျုံနဲ့လုပ်တဲ့မုန့်တွေဟာ
ဘာ့ကြောင့်လက်ဖက်ရည်နဲ့လိုက်ဖက်နေတယ်ဆိုတာ
မတွေးဘူး
ဘယ်သူအစပျိုးပေးခဲ့တာလဲ
အနာနဲ့ဆေးက
တည့်အောင်ပေးတိုင်းလည်းမတည့်တတ်တော့
လက်ဖက်ရည်လက်ကျန်လေးထပ်မော့တယ်
အသားဖတ်လေးတစ်စ ကောက်ဝါးတယ်
တမူထူးခြားလိုက်တာ မဟုတ်ပါဘူး
မင်းနာမည်ပြန်ရွတ်ကြည့်မိကတည်းက
ငါ့မှာ မြင်မြင်ရာဝိရောဓိတွေနဲ့
လူသိမခံတဲ့စိတ္တဇတွေကိုက်ခဲခံရ
စုန်းမတစ်ကောင်ထက်
မင်းပါးစပ်က အစွန်းအထင်းများတယ်
ငါ့တရားနဲ့ငါ မလုံတော့တဲ့အခါ
မျက်လုံးအစုံမှိတ်စင်းထားရ
မင်း အကြောင်းသိရသလောက်
ဘယ်အရာမှ သတင်းမပေါက်တော့ဘူး
ငါ့ရေဒီယံဦးနှောက်မှာ ။ ။

ရတုသစ်
25062013

ပုရစ်ဖူးလေးထံ ပေးစာ

ခြေလွတ်လက်လွတ်စိမ်းလန်းခြင်းများ
အလျားအနံမလိုတဲ့အတိုင်းထွန်းညှိခဲ့
မင်းမသိသေးတာထက်အားနည်းဖို့
ကိုယ့်မှာ...
ခွန်အားအချို့တောင်မရှိချင်တော့ဘူး

ကိုယ့်ပုရစ်ဖူးလေးရေ...
ရနံ့မွှေးမွှေးဖြန့်ကျက်စမ်းကွယ့် ပန်းဖြစ်ဖို့လက်မှတ်ထိုးပြီးမှတော့
လေပြည်နော့မှာတွေးမကြောက်နဲ့
ဘယ်သူမှ မကောက်ချင်နေ
ကိုယ့်ရင်မြေဆီသာလျှောက်လှမ်းလိုက်

တော်၀င်နန်းထိုက်ထိုက် မထိုက်ထိုက်
ကိုယ့်အတွက်တော့
မင်းတစ်ယောက်သာပန်းမကိုဋ်ဖြစ်တယ်။

ရတုသစ်
၂၄၀၆၂၀၁၃
ည ၉နာရီ ၂၅မိနစ်

မေတ္တာပန်းများပွင့်စေချင်


နယ်ခြားစိတ်လွန်
ကိုယ်ထွန်ယက်လာ နေရာ မြေဝှမ်း
ငြိမ်းချမ်းတေးသီ. .ညီညီစီလွှင့်

ပန်းပွင့်တိုင်းလှ
မွှေးမြနုသစ်
ပန်းဖြစ်ပွင့်ရာ
မလာစေချင်...စစ်သံစဉ်ခါး

လူသားစစ်များ
ရင်အား ဖြန့်ကြက်
လင်းလက်ချစ်စိတ်
တွဲချိတ်ထားစမ်း...မေတ္တာပန်းပွင့်
 
ချစ်ဖွင့်စိတ်ရင်း
ကိုယ်ချင်းစာစို့
ကိုယ်တို့မြေ ယာ
ဖျားနာခြင်းတွေ...ကင်းလွတ်စေ
ခါးလာခြင်းတွေ ရှင်းကျွတ်စေ ။


ရတုသစ်
၂၄၀၆၂၀၁၃
ည ၁၀ နာရီ

အိမ်ပြန်ချင်တဲ့အခါ

မိုးရွာထဲလွှတ်တင်မိတဲ့စွန်ကလေးလို
တစ်ကိုယ်စာလုံခြုံမှုပျောက်ဆုံးခဲ့
ဘယ်လောက်မြှင့်မြှင့်မမြင့်နိုင်တဲ့စိတ်နဲ့
အရိပ်ရှာရင်း မိုးမိရင်းဖြစ်ရ
ခလုတ္ထိမွ ``တ ရမယ့်အချိန်စောင့်ရမလားမေမေ
ကျွန်တော့်ရှာဖွေခြင်းခရီးစဉ်ထဲ
ဒဏ်ရာတွေပဲများလာတယ်။

အများချိုတိုင်းလိုက်မချိုနိုင်တဲ့အခါ
ကျွန်တော်သာ ခံတွင်းပျက်သူဖြစ်ခဲ့ရ
အပြောကျယ်သလောက်
အကျယ်ပြောတတ်တဲ့လောကမှာ
အေမ့သားက လှောင်ပိတ်မွန်းကြပ်လို့
နှလုံးအားချို့တဲ့နေတဲ့ရပ်ဝန်းများသာ
ကျွန်တော့်ခရီးသွားရာဖြစ်နေသလား
တစ်ခါတစ်ခါသံသယစိတ်ထွားမိရဲ့ ။

သဘောတရားတွေဒွိဟဖြစ်တဲ့အခါ
ကြင်နာစိတ်ကိုမခံစားမိတဲ့အခါ
မာယာလှည့်ကွက်ကိုချွတ်နင်းမိတဲ့အခါ
ဝရံတာလေးနံဘေး
မေမေပေးခဲ့တဲ့သြဝါဒတွေနဲ့အားဖြည့်ရ
လောကကြီးကမမှားဘူးဆိုတာလက်ခံနိုင်ဖို့
အဝေးကိုပြန်ပြန်ပို့နေရတဲ့စိတ်ကူးများ
ဘယ်အချိန်ပြန်အားပြည့်မလဲ
ဝေခွဲစိတ်ဖြာမရနိုင်တိုင်း
အမေ့ရဲ့အနန္တတံတိုင်းကြီးဆီသာ
မသက်သာမှုတွေပို့လွှတ်မိ
ကျွန်တော့်အတိဒုက္ခတွေ....။ ။

ရတုသစ်
24/06/2013

Thursday, June 20, 2013

ကျွန်တော့် စပျစ်သီးလေး... သို့


ပွင့်ပွင့်လင်းလင်း လွမ်းတယ်
အနမ်းနံပါတ်ရှာမတွေ့သေးတဲ့ ပွင့်ချပ်နှစ်လွှာဟာ
ကာလာ မတင်ဘဲ ရွှန်းမြစိုလက်နေတုန်းလား
သတိရခြင်းများ
ကျည်ဆန်ရထားတွေအတိုင်းလိပ်ပြာလွှင့်ခဲ့ပေါ့
အလွမ်းချော့တေးတို့ ရွိရာ ဆီ ။

ေ၀ရီရီ အလွမ်းဖွဲ့မိုး
အငြိုးတကြီးရွာနိုင်လွန်းရဲ့
အမုန်းမဲ့ ဒိုင်ယာရီလေး သိမ်း၀ှက်ရာ
ရင်သေတ္တာအခန်းလေး
မိုးမိလို့ဆွေးသွားမလား ထိတ်လန့်ရ
အဲဒီနေ့က
အေအးမိသြားတဲ့ ထီးကေလးကို သနားတယ် ။

လွမ်းအားကြီးမိသူတစ်ယောက်မို့
ဘယ်လိုရေသောက်လို့မှ အလွမ်းမပြေခဲ့
လွမ်းစိတ်ပွင့်ေ၀နေတဲ့အခါ
သူဟာ..
၀ိုင်မဖြစ်တော့မယ့်
ကျွန်တော့်ရဲ့ စပျစ်သီးလေးတစ်လုံးပဲ ။

သူ့အပြုံးပွင့်သစ်ဦးနဲ့
ကျွန်တော့်မှာ ပွင့်ပွင့်လင်းလင်းရူးနေရဆဲ နာရီတွေ ။ ။


ရတုသစ်
20062013
2:30 PM

တည့်တည့်ပြောကြည့်ခြင်း ( ၇ )

ခင်ဗျားကလည်း ငါတကော
သူကလည်း ငါတကော
ကျုပ်ကလည်း ငါတကော
ယောက်ျားကလည်း ငါ​တကော
မိန်းမကလည်း ငါတကော
အခြောက်ကလည်း ငါတကော
ကောဠာဟလတွေလား
ကောဓ အာဃာတတွေလား
မေတ္တာစမ်းချောင်းတွေ ကောလာတယ်
ရေစုန်မျောသွားတဲ့အဖြူထည်ချောတွေ
ဘယ်လိုပြန်ရှာဖွေကြမလဲ
နေ့ခင်းကြောင်တောင် သရဲခြောက်ခံနေရတဲ့ဘဝ
လမ်းစပြန်မရှာမချင်း
ရှုပ်နေတဲ့လမ်းတွေ ဘယ်လိုမှမရှင်းဘူး
မပွင့်မလင်းဇာတ်
ဉာဏ်နဲ့ဖြတ်မှပြတ်မယ်  အသေအချာ။


ရတုသစ်
၂၀၀၆၂၀၁၃
နေ့ ၁၁း၀၀ နာရီ

Tuesday, June 18, 2013

မန်းရွှေမြို့ရှာပုံတော်

မန်းမြို့ရွှေပြည် ။ ။ရောင်နေခြည်ဖြင့်၊ ရွှင်ကြည်ချမ်းမြ ၊မြို့ရိုးလှတည့်၊ရွှန်းပစိမ်းဝေ၊
မန်းတောင်ခြေနှင့် ၊ ရစ်ခွေသာမော ၊ကျုံးတော်ကြော၀ယ်၊လွင့်မျော၀ိညာဉ် ၊ခိုနားချင်ခဲ့၊
သို့ပင်စိတ်ကူး၊ ရွယ်ရည်စူးလည်း ၊ ထူးထူးပြားပြား၊ ရောင်စုံခြားလျက်၊ရှက်အားပျောက်ကွယ်၊
မန်းမျိုးနွယ်တို့၊လမ်းသွယ်လမ်းမ၊မြင်ပြန်ရသော်၊ မြန်မာ့ရှေးဟောင်း၊မန်းမြို့ကောင်းသည်၊
ခေတ်ထောင်းသည့်ဒဏ်၊ကြံ့မခံဘဲ ၊လွင့်ပျံပျက်သုဉ်း ၊ စိတ်ဓာတ်နုံးသည်၊
ဆုံးရှုံး ရွှေခြေကျင်းများပါတကား ။ ။


နွမ်းဖို့ပွေလီ ။ ။ သီကရီနှင့်၊နန်းဆီနန်းသွေး ၊ပြောင်အောင်ဆေး၍ ၊ခေတ်ဆွေးခေတ်ကျန်၊
စိတ်မှာကြံလျက်၊ရွှေမြန်မာမျိုး၊ရိုးရာကျိုးကို ၊မြတ်နို်းမရှိ၊ ခေတ်လွန်ဘိသော်၊ ကျွမ်းရိပုပ်ဆွေး ၊
"ခေတ်ဟောင်းတေး"ဟု ၊ယဉ်ကျေးမှုကို ၊မဆယ်လိုဘဲ ၊ခေတ်လိုခေတ်ကြိုက်၊ခေတ်ပျက်လိုက်ကာ၊
လည်ဟိုက်ပေါင်တို၊ဆံ နီ ညို ဖြင့်၊ရင်ဖိုသွေးဆူ၊ ခိုက်အောင်မြှူလျက် ၊ကလူဖမ်းစား၊
ပူပုံပွား၍ ၊ဘိုးဘွားတို့ထုံး ၊ပျက်ပျက်ပြုန်းသည်၊
တုန်းရုန်းပွေ ကြွေဆင်းသွားပါတကား ။ ။


ပန်းတို့ကြွေပြီ။ ။ ခေတ်ခြွေသည်တည့်၊မန်းပြည်ဌာန၊ ရိုးရာလှကို၊ရှုကြချင်လျှင်၊
ရာဇ၀င်နှင့်၊သဘင်,ပြဇာတ် ၊ရှေးစာဖတ်မှ၊ တပ်အပ်မုချ၊ ပြန်တွေ့ရလိ်မ့်၊ သမရောမွှေ၊
ခုခေတ်ခြေကား၊ရှုလေမြင်လေ၊ရင်ကျိုးကြေအံ့ ၊ မန်းမြေလှဓာတ်၊ ရှာဖွေလတ်သော်၊
မြို့ပတ်ချိန်သာ၊ကုန်ဆုံးပါလျက်၊ မြန်မာရွှေမန်း၊ ပျောက်ပုံဆန်း၏ ၊ရွှေနန်းမြို့ရိုး ၊
ကျုံးဘောင်ကိုးနှင့်၊တောင်ခိုးလွင့်ဖုံး ၊မန်းတောင်ကုန်းသည်၊
တုံးလုံး ခွေနေခြင်းများပါတကား ။ ။



ရတုသစ်
၁၃၇၅ ခုနှစ်
နယုန်လဆန်း(၁၀)ရက်၊အင်္ဂါနေ့
ည ၉နာရိီ၊ ၁၀ မိနစ် ။

Sunday, June 16, 2013

(၃၁)ဘုံထဲပါ၀င်ပြီးသုံးမရတဲ့အသံကို...


(၃၁)ဘုံထဲပါ၀င်ပြီးသုံးမရတဲ့အသံကိုကလန်ကဆန်လုပ်မရတဲ့အတိုင်းခေတ္တဆိုင်းငံ့ထားလိုက်တယ်


နေမထိအောင်လှောင်ပိတ်ထားရတော့အသံတွေဟာဆွံ့အ၊စိုထိုင်း၊အေးစက်
ဘယ်လိုကျဉ်စက်နဲ့တို့တို့ မခို့တရို့ဟာရိုးကျိုးပြီးသား ဆပ်ကပ်ကျား
ကြားလား..ကြားလား..ပြောနေတာကြားရဲ့လား..ဒါဟာသီချင်းမဟုတ်ဘူး သတင်း
ပန်းသတင်းလား၊လူသတင်းလား ၊အပူတပြင်းလိုက်ရှာမနေနဲ့ကွန်နက်ရှင်ကောင်းအောင်အရင်လုပ်
ခိုးထုပ်ခိုးထည်နဲ့အတူခိုးသားများအားလက်ရဖမ်းဆီးပြီး..လာဘ်ရသွားတာ ဟိုလူကြီးတွေ
အမေပြောတော့အမောပြေမယ်ထင်တာ..ခု..ဖတ်ဖတ်မော..ဖတ်..ဖတ် ပြီးတိုင်းမော
အကုန်သိအောင်ပြောရတော့ဒီကောင်ပဲလူစွာလိုလို၊ငပွကြီးလိုလို၊အလိုမတူသူတွေပြောကြရဲ့
ခနဲ့တာမဟုတ်ပါဘူး၊ရွဲ့တာမဟုတ်ပါဘူး၊မတည့်လို့မတော်လို့အော်နေရတာ ဆရာရေ
မျှော်သာမျှော်သည်မယုံကြည်ဖြစ်နေရတဲ့အထဲပွင့်ခက်ဝါနီေ၀ဒနာတွေက ရင်မှာအစီအရီ
ရီနေတာမဟုတ်ပါဘူး၊နေရီရီ၀တၳုထဲကလို၊ရီရီချိုတို့အဖေလို၊မရယ်နိုင်တဲ့အကြောင်းပြနေတာ
ပါးစပ်ဟထားတော့ရယ်တယ်ထင်ကြတာဆန်းသလားကိုယ့်လူ၊သွားလေးဖြူနေရင်ပြီးတာပဲ
ဟုတ်ပဲနဲ့၊ဟုတ်လည်းဟုတ်ပဲနဲ့၊စိတ်ပုပ်ပြီးသွားဖြူနေရင်ဘယ့်နှယ်ရှိစ ၊ ဟုတ္သားဟ
စကားများများပြောရမယ့်သူမို့သွားကျန်းမာရေးဂရုစိုက်တာဖြစ်မှာပါ ရောင်းရင်းရာ
အသည်းအဆီမဖုံးအောင်အသီးအရွက်စား၊ ကျားလိုမကျင့်နဲ့၊လူစစ်စစ်လိုကျင့်
အဟင့်..ငိုချင်လာပြီ ၊လူလိုပဲကျင့်လို့မရဘူးလား ၊လူလို..လူလိုလို
အလိုတူမှအလိုပါမယ့်အလိုတူအလိုပါတွေအလိုလိုပေါလားပါလား...အလို
အာမေဍိတ်ဟာခါးချိတ်မရလို့ဍရင်ကောက်ကြီးအတိုင်းရင်ဘတ်မှာကောက်ချိတ်ထားလိုက်ရ
ပဋိစ္စသမုပ္ပါဒ်တွေလည်ကုန်ပြီ ၊လှည့်ကုန်ပြီ ၊မူလ/မူလီတွေ တဏှာစေရာမနေသာ
ဖွေရှာလိုက်၊တွေ့ရှိလိုက်၊ပစ်ချလိုက်၊ကောက်ယူလိုက်၊အမိုက်ဟာမှောင်နေတာပဲဗျာ
များသွားလို့ပဲဖြစ်ဖြစ်၊နည်းသွားလို့ပဲဖြစ်ဖြစ်၊ဖျစ်ဖျစ်မြည်အောင်ညှစ်မှတော့အစ်ပြီပေါ့
လည်တိုင်ကြော့တွေဟာပျော့ပျော့လာ၊ အသက်ရှူသံဟာမြန်မြန်လာ ၊၀င်သက်ဟာထိတ်ပျာလာ
သွားပါပြီ၊အနေအထိုင်တတ်မိမှအုံ့ပုန်းလိုလို၊ အမဲရိုးအားမနာတဲ့ ဟင်းအိုးလိုလို
(၁၂)မျိုးပေါင်းမှချိုမယ့်ဟင်းချိုမသောက်နဲ့တော့၊ပုတ်သင်ညိုလည်းချို၊တောက်တဲ့လည်းချိုတယ်
ယုန်ချိုတွေ၊လိပ်မွေးတွေဈေးကောင်းတာမဆန်းဘူး၊ပုဇွန်သွေးက၀ယ်လိုအားထိုးတက်နေရဲ့
"ဟုတ်ကဲ့" ပြီးရင်သဘောတူကြောင်းပြသဖို့လေးကြောင်းမျဉ်းစာအုပ်လေးနဲ့အရေးကျင့်ထားမှ
သည်၊တို့သည်..မွစျပီး ၌၊တို့၌အဆုံး၀ိဘတ်ခုနစ်လုံးကို သီကုံးပန်းသွင်နေ့တိုင်းဆင်လော့
ကျသွားပေါ့ ၊အောင်စာရင်းမထွက်တဲ့စာမေးပွဲကြီးဖြေမိတာ အကျနာတယ်ဆရာရယ်
အရယ်မျက်လုံးနှလုံးမသက်သာဟာ အငိုမျက်လုံးအပြုံးမျက်နှာထက်မျက်ရည်ပေါမှန်းသိလိုက်မိ
မိမိ..မမိမိ ဖမ်းယူလိုက်တဲ့လိုင်းကြောင်ကြီးထဲ ဒီငရဲအော်သံပဲ ပွက်လောရိုက်လို့
အမိုက်တွေလင်းပါစေ ၊အတိုက်တွေကင်းပါစေ၊အခိုက်တွေကွင်းပါစေ ၊အမှိုက်တွေရှင်းပါစေ
ချို့တဲ့နေမယ့်စိတ်ကျန်းမာရေးအရပြောချင်လာတဲ့စကားတွေလည်ချောင်းရိုးအတိုင်းဆစ်ပိုင်းမြှုပ်နှံထားလိုက်တယ် ။



ရတုသစ်

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks