Tuesday, August 6, 2013

ချစ်သူကိုချော့တဲ့ ည

ငိုပါနဲ့မေ
လေပြေဂီတ
ပြေလျော့ကျချိန်
ချစ်ညတေးချင်း
တိုးမျှင်းမျှင်းနဲ့
မု(ဒ်)သွင်း သီဆိုကြရအောင် ။

ပြုံးစမ်းပါမေ
နာနေ ရင်တွင်း
ဒဏ်ရာညှဉ်းလည်း
ရင်ချင်းအပ်ထား
မောင့်ချစ်အားနဲ့
ပန်းများ ပွင့်စေကြရအောင် ။

အိပ်စက်တော့မေ
ညလေညင်းသွဲ့
လရောင်နွဲ့ပေါ့
ဖြစ်ခဲ့အတိတ်
မျက်စိမှိတ်လို့
သော့ပိတ်ဖြေသိမ့်ကြရအောင် ။


ရတုသစ်
၁၃၇၅ ။ ဝါဆိုလဆန်း ၂ရက်
ညေန ၅နာရီ ၅၀မိနစ်

ရင်လွှာဝေးဝေး ဆုတောင်းပေးမယ်

ရင်လွှာဝေးဝေး ဆုတောင်းပေးမယ်


ညတော့ ညပဲ
လင်းနေဆဲစိတ်
ရင်ထဲခုံးထ
ရုန်းကန်ကြွခဲ့
တိတ်က အိပ်မက်
ပြန်နှိပ်စက်စဉ်
ညံ့သက် နှလုံးသား လှပ်လှပ်တုန် ။

အတွေး လှည့်ပတ်
အပူ ဟပ်လည်း
တန့်ရပ်ပစ်ဖို့
အင်အားချို့ခဲ့
စွဲညှို့ထားရာ
ပန်းကမ္ဘာက
ထွက်ခွာချင်စိတ် မရှိဘူးကွယ် ။

မနှင်ပါနဲ့
ကိုယ်ရင်းခဲ့သော
ညရဲ့ဂီတ
ပြင်းရှရှထဲ
ချိုမြ တီးတိုး
လွမ်းစိတ်နှိုးပြီး
ပုန်းလျှိုးငိုရှိုက်ပါရစေနော် ။

သူ..ချန်ထားရစ်
လွမ်း နွံနစ်မိ
အချစ်ခေါ်သံ
ထပ်ထပ်ပြန်ကြား
တောင်ပံ ပြတ်ကြွေ
မြေသက်နေလည်း
ရင်မြေလူးလဲ လာချင်ဆဲပေါ့ ။

အမြဲတမ်းလေ
လွမ်းစိတ်ဖြေလည်း
မပြေနိုင်သေး
စိတ်ထဲလေးကာ
ရပ်ဝေး ခွဲခွာ
သူ့ပုံလွှာကို
စွန့်ကာ မေ့ဖို့ မလွယ်ဘူးကွယ် ။

ဝဋ်ကြွေးလေလား
မဝေဝါးဘူး
သူ့အား ချစ်မိ
အပြစ်ရှိလည်း
ကိုယ်၏ ပြစ်ဒဏ်
ကိုယ်သာခံမည်
သူ့ထံ မသက်ရောက်စေလိုပါ ။

မေတ္တာပေး၍
ရင်မအေးနိုင်
ပူဆွေးခြင်းသာ
ရောက်ရောက်လာပေါ့
ကမ္ဘာတစ်ခြမ်း
အလွမ်းခန်းဖွင့်
မျှော်ကမ်းလင့်လည်း သူ..မသိနိုင် ။

ထားခဲ့တော့လေ
ငဲ့မနေနဲ့
သက်ဝေ ပွင့်သစ်
လန်းဆန်းရစ်ပေါ့
နုမျစ် ချိုသာ
ချစ်တေးလွှာကို
သေချာ ကျူးရင့် သီဆိုရစ်စေ ။
ဝေဆာ ဖူးပွင့် ကြည်ချိုရစ်လေ ။


ရတုသစ်
၂၈၀၇၂၀၁၃
နံနက် ၁၂ နာရီ ၀၅ မိနစ်

ပန်းတိုင်စစ်သို့...ချီရာဝယ်

ပန်းတိုင်စစ်သို့...ချီရာဝယ်


မှုန်ရီဝေ ဝိုးဝါး
မြင်လွှာ၊သိစိတ် မကွဲပြား
ထစ်အ ဉာဏ်လမ်းများ ။

လမ်းများ လျှောက်ရာဝယ်
ရှေ့သို့/နောက်ပြန် ချင့်ချိန်ဖွယ်
ခြေလှမ်း မှန်သင့်တယ် ။

မှန်သင့်သည့် တရား
သူ ၊ ငါ လေးထား မြတ်နိုးသွား
လောကပါလ-အား ။

အား ထုတ်သုံးသောခါ
ဖြူ-မည်း ခွဲခြား ထိန်းချုပ်ပါ
ကျိုးမဲ့ မဖြုန်းရာ ။

မဖြုန်းကြပါနှင့်
အသက်ဉာဏ်စောင့် သုံးပြုသင့်
ဆုံးဇော တိုင်အောင်ကျင့် ။

ကျင့်စဉ် မှန် /မမှန်
ကိုယ်တွင်း ၊ကိုယ်ပ ပြန်ဝေဖန်
စီစစ် စိတ်ဖြာ ဉာဏ် ။

ဉာဏ်မြင် မြဲဖွင့်လှစ်
သတိတရား ခိုင်ခိုင်ကျစ်
ပန်းတိုင်လမ်း အစစ် ။


ရတုသစ်

31072013
9:15 pm

အိပ်မက်ရုပ်ကြွင်း

အိပ်မက်ရုပ်ကြွင်း
============

အိပ်မက် ရုပ်ကြွင်း
လွမ်းအောင် ညှဉ်းခဲ့
အလင်းထဲမှာ
မြင် ဓာတ် ရှာလည်း
တွေ့နိုင် ခဲ ။

အိပ်မက်ရုပ်ကြွင်း
တွေဝေခြင်း နဲ့
မကင်းပြတ်သေး
မှိုင်တွေငေးမြဲ
လေလွင့်ဆဲ ။

အိပ်မက်ရုပ်ကြွင်း
ခါခါငြင်းလည်း
အတင်းတွယ်ငြိ
ရင်ကို ဖိသည်
စိတ် ဝေရီ ။

အိပ်မက်ရုပ်ကြွင်း
ရှိန်ဟုန်ပြင်းခဲ့
မာန်တင်းအန်တု
အာရုံစုလည်း
လျော့ရဲဆဲ ။

အိပ်မက်ရုပ်ကြွင်း
လေညင်းမဟုတ်
ပူရုပ်ကိုဖမ်း
လေကြမ်းမဟုတ်
စိတ်ရှုပ်ထွေးကြောင်း
ရင်ကိုထောင်း၍
ဖြောင်းဖြောင်းကျိုးကြေ
အစိမ်းခြွေသည်
တွေဝေ စိတ်စဉ်
မုန်တိုင်းဝင်သို့ ။ ။


ရတုသစ်
၁၃၇၅ ခုနှစ် ။
ဝါဆိုလဆန်း ၅ရက်
နေ့ ၁၁နာရီ ။ ၅၀ မိနစ်

ဧကရီ...မှာတမ်း

ဧကရီ...မှာတမ်း
~~~~~~~~~

အိပ် မက် စေ ရာ
ဖွေ ရှာ မော မိ
လွမ်း သည့် အ ကြောင်း
စိတ် ထောင်း ကိုယ် ကြေ
ပူ နွေ ရ ထား
ပြေး အား ကောင်း ခဲ့
ရင် နဲ့ ရင်း လျက်
ရ မ္မက် ဝိုင် ချို
သောက် လို လည်း ဝေး
စိတ် ဆွေး ကိုယ် နွမ်း
မော ပန်း ခြင်း သာ
ရောက် လာ ခဲ့ ပြီ ဧကရီ..ရေ..။

မျက် ရည် စွတ် စို
မ ငို ပါ နဲ့
တိုး သဲ့ ရှိုက် သံ
လွင့် ပျံ ပါ နဲ့
တိတ် ရဲ့ ဇာတ် လမ်း
ပြန် တမ်း တ သော်
ရှိုက် နွမ်း သံ တွေ
ရင် ဗွေ တစ် ကြော
ထူ ပြော ခဲ့ ရာ
မျက် နွာ လွှဲ ထား
စဉ်း စား ခြင်း ရပ်
ချစ် မှတ် သ မျှ
လွမ်း ရ လဒ် သာ
နှင်း အပ် ခံ ရ သခင် မ..ရေ.. ။

လွမ်း ည အ လွန်
မင်း ထွန် ယက် ရာ
က မ်ဘာ သီး ခြား
လင်း အား ကောင်း စေ
ပွင့် ဝေ သ မျှ
ချို မြ ပါ စေ
ဝေး နေ သူ က
ဆ န္ဒ ပြု ထား
သူ ကြား စေ သား သိ စေ သား လေ ။

ဆု ခြွေ သ မျှ
သူ...ရ စေ ချင်
ရင် ခွင် အ စစ်
သူ ချစ် တွေ့ လျှက်
အိပ် မက် လှ လှ
ဂီ တ သံ သာ
ဖြေ ရာ တွေ့ ရွိ
မ သိ အ လွမ်း
အ နွမ်း မ တွေ့
ချစ် ငွေ့ ရိပ် မွာ
လွ ဖြာ နေ ရစ်
လွမ်း ကျစ် သည့် ကြိုး
ဝှေ့ တိုး နှောင် ကာ
က မ္ဘာ ခြား ဆီ
သြား ပြီ နှုတ် ဆက်
ငါ လက် ပြ ခဲ့
ည ရဲ့ သီ ချင်း
တိုး ညင်း ရွတ် လျက်
ငါ ထွက် ခွာ ပြီ ဧကရီ...ရေ...
ဝဋ် ကျေ ချိန် က ကြာဦးမည် ။


ရတုသစ်

23072013
8:45 pm

တစ်ပွင့်ပန်း

{ တစ်ပွင့်ပန်း }


ကြင်နာဖယ် ယိမ်း
သူ-ရှောင်တိမ်းလည်း
ပန်းစိမ်း မပွင့်ခဲ့ဘူးပါ ။

မေတ္တာယွင်းချို့
မုန်းစိတ် ညို့လျက်
ဘာလို့ ပစ်ခွာခဲ့လဲ..ဟင်..။

မညှိုးနွမ်းဘူး
ချစ်စိတ်ကူးထား
ပွင့်ဦးသည်းပန်း လန်းဆဲလေ ။

လာပါ ၊ ယူပါ
ဆွတ််ချူလာလှည့်
သူသာ ပန်ဖို့ ပွင့်ထားတယ် ။

တစ်ဖက်ရင်ခွင်
မပျော်ရွှင်ချိန်
ပြန်ဝင်လာခဲ့ ကမ်းလင့်မယ်
ပန်ဆင်လာလှည့် ပန်းဝင့်ထည်(ထယ်) ။


ရတုသစ်
01082013

ဗီလိန်မှတ်စုများ

ဗီလိန် မှတ်စု ( ၁ )

အစိမ်းကြွေ
ကြွေနေတဲ့ပန်းတစ်ပွင့်မို့
ရနံ့သင်းချင်စိတ်လည်း မရွိခဲ့ဘူး ။

ကျွန်တော်တက်နင်းမိတဲ့ ဆူးဟာ
ပြုံးတတ်တယ်
ကျွန်တော် လိမ့်နေအောင်ရှုံးခဲ့ပေါ့ ။
အမုန်းသင်္ချာဆိုရင်
ခုကတည်းက မသင်တော့ဘူး ။

ကျွန်တော်က
ရူးသွပ်နေတဲ့ဗီလိန်တစ်ကောင်ဖြစ်တယ် ။


ဗီလိန်မှတ်စု ( ၂ )

အိုးစွပ်ခွက်စွပ်မစားပါဘူး
ချစ်ခြင်းတရားရယ်
ဘာ့ကြောင့်များ...
ကျွန်တော့်ကိုမှ အမေ့ခံလူသားတစ်ယောက်လို
အမုန်းရင့်အိုတွေနဲ့ စိတ်ကျဉ်းချခဲ့
ကိုယ့်ကိုယ်ကိုပြန်-မ-နေရတော့
အထူအထနှေးကွေးတာဆန်းသလား ့
အချစ်ဒဿနတွေကြားရင်ရယ်ချင်တယ်
ဒီလမ်းတစ်ခုထဲ
ကျွန်တော်နင်းခဲ့တာလှိုင်းထနေတဲ့အပြာ
နောက်တစ်ခါထပ်ကွဲဖို့
အသည်းဟာဖန်ပုလင်းမဟုတ်ခဲ့
အရှုပ်တွေထဲ
ရှင်းအောင်မနေတတ်သေးတဲ့အကျင့်ဆိုး
ကျွန်တော့်လည်ပင်းပြန်စွပ်မယ့်ကြိုးမှန်းသိတယ်
ဖြည်ကြည့်ဖို့မကြိုးစားချင်တဲ့စိတ်
ကျွန်တော့်ဘဝကိုအဆိပ်ခပ်မလား
ကျွန်တော်က
ဗရုတ်ကျတဲ့ဗီလိန်တစ်ကောင်ဖြစ်တယ်။


ဗီလိန်မှတ်စု ( ၃ )

စိတ်နဲ့ကိုယ်က
ညီမျှခြင်းပြမရလောက်တဲ့အထိ
မျဉ်းပြိုင်အစွန်းတွေမှာငြိနေခဲ့
အလှည့်ကျမလားလို့
ပန်းရထားကိုမျှော်မိတယ်။

အိပ်မက်တွေ
မီးပြင်းထိုးထားရတဲ့ရင်ဘတ်ထဲ
ရေခဲရိုက်ခံလိုက်ရတဲ့နားလည်မှုဟာ
ကြေကွဲစွတ်စိုခဲ့ရ
ဘယ်သူ့ကြောင့်မှမဟုတ်ပါဘူး
ကျွန်တော်ကိုယ်တိုင်က
အပူအအေးညှိမရတဲ့ရာသီဥတု ။

အခုထိ
အဖြေမသိပဲဖြေနေတဲ့မေးခွန်းဟာ
ဘယ်လိုမှမမှားဘူးဆိုနိုင်မလား
ကျွန်တော်က
ပုစၧာမှားဖြေမိတဲ့ဗီလိန်တစ်ကောင်ဖြစ်တယ် ။


ဗီလိန်မှတ်စု ( ၄ )

"ငါ့သားစာမေးပွဲကျတယ်ဆို"
အေမ ဒီလိုမေးတယ်
ကျတာမဟုတ်သေးပါဘူး အေမ
အခြေအနေအရ မအောင်သေးတာပါ
အေမ့ခမ်ာ
နှုတ်ဆိတ် ငြိမ်သက်သွားရ
တကယ်လည်းကျွန်တော်မကျပါဘူး အေမ
စာအုပ်ကြည့်မေးတဲ့မေးခွန်းတွေ
အလွတ်ပြန်ဖြေရတာတော့စိတ်လေတယ်။

"စာမှမကျက်ပဲ သားရယ်"တဲ့
ကျွန်တော့်စရိုက်ကိုက
စာကျက်ရတာကိုဆန့်ကျင်တာ
အမေမသိတာလည်းမဟုတ်
အမေ့အတွက်
ကျွန်တော်စုတ်ကောင်လာဘ်ကောင်မဖြစ်ခဲ့
ကဗျာတွေနဲ့နေရတာပျော်တယ် အေမ
ကျွန်တော်က
အချိုးမပြေတဲ့ ဗီလိန်တစ်ကောင်ဖြစ်တယ် ။


ဗီလိန်မှတ်စု ( ၅ )

သေနတ်သံ ဗုံးသံတွေထက်
ချိုးဖြူငှက်သံကိုချစ်မိသူ
ကျွန်တော့်နားတွေဟာ
နားပါးဝစွာအသံအဆင့်အတန်းခွဲခြားလို့
တချို့အသံတွေဟာ
ပဉ္စလက်မကတဲ့မှော်ပညာတွေပါတဲ့အကြောင်း
တစေ့တစောင်းစိတ်ဖြာရ
မောင်းမချဘဲထွက်တဲ့ဓားတွေဟာအသံမမြည်ဘူး
မီးကူးစရာမလိုဘဲထွက်တဲ့ကျည်ဆံဟာ
စူးဝင်မှုအားကောင်းလွန်းလှချည့်
ရှေ့ကြည့်မှန်ဖြုတ်ထားရ
နောက်ကြည့်မှန်တပ်မထားရ့
ဘေးကြည့်မှန်ပါးပါးလေးနဲ့တစောင်းအနေအထား
ကျွန်တော်ဟာ
ဂဏန်းသွား သွားနေတဲ့ဗီလိန်တစ်ကောင်ဖြစ်တယ် ။


ဗီလိန် မှတ်စု ( ၆ )


ကြာတော့
တိမ်တွေငေးကြည့်ရတာ
ပျင်းလာတယ် ။

လေနှင်ရာလွင့်ဖို့ထက်
သီးခြားသတ်မှတ်ချက် ဘာရှိသေးလဲ
စိတ်ထဲလေးလံနေသမျှ
အတိုးချ ရွာပစ်လိုက်ရရင်ကောင်းမယ်။

ဆက်ကြောင်းလွဲနေတဲ့ သိမှုတွေဆီ
ဘယ်လို ဦးတည်ရမှန်းမသိသေးဘူး
စိတ်ကူးတိုင်းသာခြေရာထင်မယ်ဆို
ဘယ်သူ့အလိုတော်အတိုင်းတွေမှ
စောင်းငဲ့ကြည့်စရာမလိုဘူး။

အရူး အရူးချင်း တမူးသာချင်ကြသူတွေထဲ
ကျွန်တော့်ကို မဲမပေးကြပါနဲ့
ကျွန်တော်က
အိပ်ရေးဝဝအိပ်ချင်တဲ့ဗီလိန်တစ်ကောင်ဖြစ်တယ် ။ ။


ဗီလိန်မှတ်စု ( ၇ )

စိတ်ကူးတွေသော့ပိတ်ထားလို့ရရင်
ဘယ်လောက်များအဆင်ပြေလိမ့်မလဲ
တလိမ့်လိမ့်
လှိမ့်ဝင်လာတဲ့အတွေးမှာ
အိပ်ဆေးပြယ်မယ့်ဓာတ်တွေပါလာတယ် ။

အမှတ်တရတွေ
အမှတ်တမဲ့ပြန်မလုပ်နိုင်တဲ့အခါ
ကျွန်တော်သာနွမ်းလျကျန်ခဲ့ရ
ဒုက္ခရဲ့ဆေးရောင်စုံအခင်းအကျင််းထဲ
ကျွန်တော်ပဲ ဇာတ်လိုက်
ကျွန်တော်ပဲ ဗီလိန် ။

လောကစိန်ခေါ်ပွဲကြိုးဝိုင်းမှာ
သရဖူကာကွယ်ဖို့ထက်
လွင့်ထွက်မသွားဖို့ပဲဂရုစိုက်နေရ
အဇ္ဈတ္တချင်း စီးချင်းထိုးတဲ့အချိန်
ကျွန်တော်က
အလင်းမှိန်နေသေးတဲ့ ဗီလိန်တစ်ကောင်ဖြစ်တယ် ။ ။


ဗီလိန် မှတ်စု ( ၈ )

နေ့တစ်ပိုင်းညတစ်ပိုင်းကမ်ဘာထဲ
နာရီတွေရဲ့ခိုးဝှက်ခြင်းမှာ
အိပ်မက်စင်းလုံးချောတွေပျောက်ဆုံးခဲ့ရ
အမေ့ရဲ့သုခအိုးကွဲလေးဟာ
အလင်းကြောက်နာစွဲနေပြီထင်ရဲ့ ။

မကြည်မလင်ဖြစ်နေဆဲဦးနှောက်နဲ့
ခဏ ခဏ ပေါက်ကွဲတတ်တဲ့အခါ
ကျွန်တော်သာ
လူရိုင်းဆန်လာတယ်။

သင်တိုင်းမတတ်တဲ့လူ့ကျင့်ဝတ်တွေဆို
အလိုလို
ရှောင်လွှဲလာမိတာအပြစ်သင့်နိုင်မလား
ကိုယ့်နှလုံးသားကိုယ်
တရားပြန်ချနေရတဲ့အမောအနွမ်းများနဲ့
ပြေးလမ်းတစ်လျှောက်မြူဖုံးနေရဆဲ
ကျွန်တော်က
အလင်းရဲ့စွန့်ပစ်ခံဗီလိန်တစ်ကောင်ဖြစ်တယ် ။ ။


ဗီလိန်မှတ်စု ( ၉ )

မြေလို၊ရေလိုကျင့်ရမလား
လေလို၊မီးလိုကျင့်ရမလား
ဓာတ်လေးပါးယားယံလာတဲ့အခါ
ဘယ်ကျင့်စဉ််နဲ့မှအဆင်မပြေဘူး ။

ညနက်ထဲ
အရိုးစွဲသီဆိုမိတဲ့သီချင်း
သောကြာကြယ်ရေသောက်ဆင်းချိန်ထိ
မပြီးဆုံးသေး
အတိတ်မေ့ဆေးရှိရင်ကောင်းမယ်။

ဆေးသောက်လို့မပျောက်တော့တဲ့
ရောဂါ
ဝဋ်ကြွေးတစ်ခုလို့ဖြေသိမ့်နေရ
ညဟာ
နေရောင်ခြည်ရဲ့မာတိကာလား ။

တရားသားကွာကျလာမှ
အနာဖေးတက်ဒဏ်ရာကိုဖွင့်ကြည့်မိ
ကျွန်တော်က
ကျင့်စဉ်မှားတက်မိတဲ့ဗီလိန်တစ်ကောင်ဖြစ်တယ် ။ ။


ဗီလိန် မှတ်စု ( ၁၀ )

၁၁လပိုင်း၊၁၁ရက်၊ဗြိစ္ဆာရာသီခွင်အကျ
လောကကြီးထဲ
ဗီလိန်တစ်ကောင်ဝင်ရောက်ခဲ့
ဘယ်လောက်မှမတောက်ပြောင်ပါဘူး
သူလိုငါလိုဇာတိအစမှာ ။

မဟာဘုတ်တိုင်ထူကြည့်လည်း
အထွန်းဖွားဟောချက်ပဲ ထွက်တယ်
မဟာဘုတ်မှားတာလား
ပေဖူးဇာတာ လွဲတာလား မသိ
ခုထိ...
ကိုယ့်ခြေရာကိုယ်တွေ့ဖို့
အလဲလဲအကွဲကွဲညှိထွန်းနေရတုန်း။

ကံကြမ္မာ
ရုန်းထလာမလားမျှော်လင့်ချက်နဲ့
ငယ်အိပ်မက်တွေပြန်တူးဖော်မိ
ဘယ်လိုမှ
အစပ်အဟပ်မတည့်တဲ့ပွင့်ဦးတွေ
တဖြုတ်ဖြုတ်ကြွေကျဆင်းသက်လာရဲ့
နောက်တစ်မနက်နေပွင့်တာမြင်ဖို့
ဆုတောင်းအချို့ကိုပြောင်းလဲရမှာလား ။

ကျွန်တော်က
ယတြာချေဖို့မေ့တတ်တဲ့ဗီလိန်တစ်ကောင်ဖြစ်တယ်။ ။


ရတုသစ်

Tuesday, July 9, 2013

ဟဲ မိခြင်းအကြောင်း

အလွဲတွေ တောထနေတဲ့လူများ
မျက်ဝါးထင်ထင် မြင်ခွင့်ရတုန်း
ကျုပ်မပြုံးရင် ကျုပ်အရှုံးပေါ့
ဘယ်တုံးခုန်ခုန် မတိုက်မိအောင်ခုန်နိုင်ခြင်းသည်သာ
အနုပညာ ။

ကိုယ့်အစာကိုယ်ချေနိုင်ပြီဆို
အစာကြေဆေးအကြောင်းတွေးဖို့မလို
ကဲ ...ဘယ်လိုလဲ
အလွဲတွေမြင်လို့ကျုပ် ``ဟဲ တာ
မလွံပါဘူး ။ 

ရတုသစ်
၂၄၀၆၂၀၁၃
10 :50 :AM

အိမ်ပြန်ချင်တဲ့အခါ



မိုးရွာထဲလွှတ်တင်မိတဲ့စွန်ကလေးလို
တစ်ကိုယ်စာလုံခြုံမှုပျောက်ဆုံးခဲ့
ဘယ်လောက်မြှင့်မြှင့်မမြင့်နိုင်တဲ့စိတ်နဲ့
အရိပ်ရှာရင်း မိုးမိရင်းဖြစ်ရ
ခလုတ်ထိမှ ``တ" ရမယ့်အချိန်စောင့်ရမလားမေမေ
ကျွန်တော့်ရှာဖွေခြင်းခရီးစဉ်ထဲ
ဒဏ်ရာတွေပဲများလာတယ်။

အများချိုတိုင်းလိုက်မချိုနိုင်တဲ့အခါ
ကျွန်တော်သာ ခံတွင်းပျက်သူဖြစ်ခဲ့ရ
အပြောကျယ်သလောက်
အကျယ်ပြောတတ်တဲ့လောကမှာ
အမေ့သားက လှောင်ပိတ်မွန်းကြပ်လို့
နှလုံးအားချို့တဲ့နေတဲ့ရပ်ဝန်းများသာ
ကျွန်တော့်ခရီးသွားရာဖြစ်နေသလား
တစ်ခါတစ်ခါသံသယစိတ်ထွားမိရဲ့ ။

သဘောတရားတွေဒွိဟဖြစ်တဲ့အခါ
ကြင်နာစိတ်ကိုမခံစားမိတဲ့အခါ
မာယာလှည့်ကွက်ကိုချွတ်နင်းမိတဲ့အခါ
ဝရံတာလေးနံဘေး
မေမေပေးခဲ့တဲ့သြဝါဒတွေနဲ့အားဖြည့်ရ
လောကကြီးက မမှားဘူးဆိုတာ လက်ခံနိုင်ဖို့
အဝေးကိုပြန်ပြန်ပို့နေရတဲ့စိတ်ကူးများ
ဘယ်အချိန်ပြန်အားပြည့်မလဲ
ဝေခွဲစိတ်ဖြာမရနိုင်တိုင်း
အမေ့ရဲ့အနန္တတံတိုင်းကြီးဆီသာ
မသက်သာမှုတွေပို့လွှတ်မိ
ကျွန်တော့်အတိဒုက္ခတွေ....။ ။

ရတုသစ်
24/06/2013

စတင်ဖွင့်လှစ်ကြောင်းကြေညာခြင်း

ငါကြိုက်ပြီး သူများတွေ မကြိုက်တဲ့ကဗျာ
ငါမကြိုက်ဘဲ သူများတွေ ကြိုက်တဲ့ကဗျာ
ငါလည်းမကြိုက် သူများတွေလည်း မကြိုက်တဲ့ကဗျာ
ဘာမှ တွေးမနေတော့ဘူး
ဟူးခနဲ
သက်ပြင်းရှည်ကြီးတစ်ချက်ဆွဲတယ်
ကပျာကယာနဲ့
တွေးလက်စကို အားကုန်လွှဲပစ်လိုက်တယ်
ကဗျာဟာ
ဗလာနယ်က လာတဲ့အကြောင်း
ကြေညာမောင်းခတ်သံပြန်လာခဲ့
ငါ...
ကဗျာရေးတော့မယ် ။ ။

ရတုသစ်
27062013
3:35PM

လောကပုစ္ဆာထဲမှာ သူရယ်ငါရယမရယ်နိုင်ခဲ့ကြဘူး

သူသိမယ်ထင်ထားတဲ့နှလုံးထွင်းအက္ခရာတွေ
အသံဖြစ်အောင်မပြောင်းနိုင်ခဲ့တာတစ်ခုပဲ
ငါ့မှာ
နောက်ဆံကြိုးဆွဲတင်းခံထားရ
ဘဝကို
ကဗျာထဲထည့်ထည့်မပြောတော့ဘူး ။

နားလည်မှုချင်းကူးလူးဆက်သွယ်ဖို့
ငါတို့မှာ
ဂျီတောခ် လောက်နဲ့မရတော့ဘူး
ဇူကာဘာ့ခ်ရဲ့
မျက်နှာစာအုပ်နဲ့လည်းမပြည့်စုံတော့ဘူး
ဂရေဟမ်ဘဲလ်ရဲ့
တီထွင်မှုနဲ့လည်းမလုံလောက်တော့ဘူး ။

သူ့လက်ထိပ်ဖျားကလေးတွေ
လမ်းသလားခဲ့တဲ့ကီးဘုတ်ခလုတ်တွေထဲ
ငါ့နားလည်ခြင်းတွေအက်ကွဲကုန်သလား
ဝေဝါးတုန်း
ငါနှိပ်မိသွားတဲ့နံပါတ်တစ်ခုရဲ့တုံ့ပြန်မှုမှာ
သူ့အသံအစစ်ကိုမမြင်ခဲ့ရ
ဘဝအမှန်ကိုပြသဖို့
ကြားခံနယ်တွေ ခရီးကြမ်းကုန်ပြီ ။

ကြောင်အမ်းငေးရီနေတဲ့မျက်လုံးတွေ
ရှာဖွေစရာမရှိတော့တဲ့အတိုင်း
ရှိနေတဲ့မရှိခြင်းတွေဆီပဲ
တံတိုင်းမရှိ နံရံမရှိ ငုပ်လျှိုးသွားကြ
ဖွင့်ဟချိန်စောင့်မိတဲ့ရင်ဘတ်ကြီးသာ
အမြုံနာထူပြောခဲ့ပေါ့ ။

သဘောထားမတူခြင်းတွေ တူညီနေတာတစ်ခုနဲ့
အနာဂတ်ကိုဘယ်လိုပြုစုရမလဲ
အဖြေတစ်ခုထက်မကရှိနေနိုင်တာကိုက
လောကပုစၦာ မဟုတ္လား ။

သူ စွန့်ပစ်မသွားခင်
ငါ ထွက်ခွာလိုက်ရမလား
ရင်ဘတ်ထဲ အတွင်းအားပျောက်နေပေါ့
``တစ်နေ့တော့ မေ့မှာပါတဲ့
ဘယ်လိုခွါချချ
ဒီ အမာရွတ် ကွာမကျတော့တာခက်တယ် ။

ရတုသစ်
၂၈၀၆၂၀၁၃
နေ့ ၂ : ၁၅ နာရီ

တစ်မျက်နှာအလွမ်း

စိတ်တောင်ပံတစ်ချက်ခါလိုက်တိုင်း
အတိတ်တွေ
အပြိုင်းအရိုင်းပြိုကျလာခဲ့ ညှိမရတဲ့မျဉ်းကိုမှ
ငါတို့က ပြိုင်ပြေးမိခဲ့ကြ
ဘယ်သူမှ မနိုင်ပါဘူး
မင်းပါးပြင်မျက်ရည်လူးတိုင်း
ငါ့ရင်မှာမုန်တိုင်းထန်ခဲ့ပေါ့
တကယ်ပါ
ငါတို့ဟာ ကံကြမ္မာကို ကိုးစားရင်း
ကံကြမ္မာရဲ့ကစားစရာတွေဖြစ်ခဲ့တယ်
မေ့ပစ်ဖို့မတောင်းဆိုဘူး
ခွင့်မတောင်းဘဲ ထွက်ခွါသွားရင်တောင်
သရုပ်ဆောင်မာယာမပါတဲ့ အလွမ်းနဲ့
ငါ တစ်ယောက်တည်း မှောင်ခဲ့မယ် ။

ရတုသစ်
၂၉-၀၆-၂၀၁၃
မနက် ၂ နာရီ ၄၀မိနစ်

လေနေတဲ့လေထဲမှာ ငါ့အလွမ်းတွေပျံသန်းခွင့်ပျောက်နေတယ်

Networks error ပြနေတဲ့ကွန်ယက်ထဲ
ကြုံရာကျပန်းလှမ်းချိတ်ဆက်နေရတာ Wi-Fi Free ကဖီးလေးတောင်
အားနာနေလောက််ပြီ
တစ်ယောက်ကိုတစ်ယောက် ပို့လွှတ်နေတဲ့ Message တွေ
Sending......မှာပဲ လေခိုသွားကြပေါ့
ငါတို့အချစ်က Connection ကျသွားသလား
``သိကြားစေ သက်သေညွှန်းခွင့် မရှိတော့တဲ့အခါ
ငါ့အရာရာတွေဟာ
တစ်ကိုယ်ရေဗလာထဲ ပျောက်ကျန်ခဲ့
မနက်ဖြန်တွေကိုနောက်ချန်ထားလို့ရရင်
သိပ်ကောင်းမှာပဲ
အတိတ်ဟောင်းလေးနဲ့ငါလွမ်းနေရစ်ပါရစေ
Connection ရေ...
သူအဆင်ပြေဖို့ ငါ့မေတ္တာပို့လွှတ်တဲ့အခါ
တစ်ကြိမ်တစ်ခါလောက်တော့ကောင်းပေးပါ ။

ရတုသစ်
30062013
10:45pm

သူ..မသိရင်

ငါမပျော်ဘူးဆိုတာ
သူမသိရင်
ငါပျော်နေမိမှာပါ ။

ငါရယ်သံများအောက်ခြေမှာ
ကြေကွဲမှုတွေပါတဲ့အကြောင်း
သူမသိရင်
ငါ ကြည်နူးမိမှာပါ ။

ငါ့ကိုယ်ငါအိပ်မက်တာထက်
သူ့အတွက်မက်ရတဲ့အိပ်မက်ကိုပဲ
နှစ်သက်မိတဲ့အကြောင်းကို
ဇာတ်လမ်းဟောင်းလေးထဲ ချန်မထားရက်ခဲ့
ငါ့ အသက်ရှင်မှုမှာ
အလွမ်းတွေနဲ့ပဲဆက်နွယ်ထားရ
ဒီ ဘဝ ဘယ်ကာလာနဲ့ဆိုးလို့မှ
အရောင်မပြောင်းတော့ဘူး။
 
ရတုသစ်

လျှာလည်အောင်ရှာနေရတဲ့ရှာဖွေရေးလျှာများ

သံသရာထဲသံသယအထပ်ထပ်နဲ့ကျွန်တော်တို့
ရှာလေ ဝေးလေ လိုက်တမ်းပြေးတမ်းကစားပွဲမှာ
မိုးမျှော်တေးကိုဆိုတယ်၊ မိုးခြိမ်းသံကြားချင်ကြားရမယ် မသနားဘူး ကိုယ့်ကိုယ်ကို၊ ကျွန်တော်တို့ဟာအတ္တဝင်ကစွပ်ကောင်တွေ
အမြှောင်မယားတစ်ယောက်ရဲ့နာကျင်မှုမျိုးနဲ့ဘယ်ရွေ့ဘယ်မျှ
ကိုယ့်ဘဝကိုယ်ဘယ်နှခါနာကြည်းဘူးပြီလဲ
ရေသွန်ခံရပြီးကိုယ်တိုင်မသောက်သုံးရတဲ့သဲတွေလိုပွယောင်းပေါ့သွပ်ခဲ့ရ
ပက်လက်လှန်တံတွေးထွေးရတာဘယ်လောက်ကောင်းတဲ့မှော်ဝင်မှုမျိုးလဲ
သူများမကောင်းကြောင်းပြောပြီး အာလူးမစားဘူး
ကိုယ့်မကောင်းကြောင်းကိုယ်ပြောပြီးမသူတော်လုပ်မယ်
ဒုက္ခနားနီးလို့ဒုက္ခသည်ဖြစ်ခဲ့ရတာမျိုးမှမဟုတ်ဘဲ
``စကတည်းက ယဉ်သကိုဟန်နဲ့ဘဝထဲဒုက္ခတွေငြိမ့်ငြောင်းနေကြရဲ့
အလှည့်အပြောင်းများသလောက်အပြောင်းအလဲမဖြစ်တဲ့အခါ
ကျွန်တော်တို့လျှာတွေပဲ အော်တိုအိုဗာတိုင်နဲ့ထက်မြစူးရှလို့
ဘယ်သူမှသွေးပေးခဲ့တာမဟုတ်ဘူး၊သေချာတယ်
သံသယတွေနဲ့လက်ပွန်းတတီးဖြစ်ချိန်အတိုင်းအဆအတိုင်း
မှိုင်းမိနေတဲ့ဦးနှောက်ကြီးအပျက်ကြီးတွေစေစားရာ
ကိုယ့်ကိုယ်ကိုပြန်ဖျက်ဖို့သံချေးမတက်သေးတဲ့လျှာများ
ဖြတ်ချခုတ်ပိုင်းစရာလိုက်ရှာနေကြတဲ့ပတ်ဝန်းကျင်ထဲ
ကျွန်တော်တို့လျှာတွေလည်းရှာဖွေရေးခရီးစဉ်မှာလျှာမလည်သရွေ့ရှာနေကြရတယ် ။ ။

ရတုသစ်
၀၂၀၇၂၀၁၃
ည၈နာရီ ၃၅မိနစ်

ခြိုးခြံမိတဲ့ ည

ဒီနေ့ညလည်းမနေ့ကလို
အမှောင်အိုအိုတွေခေါ်လာဦးမလား
လမင်းကိုအားနာလို့
ကြယ်တွေကိုမော့ကြည့်ဖြစ်မှာမဟုတ်သေးဘူး
အရုဏ်ဦးမှာ
ငါ့မြင်လွှာ သဲကွဲရင်တော်ပြီ ။
 

ရတုသစ်

ဆုမတောင်းဖြစ်တဲ့ ည


ဒီည
တစ်လောကလုံး အိပ်စက်ပေးရင်ကောင်းမှာပဲ
ကလေးတစ်ယောက်ရဲ့ရိုးသားခြင်းမျိုးနဲ့
ဝှက်ဖဲတွေ အချိုးကျဖွင့်ဖတ်နေတယ်
ဘယ်လိုတမ်းမက်မှုမျိုးဆီ ဦးတည်ရမလဲ
ကုတ်မရတဲ့ဝဲနဲ့ ညှီတစို့စို့ဟာ
အတွင်းပုပ်နာ ။

ခန္ဓာအကြောင်း မတွေးသေးဘူး
သစ္စာအကြောင်း မဆွေးနွေးဘူး
ရေးတေးတေးလေးအတိုင်း တွေးရင်းငေးလို့
ငါတို့ကျော်ချခဲ့တဲ့သင်ခန်းစာမှာ
အရေးပါတာတွေကျန်ရစ်သလား
ငါတို့ဟာ...
အဖြေမှားလာတဲ့ကျောင်းသားလေးတွေဖြစ်တယ် ။

တစ်ရစ်ချင်း
ညှို့သွင်းခံလိုက်ရတဲ့ ဝင်္ကပါထဲ
လမ်းမှန်ကိုလည်း မရှာနိုင်သေးဘူး ။

ပဒိုင်းဆူးကို ရဲရဲဆုပ်ရင်း
အမှောင်တွေ စီးချင်းထိုးနေတဲ့ကမ္ဘာမှာ
"ငါပြဿနာ"ကိုညှိနှိုင်းနိုင်စေဖို့
ကြယ်တချို့ ကြွေတာတောင်
ငေးယောင်ယောင်လေးပဲကြည့်ဖြစ်ခဲ့
နွံနစ်နေရာက...ငါ
ဆုတောင်းသံတွေ ပွင့်အာလွှင့်ထုတ်လို့မရ
ဒီညလည်း
အမှောင်ဝတ်ရုံပဲ ထည်လဲဝတ်ဖြစ်မှာ သေချာတယ် ။

ရတုသစ်
၀၇၀၇၂၀၁၃
ည၇နာရီ၁၀ မိနစ်
(တနင်္ဂနွေကဗျာမြေသား)

ငါမန္တလေးမှာနေတယ်

တောက်တစ်ချက်ခေါက်ရုံနဲ့
ကမ္ဘာအက်မသွားဘူးဆိုတာ ငါသိတယ်ကိုယ့်လူ
ကိုယ့်အပူနဲ့ကိုယ် ထူနေကျသူချင်း
မင်းကဘာကောင်မို့ အာချောင်နေတာလဲ
မြင်မြင်ရာမမဲချင်လို့ ငါ့ကိုယ်ငါသတိပေးထားတာ
အာပလာတွေတော့ လာမလုပ်နဲ့
ရုတ်ရုတ်ဆို ဒီတိုင်းငြိမ်နေမှာမဟုတ်ဘူး
စောက်ရူးအထာတွေ လာလာမပြစမ်းနဲ့
ကြမ်းကြဟေ့ဆိုရင်ထွက်ခဲ့
မင်း မျက်ခွက်မစုတ်ဘူးကြိုက်သလိုပြော
ငါတေကာ မကောချင်လို့ဇက်သပ်ထားတာ
ဘယ့်နှယ်ကွာ အရေးမပါတာ
မင်း ဘာသာ ဘာကောင်လဲ အရင်ပြန်စစ်ဦး
ပြီးတော့မှ ဝုန်းဒိုင်းကြဲတယ်မပြောနဲ့
ငါ့သေဘာ ငါ့ဆန္ဒ
ငါ့စိတ်တိုင်းကျသလိုနေခွင့်ရှိတယ်
မင်းအသိလေးတစ်ထွာတစ်မိုက်နဲ့
ငါ့ကို လာမတိုက်ခိုက်နဲ့ကိုယ့်လူ
သဘောတူတယ်ဆိုအပြင်မှာတွေ့မယ်
အေး...
မင်းမေ့နေမှာစိုးလို့ပြောလိုက်မယ်
ငါ မန္တလေးမှာနေတယ် ။


ရတုသစ်

Wednesday, June 26, 2013

စိမ်းသက်သက်စိမ့်နေတဲ့အလွမ်း


လမင်းဖမ်းစားတဲ့ညပေါ့
အလှတရားအားလုံး မေ့ဆေးမိကြ
ခဏတာလွင့်သွားတာ မဟုတ်ဘူး
တစ်ဘဝလုံး
အရူးအမူးပိတ်လှောင် ခံထားလက်စ
အကျဉ်းသားတစ်ယောက်
မိုးကုပ်စက်ဝိုင်းအောက်မှာကြယ်ပျောက် ရှာနေမိ
လက််ရှိကိုချိုဖို့ခက်နေတဲ့ဝေးလွင့်ခြေရာတွေ
ခုထိ
စိတ်ချင်းဆက်နယ်နိမိတ်ကို မရောက်သေးဘူး
အလွမ်းဆူး
အရူးခံသပ်သွင်းထားလိုက်ရဲ့
နှုတ်မရမယ့်အတူတူ။ ။

ရတုသစ်

နွေးနေခြည်ဝိုင်

မနက်ခင်းဟာ
အလင်းစတွေနဲ့မနက်အောင်ဖွင့်လှစ်ထားရ
အသားစတစ်ဖတ်ကိုကိုက်ဝါးရင်း
လဖက်ရည်တစ်ဂွပ်ကျိုက်ချရင်း
အတိအလင်းပြောမယ် နွေးနေခြည်ဝိုင်
ငါ့ အရိပ်ကို လာမချုပ်ကိုင်နဲ့
မလိုင်များတဲ့လက်ဖက်ရည်ဆို ငါငြင်းတယ်
ပြန်ကြော်ဆီတဝင်းဝင်းနဲ့ ပလာတာလည်း ငါမစားဘူး
သကြားဖြူးထားတဲ့နံပြား ငါ မကြိုက်ဘူး
အလိုက်အထိုက်လောကထဲ
တစ်ကိုယ်စာအတိုက်အခံများနေခဲ့
အသားသုပ်တစ်ပွဲကုန်တော့မယ်
မော့ချစရာလက်ဖက်ရည်အနည်းငယ်ကျန်သေးရဲ့
ဂျုံနဲ့လုပ်တဲ့မုန့်တွေဟာ
ဘာ့ကြောင့်လက်ဖက်ရည်နဲ့လိုက်ဖက်နေတယ်ဆိုတာ
မတွေးဘူး
ဘယ်သူအစပျိုးပေးခဲ့တာလဲ
အနာနဲ့ဆေးက
တည့်အောင်ပေးတိုင်းလည်းမတည့်တတ်တော့
လက်ဖက်ရည်လက်ကျန်လေးထပ်မော့တယ်
အသားဖတ်လေးတစ်စ ကောက်ဝါးတယ်
တမူထူးခြားလိုက်တာ မဟုတ်ပါဘူး
မင်းနာမည်ပြန်ရွတ်ကြည့်မိကတည်းက
ငါ့မှာ မြင်မြင်ရာဝိရောဓိတွေနဲ့
လူသိမခံတဲ့စိတ္တဇတွေကိုက်ခဲခံရ
စုန်းမတစ်ကောင်ထက်
မင်းပါးစပ်က အစွန်းအထင်းများတယ်
ငါ့တရားနဲ့ငါ မလုံတော့တဲ့အခါ
မျက်လုံးအစုံမှိတ်စင်းထားရ
မင်း အကြောင်းသိရသလောက်
ဘယ်အရာမှ သတင်းမပေါက်တော့ဘူး
ငါ့ရေဒီယံဦးနှောက်မှာ ။ ။

ရတုသစ်
25062013

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks