Thursday, October 24, 2013

ငါ တွေ့ ရန်ကုန်

* ငါတွေ့ ရန်ကုန် * 
 အရင်လို မဟုတ်တော့တာကလွဲလို့
အရင်အတိုင်းပဲ တချို့အရာတွေ
ဒီမြေမှာ ဆက်လက် သီးပွင့်နေကြတုန်း ။

တရုန်းရုန်းချီတက် တဝုန်းဝုန်းတိုးဝှေ့ မြင် ကွင်းဟာ
စိတ်ပြင် ကျယ်ထဲ တရစ်ဝဲဝဲ ပေါ်ပေါ်လာခဲ့ပေါ့
မျှော်တော်ဇောနဲ့မောခဲ့ရတဲ့နေ့များ
ဘယ်ဘုရားသခင်ဆီက ကောင်းချီးပေးချိန်စောင့်ရမလဲ
အသည်းတွေဟာ
မာကြောကြွပ်ဆတ် ထုံအလာကြတယ်။

ခဏလေးများ
ခဏလတ်များ
ခဏကြီးများ များစွာ
ဘယ်ခဏကို လွှာကြည့်ကြည့်
စိတ်နဲ့သိမ်သိမ်မွေ့မွေ့ငြိတာ ရှားလာပြီ ။

ဒါဟာဒါတွေဟာ
ဘဝ ပါလို့ ဘယ်လိုအ ကြောင်းပြပြ
အ မှောင် ချခံနေ့ရက် အသိုးတွေထဲကကိုမလွတ်ခဲ့ဘူး။

စွတ် ရွတ် ချိတ်ဆွဲလိုက်တဲ့ ဆူးခက် ရိုးတံမှာ
လ ရောင် ဝါဝါလေးတောင် မှောင် ခိုစိတ်ကူးသွားရောပေါ့
သော့သော့နှင်လေ ခရီးမတွင်လေဖြစ်နေမှုများ
ဘယ်လမ်းက မောင်းမှ ဂိတ်ဆုံးရောက်မလဲ
စွဲချက်တင် ခံထားရတဲ့ရလိုခြင်းတွေ
ခုထိဆိုင်းငံ့အ ခြေ အ နေကမလွတ်မြောက်သေး
ချိုမြိန်မှုဟာ ဝေး ဝေး လာ တယ်
ခါးသက်မှုဟာ ကပ် ကပ် လာတယ်
ဒီလို အမြတ်အစွန်းမထွက်တဲ့နေ့တွေဆို
သောက်နေကျလက်ဖက် ရည်ဟာမဆိမ့်တော့သလိုပဲ
ဘာကိုစားစားအာဟာရလည်းမဖြစ်တော့ဘူး ။

အညစ်အကြေးအမှိုက်သရိုက်များထဲ
မြောင်းထဲက ရေတွေစီးဝင်ဖို့ အခွင့်အရေး မပေးဘူး
အေးအေးဆေးဆေး ရေ တွေဆန္ဒပြခဲ့ကြလမ်းပေါ်မှာ
လမ်းဟာမလန်းတော့မြစ်ချောင်းယောင်ဆောင်ပြတယ်
တက်မပါတဲ့ကားတွေ
ရေကူးဖို့ခက်ခဲတွန့်ဆုတ်နေကြတုန်း
ရသမျှအချိန်ဟာအတုံးအရုံးလုယက်ခံရပြီ လမ်းပေါ်မှာ ။

အတက်အကျမြန်လွန်းတဲ့ဆက်ဆံရေးနဲ့
ထိုးကျွေးသိပ်ထည့်ပေးထားရတဲ့ယုံကြည်မှုတွေ
ဘယ်လိုဖြေလို့မှမ ပြေတဲ့အဆိပ်ဆူးလို
ဆွဲဖျက်တူးနှုတ်ပစ်လည်းသွေးထွက်သံယိုဖြစ်ဖို့ပဲ ရှိတယ် ။

ပကတိ အတိုင်းမြင်ချင်ရင် မာယာများတတ်မှပေါ့
မလိမ်မိုးမလိမ္မာတွေဆို ဓာတ်စာလိုစားသုံးဖို့အသင့်ပဲ့
လူ့အခွင့်အ ရေးဆိုတာ
လမ်းမပေါ်က လူအုပ်ကြီးတွေရဲ့ပါးစပ်ဖျားမှာ
အခါခါအော်ဟစ်လည်းမကြားချင်ယောင်ဆောင် ထားတဲ့နားတွေ
လမ်းမ တွေဆီခြေဦးမလှည့်ကြဘူး ။

တိုက်တာအ ဆောက်အဦချင်းအရပ် ရှည်ပြိုင် မယ်
လူလူချင်း ယိုင်နဲ့နေတာ ဝိုင်းနှဲ့မယ်
အလှည့်အပြောင်းပြကွက်ချင်း ရှိုးထုတ်မယ်
မိုးကုပ်စက်ဝိုင်းဟာ
တဖြည်းဖြည်းပြန့်ပြူးပြေ လျှောလာတယ်
သဘောရိုးရိုးနဲ့ထွေးဆုပ်ထားတဲ့တွဲလက်တွေ
ရက်ရှည် သိုလှောင်မရတဲ့နေရာဟာ
အဲဒီ ကြားဖူးနားဝနေရာမှာ ရှိနေတုန်းပဲ ။

အတုန်းအရုန်းပြိုကျလာတဲ့ကြပ်ကြပ်တွေ
လမ်းတွေ လူတွေနဲ့ရင် ဘတ် တွေထဲ
ကြိတ်မနိုင် ခဲမရ ဝင် ပူးကပ်ခဲ့ပေါ့
မ နေ တတ် ရင် လှည့်ပြန်ပါ
နေ တတ် ရင် မြန်မြန် ပြန် ပါ
ကြားညှပ် နေတဲ့ ဝေါဟာရ အသုံးတွေနဲ့
ရန်ကုန်ဟာ
လာသမျှတိုင်းကို မဲ့ပြုံး ပြုံးပြတယ်
အဲဒီအပြုံးဟာ
ခါးသက်ပေမဲ့ မျိုချရလွယ်ပါတယ် ။

ရတုသစ် 

ကျွန်တော့် အလင်းမလေး ..သို့

ကျွန်တော့် အလင်းမလေး...သို့

အလင်းဝင်ပါစေဆိုပြီး ဖွင့်လိုက်တာ မဟုတ်ဘူး
အလင်းကို မော်ဖူးဖို့ပဲ စိတ်ကူးရှိခဲ့
ကျွန်တော့်ရူးသွပ်ခြင်းပြတင်းပေါက်ကလေး
အခုဆို
အလင်းရဲ့အငွေ့အသက်ကို လိုက်ငေးလို့ ။

လက်ချင်းချိတ်ပြေးမရတဲ့လမ်းကျဉ်းထဲ
ကျွန်တော်ပဲ နောက်ချန်နေခဲ့မယ် ။

ပုံပြင်တွေထဲကလို
သက်မဲ့တွေ စကားဆိုတတ်ရင် ကျွန်တော်သေပြီပဲ
ဟောင်းနွမ်းစ ဒိုင်ယာရီလေးရယ်
ခေါင်းအုံးနံ့လူးနေတဲ့ပို့စ်ကတ်လေးရယ်
အလင်းမလေးဆီ ပါသွားတဲ့ လက်ဗွေရာလေးတွေရယ်
ကျွန်တော်နဲ့အလင်းမလေးရဲ့ဇာတ်လမ်း
သူတို့မှတ်တမ်းတင်ထားခဲ့ကြ ။

အမှတ်တရ စုံစီနဖာထဲ
ကျွန်တော်အသည်းကွဲနေတဲ့အကြောင်း
ဘယ်လမ်းကြောင်းကမှ သူ့ဆီအရောက်မခံတော့ဘူး ။

အလင်းမလေးရေ...
ကျွန်တော့်ပြတင်းပေါက်လေး ဘယ်လိုပြန်ပိတ်ရပါ့
သက်ပြင်းတစ်ချက်ဖြုတ်ချတိုင်း
ယမမင်းကြီးပြုံးနေပါလိမ့်မယ် ။ ။


ရတုသစ်

တိုက်ပွဲ

တိုက်ပွဲ
 
ကဗျာနဲ့ကဗျာ
ဆရာနဲ့ဆရာ
ဆရာနဲ့ကဗျာ
ကဗျာနဲ့ဆရာ
ဘာကိုယုံကြည်မလဲ
ဆရာသရဏံ ဂစ္ဆာလည်း ငါ မမိဘူး
ကဗျာသရဏံ ဂစ္ဆာလည်း ငါ မမိဘူး

ကိုယ့်ဘာသာမိချင်ရာမိ
ငါ့ အတ္တနဲ့ ငါတောင်
လမ်းဖြောင့်အောင် လျှောက်ဖို့ခက်နေသေးတာ
ဘာကို ထပ်မိအောင် ဖမ်းရဦးမလဲ
ငါ့ အသည်း
အဲဒီလောက်ထိ အပေါစားမဆန်ဘူး
စိတ်လိုလက်ရ ငြင်းဆန်ချင်တဲ့အခါ
မင်း အနုသယထဲက
ပဝါပါးလေးသာ ခွာချထားခဲ့ပါ
ငါ ကြိုး၀ိုင်းထဲက စောင့်နေမယ် ။


ရတုသစ်

(နီးနီးလေးဖြစ်ဖို့လောလောဆယ်ေ၀းေ၀းနေတာကောင်းတယ်)

(နီးနီးလေးဖြစ်ဖို့လောလောဆယ်ေ၀းေ၀းနေတာကောင်းတယ်)

ခဏလောက်တော့ေ၀းေ၀းနေတာကောင်းမယ်ထင်တယ်
ခဏလောက်။ခဏလောက်။ခဏလောက်။ေ၀းေ၀းနေ
ခဏလောက်ကိုခဏလောက်ပဲ ခဏလောက်ေ၀းေ၀း
နေမယ်။နေကြမယ်။ခဏလောက်ခဏလေးေ၀းပြီးရင်း
ေ၀း။ေ၀းဆဲ။ေ၀းနေရတာကိုခဏလောက်လေးေ၀းသာေ၀း
ေ၀းခဲ့တယ်။ေ၀းနေဆဲ။ေ၀းဦးမယ်။ခဏလောက်ခဏလေး
ေ၀းေ၀းလေးလည်းကောင်းပါတယ်။ေ၀းေ၀းကြီးလည်း
ကောင်းပါတယ်။ခဏလောက်တော့ေ၀းေ၀းနေမယ်ေ၀း
ေ၀းနေတဲ့အချစ်ကိုစွဲလမ်းလွန်းလို့ခဏလောက်လေးေ၀း
ေ၀းတာပဲ။ဘာအရေးလဲ။စိတ်ထဲမထားပါနဲ့။ေ၀းသင့်လို့ေ၀း
နေကြတာ။နေနေတာ။နေကြရဦးမှာေ၀းေ၀း။ေ၀းလက်စေ၀း
ခဏလေးပါ။စိတ်မရှိပါနဲ့။ရုပ်ရှိသေးတာပဲ။အောင့်အောင့်ထား
တောင့်တောင့်ထား။လျှော့ချမပစ်နဲ့။ေ၀းေ၀းဟာေ၀းေ၀းမှာေ၀း
ေ၀းနေတာကောင်းလို့ေ၀းချင်သလိုလိုေ၀းရင်းခဏလောက်ေ၀း
ေ၀းေ၀းဟာကြာလာရင်ေ၀းေ၀းသွားမှာ။စိတ်မလျှော့ပါနဲ့ေ၀း
ေ၀းေ၀းဟာေ၀းေ၀းနေလို့မရလို့ေ၀းေ၀းသွားမှာခဏလေးပါ
ေ၀းေ၀းလေးပဲကောင်းပါတယ်။ေ၀းေ၀း။ခဏလောက်။ခဏ
လောက်လောက်မလောက်လောက်ေ၀းေ၀းကိုေ၀းပြီးတဲ့နောက်
ေ၀းေ၀းဟာေ၀ဝါးလာ။ေ၀းေ၀းလာ။ခဏလောက်ဟာခဏနဲ့
မလောက်တဲ့အခါ။ေ၀းေ၀းဟာေ၀းသွားမှာပါ။ခဏတော့စောင့်ပါ
ခဏလေးစောင့်ပါ။ေ၀းေ၀းကိုေ၀းေ၀းသွားအောင်ခဏခဏစောင့်ပါ။


ရတုသစ်

ငါ့ အိတ်ကပ်ထဲမှာတစ်စုံတစ်ရာကိုရှာမတွေ့တဲ့နေ့

ငါ့အိတ်ကပ်ထဲမှာတစ်စုံတစ် ရာကိုရှာမ တွေ့တဲ့နေ့

စိတ်တွေ
ထုံအ တွန့်ခေါက်နေပုံများ
ပထဝီဝင်ထဲက လွှာတွန့်တောင်ဆိုတာ
ပြေးပြေးမြင်နေမိတယ်

လက်ရှိ
တကယ် လက်ပဲရှိတယ်
ကျန်တာ ဘာရှိဖို့လိုဦးမလဲ
လက်ရှိမှာ လက်ရှိနေရင် ကျေနပ်ပြီ
ငါ့ကို ကပ်ချင်တဲ့ တံဆိပ်ကပ်ကြပါတော့ ။

ရတုသစ်
21102013
6:00pm

Tuesday, August 6, 2013

ချစ်သူကိုချော့တဲ့ ည

ငိုပါနဲ့မေ
လေပြေဂီတ
ပြေလျော့ကျချိန်
ချစ်ညတေးချင်း
တိုးမျှင်းမျှင်းနဲ့
မု(ဒ်)သွင်း သီဆိုကြရအောင် ။

ပြုံးစမ်းပါမေ
နာနေ ရင်တွင်း
ဒဏ်ရာညှဉ်းလည်း
ရင်ချင်းအပ်ထား
မောင့်ချစ်အားနဲ့
ပန်းများ ပွင့်စေကြရအောင် ။

အိပ်စက်တော့မေ
ညလေညင်းသွဲ့
လရောင်နွဲ့ပေါ့
ဖြစ်ခဲ့အတိတ်
မျက်စိမှိတ်လို့
သော့ပိတ်ဖြေသိမ့်ကြရအောင် ။


ရတုသစ်
၁၃၇၅ ။ ဝါဆိုလဆန်း ၂ရက်
ညေန ၅နာရီ ၅၀မိနစ်

ရင်လွှာဝေးဝေး ဆုတောင်းပေးမယ်

ရင်လွှာဝေးဝေး ဆုတောင်းပေးမယ်


ညတော့ ညပဲ
လင်းနေဆဲစိတ်
ရင်ထဲခုံးထ
ရုန်းကန်ကြွခဲ့
တိတ်က အိပ်မက်
ပြန်နှိပ်စက်စဉ်
ညံ့သက် နှလုံးသား လှပ်လှပ်တုန် ။

အတွေး လှည့်ပတ်
အပူ ဟပ်လည်း
တန့်ရပ်ပစ်ဖို့
အင်အားချို့ခဲ့
စွဲညှို့ထားရာ
ပန်းကမ္ဘာက
ထွက်ခွာချင်စိတ် မရှိဘူးကွယ် ။

မနှင်ပါနဲ့
ကိုယ်ရင်းခဲ့သော
ညရဲ့ဂီတ
ပြင်းရှရှထဲ
ချိုမြ တီးတိုး
လွမ်းစိတ်နှိုးပြီး
ပုန်းလျှိုးငိုရှိုက်ပါရစေနော် ။

သူ..ချန်ထားရစ်
လွမ်း နွံနစ်မိ
အချစ်ခေါ်သံ
ထပ်ထပ်ပြန်ကြား
တောင်ပံ ပြတ်ကြွေ
မြေသက်နေလည်း
ရင်မြေလူးလဲ လာချင်ဆဲပေါ့ ။

အမြဲတမ်းလေ
လွမ်းစိတ်ဖြေလည်း
မပြေနိုင်သေး
စိတ်ထဲလေးကာ
ရပ်ဝေး ခွဲခွာ
သူ့ပုံလွှာကို
စွန့်ကာ မေ့ဖို့ မလွယ်ဘူးကွယ် ။

ဝဋ်ကြွေးလေလား
မဝေဝါးဘူး
သူ့အား ချစ်မိ
အပြစ်ရှိလည်း
ကိုယ်၏ ပြစ်ဒဏ်
ကိုယ်သာခံမည်
သူ့ထံ မသက်ရောက်စေလိုပါ ။

မေတ္တာပေး၍
ရင်မအေးနိုင်
ပူဆွေးခြင်းသာ
ရောက်ရောက်လာပေါ့
ကမ္ဘာတစ်ခြမ်း
အလွမ်းခန်းဖွင့်
မျှော်ကမ်းလင့်လည်း သူ..မသိနိုင် ။

ထားခဲ့တော့လေ
ငဲ့မနေနဲ့
သက်ဝေ ပွင့်သစ်
လန်းဆန်းရစ်ပေါ့
နုမျစ် ချိုသာ
ချစ်တေးလွှာကို
သေချာ ကျူးရင့် သီဆိုရစ်စေ ။
ဝေဆာ ဖူးပွင့် ကြည်ချိုရစ်လေ ။


ရတုသစ်
၂၈၀၇၂၀၁၃
နံနက် ၁၂ နာရီ ၀၅ မိနစ်

ပန်းတိုင်စစ်သို့...ချီရာဝယ်

ပန်းတိုင်စစ်သို့...ချီရာဝယ်


မှုန်ရီဝေ ဝိုးဝါး
မြင်လွှာ၊သိစိတ် မကွဲပြား
ထစ်အ ဉာဏ်လမ်းများ ။

လမ်းများ လျှောက်ရာဝယ်
ရှေ့သို့/နောက်ပြန် ချင့်ချိန်ဖွယ်
ခြေလှမ်း မှန်သင့်တယ် ။

မှန်သင့်သည့် တရား
သူ ၊ ငါ လေးထား မြတ်နိုးသွား
လောကပါလ-အား ။

အား ထုတ်သုံးသောခါ
ဖြူ-မည်း ခွဲခြား ထိန်းချုပ်ပါ
ကျိုးမဲ့ မဖြုန်းရာ ။

မဖြုန်းကြပါနှင့်
အသက်ဉာဏ်စောင့် သုံးပြုသင့်
ဆုံးဇော တိုင်အောင်ကျင့် ။

ကျင့်စဉ် မှန် /မမှန်
ကိုယ်တွင်း ၊ကိုယ်ပ ပြန်ဝေဖန်
စီစစ် စိတ်ဖြာ ဉာဏ် ။

ဉာဏ်မြင် မြဲဖွင့်လှစ်
သတိတရား ခိုင်ခိုင်ကျစ်
ပန်းတိုင်လမ်း အစစ် ။


ရတုသစ်

31072013
9:15 pm

အိပ်မက်ရုပ်ကြွင်း

အိပ်မက်ရုပ်ကြွင်း
============

အိပ်မက် ရုပ်ကြွင်း
လွမ်းအောင် ညှဉ်းခဲ့
အလင်းထဲမှာ
မြင် ဓာတ် ရှာလည်း
တွေ့နိုင် ခဲ ။

အိပ်မက်ရုပ်ကြွင်း
တွေဝေခြင်း နဲ့
မကင်းပြတ်သေး
မှိုင်တွေငေးမြဲ
လေလွင့်ဆဲ ။

အိပ်မက်ရုပ်ကြွင်း
ခါခါငြင်းလည်း
အတင်းတွယ်ငြိ
ရင်ကို ဖိသည်
စိတ် ဝေရီ ။

အိပ်မက်ရုပ်ကြွင်း
ရှိန်ဟုန်ပြင်းခဲ့
မာန်တင်းအန်တု
အာရုံစုလည်း
လျော့ရဲဆဲ ။

အိပ်မက်ရုပ်ကြွင်း
လေညင်းမဟုတ်
ပူရုပ်ကိုဖမ်း
လေကြမ်းမဟုတ်
စိတ်ရှုပ်ထွေးကြောင်း
ရင်ကိုထောင်း၍
ဖြောင်းဖြောင်းကျိုးကြေ
အစိမ်းခြွေသည်
တွေဝေ စိတ်စဉ်
မုန်တိုင်းဝင်သို့ ။ ။


ရတုသစ်
၁၃၇၅ ခုနှစ် ။
ဝါဆိုလဆန်း ၅ရက်
နေ့ ၁၁နာရီ ။ ၅၀ မိနစ်

ဧကရီ...မှာတမ်း

ဧကရီ...မှာတမ်း
~~~~~~~~~

အိပ် မက် စေ ရာ
ဖွေ ရှာ မော မိ
လွမ်း သည့် အ ကြောင်း
စိတ် ထောင်း ကိုယ် ကြေ
ပူ နွေ ရ ထား
ပြေး အား ကောင်း ခဲ့
ရင် နဲ့ ရင်း လျက်
ရ မ္မက် ဝိုင် ချို
သောက် လို လည်း ဝေး
စိတ် ဆွေး ကိုယ် နွမ်း
မော ပန်း ခြင်း သာ
ရောက် လာ ခဲ့ ပြီ ဧကရီ..ရေ..။

မျက် ရည် စွတ် စို
မ ငို ပါ နဲ့
တိုး သဲ့ ရှိုက် သံ
လွင့် ပျံ ပါ နဲ့
တိတ် ရဲ့ ဇာတ် လမ်း
ပြန် တမ်း တ သော်
ရှိုက် နွမ်း သံ တွေ
ရင် ဗွေ တစ် ကြော
ထူ ပြော ခဲ့ ရာ
မျက် နွာ လွှဲ ထား
စဉ်း စား ခြင်း ရပ်
ချစ် မှတ် သ မျှ
လွမ်း ရ လဒ် သာ
နှင်း အပ် ခံ ရ သခင် မ..ရေ.. ။

လွမ်း ည အ လွန်
မင်း ထွန် ယက် ရာ
က မ်ဘာ သီး ခြား
လင်း အား ကောင်း စေ
ပွင့် ဝေ သ မျှ
ချို မြ ပါ စေ
ဝေး နေ သူ က
ဆ န္ဒ ပြု ထား
သူ ကြား စေ သား သိ စေ သား လေ ။

ဆု ခြွေ သ မျှ
သူ...ရ စေ ချင်
ရင် ခွင် အ စစ်
သူ ချစ် တွေ့ လျှက်
အိပ် မက် လှ လှ
ဂီ တ သံ သာ
ဖြေ ရာ တွေ့ ရွိ
မ သိ အ လွမ်း
အ နွမ်း မ တွေ့
ချစ် ငွေ့ ရိပ် မွာ
လွ ဖြာ နေ ရစ်
လွမ်း ကျစ် သည့် ကြိုး
ဝှေ့ တိုး နှောင် ကာ
က မ္ဘာ ခြား ဆီ
သြား ပြီ နှုတ် ဆက်
ငါ လက် ပြ ခဲ့
ည ရဲ့ သီ ချင်း
တိုး ညင်း ရွတ် လျက်
ငါ ထွက် ခွာ ပြီ ဧကရီ...ရေ...
ဝဋ် ကျေ ချိန် က ကြာဦးမည် ။


ရတုသစ်

23072013
8:45 pm

တစ်ပွင့်ပန်း

{ တစ်ပွင့်ပန်း }


ကြင်နာဖယ် ယိမ်း
သူ-ရှောင်တိမ်းလည်း
ပန်းစိမ်း မပွင့်ခဲ့ဘူးပါ ။

မေတ္တာယွင်းချို့
မုန်းစိတ် ညို့လျက်
ဘာလို့ ပစ်ခွာခဲ့လဲ..ဟင်..။

မညှိုးနွမ်းဘူး
ချစ်စိတ်ကူးထား
ပွင့်ဦးသည်းပန်း လန်းဆဲလေ ။

လာပါ ၊ ယူပါ
ဆွတ််ချူလာလှည့်
သူသာ ပန်ဖို့ ပွင့်ထားတယ် ။

တစ်ဖက်ရင်ခွင်
မပျော်ရွှင်ချိန်
ပြန်ဝင်လာခဲ့ ကမ်းလင့်မယ်
ပန်ဆင်လာလှည့် ပန်းဝင့်ထည်(ထယ်) ။


ရတုသစ်
01082013

ဗီလိန်မှတ်စုများ

ဗီလိန် မှတ်စု ( ၁ )

အစိမ်းကြွေ
ကြွေနေတဲ့ပန်းတစ်ပွင့်မို့
ရနံ့သင်းချင်စိတ်လည်း မရွိခဲ့ဘူး ။

ကျွန်တော်တက်နင်းမိတဲ့ ဆူးဟာ
ပြုံးတတ်တယ်
ကျွန်တော် လိမ့်နေအောင်ရှုံးခဲ့ပေါ့ ။
အမုန်းသင်္ချာဆိုရင်
ခုကတည်းက မသင်တော့ဘူး ။

ကျွန်တော်က
ရူးသွပ်နေတဲ့ဗီလိန်တစ်ကောင်ဖြစ်တယ် ။


ဗီလိန်မှတ်စု ( ၂ )

အိုးစွပ်ခွက်စွပ်မစားပါဘူး
ချစ်ခြင်းတရားရယ်
ဘာ့ကြောင့်များ...
ကျွန်တော့်ကိုမှ အမေ့ခံလူသားတစ်ယောက်လို
အမုန်းရင့်အိုတွေနဲ့ စိတ်ကျဉ်းချခဲ့
ကိုယ့်ကိုယ်ကိုပြန်-မ-နေရတော့
အထူအထနှေးကွေးတာဆန်းသလား ့
အချစ်ဒဿနတွေကြားရင်ရယ်ချင်တယ်
ဒီလမ်းတစ်ခုထဲ
ကျွန်တော်နင်းခဲ့တာလှိုင်းထနေတဲ့အပြာ
နောက်တစ်ခါထပ်ကွဲဖို့
အသည်းဟာဖန်ပုလင်းမဟုတ်ခဲ့
အရှုပ်တွေထဲ
ရှင်းအောင်မနေတတ်သေးတဲ့အကျင့်ဆိုး
ကျွန်တော့်လည်ပင်းပြန်စွပ်မယ့်ကြိုးမှန်းသိတယ်
ဖြည်ကြည့်ဖို့မကြိုးစားချင်တဲ့စိတ်
ကျွန်တော့်ဘဝကိုအဆိပ်ခပ်မလား
ကျွန်တော်က
ဗရုတ်ကျတဲ့ဗီလိန်တစ်ကောင်ဖြစ်တယ်။


ဗီလိန်မှတ်စု ( ၃ )

စိတ်နဲ့ကိုယ်က
ညီမျှခြင်းပြမရလောက်တဲ့အထိ
မျဉ်းပြိုင်အစွန်းတွေမှာငြိနေခဲ့
အလှည့်ကျမလားလို့
ပန်းရထားကိုမျှော်မိတယ်။

အိပ်မက်တွေ
မီးပြင်းထိုးထားရတဲ့ရင်ဘတ်ထဲ
ရေခဲရိုက်ခံလိုက်ရတဲ့နားလည်မှုဟာ
ကြေကွဲစွတ်စိုခဲ့ရ
ဘယ်သူ့ကြောင့်မှမဟုတ်ပါဘူး
ကျွန်တော်ကိုယ်တိုင်က
အပူအအေးညှိမရတဲ့ရာသီဥတု ။

အခုထိ
အဖြေမသိပဲဖြေနေတဲ့မေးခွန်းဟာ
ဘယ်လိုမှမမှားဘူးဆိုနိုင်မလား
ကျွန်တော်က
ပုစၧာမှားဖြေမိတဲ့ဗီလိန်တစ်ကောင်ဖြစ်တယ် ။


ဗီလိန်မှတ်စု ( ၄ )

"ငါ့သားစာမေးပွဲကျတယ်ဆို"
အေမ ဒီလိုမေးတယ်
ကျတာမဟုတ်သေးပါဘူး အေမ
အခြေအနေအရ မအောင်သေးတာပါ
အေမ့ခမ်ာ
နှုတ်ဆိတ် ငြိမ်သက်သွားရ
တကယ်လည်းကျွန်တော်မကျပါဘူး အေမ
စာအုပ်ကြည့်မေးတဲ့မေးခွန်းတွေ
အလွတ်ပြန်ဖြေရတာတော့စိတ်လေတယ်။

"စာမှမကျက်ပဲ သားရယ်"တဲ့
ကျွန်တော့်စရိုက်ကိုက
စာကျက်ရတာကိုဆန့်ကျင်တာ
အမေမသိတာလည်းမဟုတ်
အမေ့အတွက်
ကျွန်တော်စုတ်ကောင်လာဘ်ကောင်မဖြစ်ခဲ့
ကဗျာတွေနဲ့နေရတာပျော်တယ် အေမ
ကျွန်တော်က
အချိုးမပြေတဲ့ ဗီလိန်တစ်ကောင်ဖြစ်တယ် ။


ဗီလိန်မှတ်စု ( ၅ )

သေနတ်သံ ဗုံးသံတွေထက်
ချိုးဖြူငှက်သံကိုချစ်မိသူ
ကျွန်တော့်နားတွေဟာ
နားပါးဝစွာအသံအဆင့်အတန်းခွဲခြားလို့
တချို့အသံတွေဟာ
ပဉ္စလက်မကတဲ့မှော်ပညာတွေပါတဲ့အကြောင်း
တစေ့တစောင်းစိတ်ဖြာရ
မောင်းမချဘဲထွက်တဲ့ဓားတွေဟာအသံမမြည်ဘူး
မီးကူးစရာမလိုဘဲထွက်တဲ့ကျည်ဆံဟာ
စူးဝင်မှုအားကောင်းလွန်းလှချည့်
ရှေ့ကြည့်မှန်ဖြုတ်ထားရ
နောက်ကြည့်မှန်တပ်မထားရ့
ဘေးကြည့်မှန်ပါးပါးလေးနဲ့တစောင်းအနေအထား
ကျွန်တော်ဟာ
ဂဏန်းသွား သွားနေတဲ့ဗီလိန်တစ်ကောင်ဖြစ်တယ် ။


ဗီလိန် မှတ်စု ( ၆ )


ကြာတော့
တိမ်တွေငေးကြည့်ရတာ
ပျင်းလာတယ် ။

လေနှင်ရာလွင့်ဖို့ထက်
သီးခြားသတ်မှတ်ချက် ဘာရှိသေးလဲ
စိတ်ထဲလေးလံနေသမျှ
အတိုးချ ရွာပစ်လိုက်ရရင်ကောင်းမယ်။

ဆက်ကြောင်းလွဲနေတဲ့ သိမှုတွေဆီ
ဘယ်လို ဦးတည်ရမှန်းမသိသေးဘူး
စိတ်ကူးတိုင်းသာခြေရာထင်မယ်ဆို
ဘယ်သူ့အလိုတော်အတိုင်းတွေမှ
စောင်းငဲ့ကြည့်စရာမလိုဘူး။

အရူး အရူးချင်း တမူးသာချင်ကြသူတွေထဲ
ကျွန်တော့်ကို မဲမပေးကြပါနဲ့
ကျွန်တော်က
အိပ်ရေးဝဝအိပ်ချင်တဲ့ဗီလိန်တစ်ကောင်ဖြစ်တယ် ။ ။


ဗီလိန်မှတ်စု ( ၇ )

စိတ်ကူးတွေသော့ပိတ်ထားလို့ရရင်
ဘယ်လောက်များအဆင်ပြေလိမ့်မလဲ
တလိမ့်လိမ့်
လှိမ့်ဝင်လာတဲ့အတွေးမှာ
အိပ်ဆေးပြယ်မယ့်ဓာတ်တွေပါလာတယ် ။

အမှတ်တရတွေ
အမှတ်တမဲ့ပြန်မလုပ်နိုင်တဲ့အခါ
ကျွန်တော်သာနွမ်းလျကျန်ခဲ့ရ
ဒုက္ခရဲ့ဆေးရောင်စုံအခင်းအကျင််းထဲ
ကျွန်တော်ပဲ ဇာတ်လိုက်
ကျွန်တော်ပဲ ဗီလိန် ။

လောကစိန်ခေါ်ပွဲကြိုးဝိုင်းမှာ
သရဖူကာကွယ်ဖို့ထက်
လွင့်ထွက်မသွားဖို့ပဲဂရုစိုက်နေရ
အဇ္ဈတ္တချင်း စီးချင်းထိုးတဲ့အချိန်
ကျွန်တော်က
အလင်းမှိန်နေသေးတဲ့ ဗီလိန်တစ်ကောင်ဖြစ်တယ် ။ ။


ဗီလိန် မှတ်စု ( ၈ )

နေ့တစ်ပိုင်းညတစ်ပိုင်းကမ်ဘာထဲ
နာရီတွေရဲ့ခိုးဝှက်ခြင်းမှာ
အိပ်မက်စင်းလုံးချောတွေပျောက်ဆုံးခဲ့ရ
အမေ့ရဲ့သုခအိုးကွဲလေးဟာ
အလင်းကြောက်နာစွဲနေပြီထင်ရဲ့ ။

မကြည်မလင်ဖြစ်နေဆဲဦးနှောက်နဲ့
ခဏ ခဏ ပေါက်ကွဲတတ်တဲ့အခါ
ကျွန်တော်သာ
လူရိုင်းဆန်လာတယ်။

သင်တိုင်းမတတ်တဲ့လူ့ကျင့်ဝတ်တွေဆို
အလိုလို
ရှောင်လွှဲလာမိတာအပြစ်သင့်နိုင်မလား
ကိုယ့်နှလုံးသားကိုယ်
တရားပြန်ချနေရတဲ့အမောအနွမ်းများနဲ့
ပြေးလမ်းတစ်လျှောက်မြူဖုံးနေရဆဲ
ကျွန်တော်က
အလင်းရဲ့စွန့်ပစ်ခံဗီလိန်တစ်ကောင်ဖြစ်တယ် ။ ။


ဗီလိန်မှတ်စု ( ၉ )

မြေလို၊ရေလိုကျင့်ရမလား
လေလို၊မီးလိုကျင့်ရမလား
ဓာတ်လေးပါးယားယံလာတဲ့အခါ
ဘယ်ကျင့်စဉ််နဲ့မှအဆင်မပြေဘူး ။

ညနက်ထဲ
အရိုးစွဲသီဆိုမိတဲ့သီချင်း
သောကြာကြယ်ရေသောက်ဆင်းချိန်ထိ
မပြီးဆုံးသေး
အတိတ်မေ့ဆေးရှိရင်ကောင်းမယ်။

ဆေးသောက်လို့မပျောက်တော့တဲ့
ရောဂါ
ဝဋ်ကြွေးတစ်ခုလို့ဖြေသိမ့်နေရ
ညဟာ
နေရောင်ခြည်ရဲ့မာတိကာလား ။

တရားသားကွာကျလာမှ
အနာဖေးတက်ဒဏ်ရာကိုဖွင့်ကြည့်မိ
ကျွန်တော်က
ကျင့်စဉ်မှားတက်မိတဲ့ဗီလိန်တစ်ကောင်ဖြစ်တယ် ။ ။


ဗီလိန် မှတ်စု ( ၁၀ )

၁၁လပိုင်း၊၁၁ရက်၊ဗြိစ္ဆာရာသီခွင်အကျ
လောကကြီးထဲ
ဗီလိန်တစ်ကောင်ဝင်ရောက်ခဲ့
ဘယ်လောက်မှမတောက်ပြောင်ပါဘူး
သူလိုငါလိုဇာတိအစမှာ ။

မဟာဘုတ်တိုင်ထူကြည့်လည်း
အထွန်းဖွားဟောချက်ပဲ ထွက်တယ်
မဟာဘုတ်မှားတာလား
ပေဖူးဇာတာ လွဲတာလား မသိ
ခုထိ...
ကိုယ့်ခြေရာကိုယ်တွေ့ဖို့
အလဲလဲအကွဲကွဲညှိထွန်းနေရတုန်း။

ကံကြမ္မာ
ရုန်းထလာမလားမျှော်လင့်ချက်နဲ့
ငယ်အိပ်မက်တွေပြန်တူးဖော်မိ
ဘယ်လိုမှ
အစပ်အဟပ်မတည့်တဲ့ပွင့်ဦးတွေ
တဖြုတ်ဖြုတ်ကြွေကျဆင်းသက်လာရဲ့
နောက်တစ်မနက်နေပွင့်တာမြင်ဖို့
ဆုတောင်းအချို့ကိုပြောင်းလဲရမှာလား ။

ကျွန်တော်က
ယတြာချေဖို့မေ့တတ်တဲ့ဗီလိန်တစ်ကောင်ဖြစ်တယ်။ ။


ရတုသစ်

Tuesday, July 9, 2013

ဟဲ မိခြင်းအကြောင်း

အလွဲတွေ တောထနေတဲ့လူများ
မျက်ဝါးထင်ထင် မြင်ခွင့်ရတုန်း
ကျုပ်မပြုံးရင် ကျုပ်အရှုံးပေါ့
ဘယ်တုံးခုန်ခုန် မတိုက်မိအောင်ခုန်နိုင်ခြင်းသည်သာ
အနုပညာ ။

ကိုယ့်အစာကိုယ်ချေနိုင်ပြီဆို
အစာကြေဆေးအကြောင်းတွေးဖို့မလို
ကဲ ...ဘယ်လိုလဲ
အလွဲတွေမြင်လို့ကျုပ် ``ဟဲ တာ
မလွံပါဘူး ။ 

ရတုသစ်
၂၄၀၆၂၀၁၃
10 :50 :AM

အိမ်ပြန်ချင်တဲ့အခါ



မိုးရွာထဲလွှတ်တင်မိတဲ့စွန်ကလေးလို
တစ်ကိုယ်စာလုံခြုံမှုပျောက်ဆုံးခဲ့
ဘယ်လောက်မြှင့်မြှင့်မမြင့်နိုင်တဲ့စိတ်နဲ့
အရိပ်ရှာရင်း မိုးမိရင်းဖြစ်ရ
ခလုတ်ထိမှ ``တ" ရမယ့်အချိန်စောင့်ရမလားမေမေ
ကျွန်တော့်ရှာဖွေခြင်းခရီးစဉ်ထဲ
ဒဏ်ရာတွေပဲများလာတယ်။

အများချိုတိုင်းလိုက်မချိုနိုင်တဲ့အခါ
ကျွန်တော်သာ ခံတွင်းပျက်သူဖြစ်ခဲ့ရ
အပြောကျယ်သလောက်
အကျယ်ပြောတတ်တဲ့လောကမှာ
အမေ့သားက လှောင်ပိတ်မွန်းကြပ်လို့
နှလုံးအားချို့တဲ့နေတဲ့ရပ်ဝန်းများသာ
ကျွန်တော့်ခရီးသွားရာဖြစ်နေသလား
တစ်ခါတစ်ခါသံသယစိတ်ထွားမိရဲ့ ။

သဘောတရားတွေဒွိဟဖြစ်တဲ့အခါ
ကြင်နာစိတ်ကိုမခံစားမိတဲ့အခါ
မာယာလှည့်ကွက်ကိုချွတ်နင်းမိတဲ့အခါ
ဝရံတာလေးနံဘေး
မေမေပေးခဲ့တဲ့သြဝါဒတွေနဲ့အားဖြည့်ရ
လောကကြီးက မမှားဘူးဆိုတာ လက်ခံနိုင်ဖို့
အဝေးကိုပြန်ပြန်ပို့နေရတဲ့စိတ်ကူးများ
ဘယ်အချိန်ပြန်အားပြည့်မလဲ
ဝေခွဲစိတ်ဖြာမရနိုင်တိုင်း
အမေ့ရဲ့အနန္တတံတိုင်းကြီးဆီသာ
မသက်သာမှုတွေပို့လွှတ်မိ
ကျွန်တော့်အတိဒုက္ခတွေ....။ ။

ရတုသစ်
24/06/2013

စတင်ဖွင့်လှစ်ကြောင်းကြေညာခြင်း

ငါကြိုက်ပြီး သူများတွေ မကြိုက်တဲ့ကဗျာ
ငါမကြိုက်ဘဲ သူများတွေ ကြိုက်တဲ့ကဗျာ
ငါလည်းမကြိုက် သူများတွေလည်း မကြိုက်တဲ့ကဗျာ
ဘာမှ တွေးမနေတော့ဘူး
ဟူးခနဲ
သက်ပြင်းရှည်ကြီးတစ်ချက်ဆွဲတယ်
ကပျာကယာနဲ့
တွေးလက်စကို အားကုန်လွှဲပစ်လိုက်တယ်
ကဗျာဟာ
ဗလာနယ်က လာတဲ့အကြောင်း
ကြေညာမောင်းခတ်သံပြန်လာခဲ့
ငါ...
ကဗျာရေးတော့မယ် ။ ။

ရတုသစ်
27062013
3:35PM

လောကပုစ္ဆာထဲမှာ သူရယ်ငါရယမရယ်နိုင်ခဲ့ကြဘူး

သူသိမယ်ထင်ထားတဲ့နှလုံးထွင်းအက္ခရာတွေ
အသံဖြစ်အောင်မပြောင်းနိုင်ခဲ့တာတစ်ခုပဲ
ငါ့မှာ
နောက်ဆံကြိုးဆွဲတင်းခံထားရ
ဘဝကို
ကဗျာထဲထည့်ထည့်မပြောတော့ဘူး ။

နားလည်မှုချင်းကူးလူးဆက်သွယ်ဖို့
ငါတို့မှာ
ဂျီတောခ် လောက်နဲ့မရတော့ဘူး
ဇူကာဘာ့ခ်ရဲ့
မျက်နှာစာအုပ်နဲ့လည်းမပြည့်စုံတော့ဘူး
ဂရေဟမ်ဘဲလ်ရဲ့
တီထွင်မှုနဲ့လည်းမလုံလောက်တော့ဘူး ။

သူ့လက်ထိပ်ဖျားကလေးတွေ
လမ်းသလားခဲ့တဲ့ကီးဘုတ်ခလုတ်တွေထဲ
ငါ့နားလည်ခြင်းတွေအက်ကွဲကုန်သလား
ဝေဝါးတုန်း
ငါနှိပ်မိသွားတဲ့နံပါတ်တစ်ခုရဲ့တုံ့ပြန်မှုမှာ
သူ့အသံအစစ်ကိုမမြင်ခဲ့ရ
ဘဝအမှန်ကိုပြသဖို့
ကြားခံနယ်တွေ ခရီးကြမ်းကုန်ပြီ ။

ကြောင်အမ်းငေးရီနေတဲ့မျက်လုံးတွေ
ရှာဖွေစရာမရှိတော့တဲ့အတိုင်း
ရှိနေတဲ့မရှိခြင်းတွေဆီပဲ
တံတိုင်းမရှိ နံရံမရှိ ငုပ်လျှိုးသွားကြ
ဖွင့်ဟချိန်စောင့်မိတဲ့ရင်ဘတ်ကြီးသာ
အမြုံနာထူပြောခဲ့ပေါ့ ။

သဘောထားမတူခြင်းတွေ တူညီနေတာတစ်ခုနဲ့
အနာဂတ်ကိုဘယ်လိုပြုစုရမလဲ
အဖြေတစ်ခုထက်မကရှိနေနိုင်တာကိုက
လောကပုစၦာ မဟုတ္လား ။

သူ စွန့်ပစ်မသွားခင်
ငါ ထွက်ခွာလိုက်ရမလား
ရင်ဘတ်ထဲ အတွင်းအားပျောက်နေပေါ့
``တစ်နေ့တော့ မေ့မှာပါတဲ့
ဘယ်လိုခွါချချ
ဒီ အမာရွတ် ကွာမကျတော့တာခက်တယ် ။

ရတုသစ်
၂၈၀၆၂၀၁၃
နေ့ ၂ : ၁၅ နာရီ

တစ်မျက်နှာအလွမ်း

စိတ်တောင်ပံတစ်ချက်ခါလိုက်တိုင်း
အတိတ်တွေ
အပြိုင်းအရိုင်းပြိုကျလာခဲ့ ညှိမရတဲ့မျဉ်းကိုမှ
ငါတို့က ပြိုင်ပြေးမိခဲ့ကြ
ဘယ်သူမှ မနိုင်ပါဘူး
မင်းပါးပြင်မျက်ရည်လူးတိုင်း
ငါ့ရင်မှာမုန်တိုင်းထန်ခဲ့ပေါ့
တကယ်ပါ
ငါတို့ဟာ ကံကြမ္မာကို ကိုးစားရင်း
ကံကြမ္မာရဲ့ကစားစရာတွေဖြစ်ခဲ့တယ်
မေ့ပစ်ဖို့မတောင်းဆိုဘူး
ခွင့်မတောင်းဘဲ ထွက်ခွါသွားရင်တောင်
သရုပ်ဆောင်မာယာမပါတဲ့ အလွမ်းနဲ့
ငါ တစ်ယောက်တည်း မှောင်ခဲ့မယ် ။

ရတုသစ်
၂၉-၀၆-၂၀၁၃
မနက် ၂ နာရီ ၄၀မိနစ်

လေနေတဲ့လေထဲမှာ ငါ့အလွမ်းတွေပျံသန်းခွင့်ပျောက်နေတယ်

Networks error ပြနေတဲ့ကွန်ယက်ထဲ
ကြုံရာကျပန်းလှမ်းချိတ်ဆက်နေရတာ Wi-Fi Free ကဖီးလေးတောင်
အားနာနေလောက််ပြီ
တစ်ယောက်ကိုတစ်ယောက် ပို့လွှတ်နေတဲ့ Message တွေ
Sending......မှာပဲ လေခိုသွားကြပေါ့
ငါတို့အချစ်က Connection ကျသွားသလား
``သိကြားစေ သက်သေညွှန်းခွင့် မရှိတော့တဲ့အခါ
ငါ့အရာရာတွေဟာ
တစ်ကိုယ်ရေဗလာထဲ ပျောက်ကျန်ခဲ့
မနက်ဖြန်တွေကိုနောက်ချန်ထားလို့ရရင်
သိပ်ကောင်းမှာပဲ
အတိတ်ဟောင်းလေးနဲ့ငါလွမ်းနေရစ်ပါရစေ
Connection ရေ...
သူအဆင်ပြေဖို့ ငါ့မေတ္တာပို့လွှတ်တဲ့အခါ
တစ်ကြိမ်တစ်ခါလောက်တော့ကောင်းပေးပါ ။

ရတုသစ်
30062013
10:45pm

သူ..မသိရင်

ငါမပျော်ဘူးဆိုတာ
သူမသိရင်
ငါပျော်နေမိမှာပါ ။

ငါရယ်သံများအောက်ခြေမှာ
ကြေကွဲမှုတွေပါတဲ့အကြောင်း
သူမသိရင်
ငါ ကြည်နူးမိမှာပါ ။

ငါ့ကိုယ်ငါအိပ်မက်တာထက်
သူ့အတွက်မက်ရတဲ့အိပ်မက်ကိုပဲ
နှစ်သက်မိတဲ့အကြောင်းကို
ဇာတ်လမ်းဟောင်းလေးထဲ ချန်မထားရက်ခဲ့
ငါ့ အသက်ရှင်မှုမှာ
အလွမ်းတွေနဲ့ပဲဆက်နွယ်ထားရ
ဒီ ဘဝ ဘယ်ကာလာနဲ့ဆိုးလို့မှ
အရောင်မပြောင်းတော့ဘူး။
 
ရတုသစ်

လျှာလည်အောင်ရှာနေရတဲ့ရှာဖွေရေးလျှာများ

သံသရာထဲသံသယအထပ်ထပ်နဲ့ကျွန်တော်တို့
ရှာလေ ဝေးလေ လိုက်တမ်းပြေးတမ်းကစားပွဲမှာ
မိုးမျှော်တေးကိုဆိုတယ်၊ မိုးခြိမ်းသံကြားချင်ကြားရမယ် မသနားဘူး ကိုယ့်ကိုယ်ကို၊ ကျွန်တော်တို့ဟာအတ္တဝင်ကစွပ်ကောင်တွေ
အမြှောင်မယားတစ်ယောက်ရဲ့နာကျင်မှုမျိုးနဲ့ဘယ်ရွေ့ဘယ်မျှ
ကိုယ့်ဘဝကိုယ်ဘယ်နှခါနာကြည်းဘူးပြီလဲ
ရေသွန်ခံရပြီးကိုယ်တိုင်မသောက်သုံးရတဲ့သဲတွေလိုပွယောင်းပေါ့သွပ်ခဲ့ရ
ပက်လက်လှန်တံတွေးထွေးရတာဘယ်လောက်ကောင်းတဲ့မှော်ဝင်မှုမျိုးလဲ
သူများမကောင်းကြောင်းပြောပြီး အာလူးမစားဘူး
ကိုယ့်မကောင်းကြောင်းကိုယ်ပြောပြီးမသူတော်လုပ်မယ်
ဒုက္ခနားနီးလို့ဒုက္ခသည်ဖြစ်ခဲ့ရတာမျိုးမှမဟုတ်ဘဲ
``စကတည်းက ယဉ်သကိုဟန်နဲ့ဘဝထဲဒုက္ခတွေငြိမ့်ငြောင်းနေကြရဲ့
အလှည့်အပြောင်းများသလောက်အပြောင်းအလဲမဖြစ်တဲ့အခါ
ကျွန်တော်တို့လျှာတွေပဲ အော်တိုအိုဗာတိုင်နဲ့ထက်မြစူးရှလို့
ဘယ်သူမှသွေးပေးခဲ့တာမဟုတ်ဘူး၊သေချာတယ်
သံသယတွေနဲ့လက်ပွန်းတတီးဖြစ်ချိန်အတိုင်းအဆအတိုင်း
မှိုင်းမိနေတဲ့ဦးနှောက်ကြီးအပျက်ကြီးတွေစေစားရာ
ကိုယ့်ကိုယ်ကိုပြန်ဖျက်ဖို့သံချေးမတက်သေးတဲ့လျှာများ
ဖြတ်ချခုတ်ပိုင်းစရာလိုက်ရှာနေကြတဲ့ပတ်ဝန်းကျင်ထဲ
ကျွန်တော်တို့လျှာတွေလည်းရှာဖွေရေးခရီးစဉ်မှာလျှာမလည်သရွေ့ရှာနေကြရတယ် ။ ။

ရတုသစ်
၀၂၀၇၂၀၁၃
ည၈နာရီ ၃၅မိနစ်

ခြိုးခြံမိတဲ့ ည

ဒီနေ့ညလည်းမနေ့ကလို
အမှောင်အိုအိုတွေခေါ်လာဦးမလား
လမင်းကိုအားနာလို့
ကြယ်တွေကိုမော့ကြည့်ဖြစ်မှာမဟုတ်သေးဘူး
အရုဏ်ဦးမှာ
ငါ့မြင်လွှာ သဲကွဲရင်တော်ပြီ ။
 

ရတုသစ်

ဆုမတောင်းဖြစ်တဲ့ ည


ဒီည
တစ်လောကလုံး အိပ်စက်ပေးရင်ကောင်းမှာပဲ
ကလေးတစ်ယောက်ရဲ့ရိုးသားခြင်းမျိုးနဲ့
ဝှက်ဖဲတွေ အချိုးကျဖွင့်ဖတ်နေတယ်
ဘယ်လိုတမ်းမက်မှုမျိုးဆီ ဦးတည်ရမလဲ
ကုတ်မရတဲ့ဝဲနဲ့ ညှီတစို့စို့ဟာ
အတွင်းပုပ်နာ ။

ခန္ဓာအကြောင်း မတွေးသေးဘူး
သစ္စာအကြောင်း မဆွေးနွေးဘူး
ရေးတေးတေးလေးအတိုင်း တွေးရင်းငေးလို့
ငါတို့ကျော်ချခဲ့တဲ့သင်ခန်းစာမှာ
အရေးပါတာတွေကျန်ရစ်သလား
ငါတို့ဟာ...
အဖြေမှားလာတဲ့ကျောင်းသားလေးတွေဖြစ်တယ် ။

တစ်ရစ်ချင်း
ညှို့သွင်းခံလိုက်ရတဲ့ ဝင်္ကပါထဲ
လမ်းမှန်ကိုလည်း မရှာနိုင်သေးဘူး ။

ပဒိုင်းဆူးကို ရဲရဲဆုပ်ရင်း
အမှောင်တွေ စီးချင်းထိုးနေတဲ့ကမ္ဘာမှာ
"ငါပြဿနာ"ကိုညှိနှိုင်းနိုင်စေဖို့
ကြယ်တချို့ ကြွေတာတောင်
ငေးယောင်ယောင်လေးပဲကြည့်ဖြစ်ခဲ့
နွံနစ်နေရာက...ငါ
ဆုတောင်းသံတွေ ပွင့်အာလွှင့်ထုတ်လို့မရ
ဒီညလည်း
အမှောင်ဝတ်ရုံပဲ ထည်လဲဝတ်ဖြစ်မှာ သေချာတယ် ။

ရတုသစ်
၀၇၀၇၂၀၁၃
ည၇နာရီ၁၀ မိနစ်
(တနင်္ဂနွေကဗျာမြေသား)

ငါမန္တလေးမှာနေတယ်

တောက်တစ်ချက်ခေါက်ရုံနဲ့
ကမ္ဘာအက်မသွားဘူးဆိုတာ ငါသိတယ်ကိုယ့်လူ
ကိုယ့်အပူနဲ့ကိုယ် ထူနေကျသူချင်း
မင်းကဘာကောင်မို့ အာချောင်နေတာလဲ
မြင်မြင်ရာမမဲချင်လို့ ငါ့ကိုယ်ငါသတိပေးထားတာ
အာပလာတွေတော့ လာမလုပ်နဲ့
ရုတ်ရုတ်ဆို ဒီတိုင်းငြိမ်နေမှာမဟုတ်ဘူး
စောက်ရူးအထာတွေ လာလာမပြစမ်းနဲ့
ကြမ်းကြဟေ့ဆိုရင်ထွက်ခဲ့
မင်း မျက်ခွက်မစုတ်ဘူးကြိုက်သလိုပြော
ငါတေကာ မကောချင်လို့ဇက်သပ်ထားတာ
ဘယ့်နှယ်ကွာ အရေးမပါတာ
မင်း ဘာသာ ဘာကောင်လဲ အရင်ပြန်စစ်ဦး
ပြီးတော့မှ ဝုန်းဒိုင်းကြဲတယ်မပြောနဲ့
ငါ့သေဘာ ငါ့ဆန္ဒ
ငါ့စိတ်တိုင်းကျသလိုနေခွင့်ရှိတယ်
မင်းအသိလေးတစ်ထွာတစ်မိုက်နဲ့
ငါ့ကို လာမတိုက်ခိုက်နဲ့ကိုယ့်လူ
သဘောတူတယ်ဆိုအပြင်မှာတွေ့မယ်
အေး...
မင်းမေ့နေမှာစိုးလို့ပြောလိုက်မယ်
ငါ မန္တလေးမှာနေတယ် ။


ရတုသစ်

Wednesday, June 26, 2013

စိမ်းသက်သက်စိမ့်နေတဲ့အလွမ်း


လမင်းဖမ်းစားတဲ့ညပေါ့
အလှတရားအားလုံး မေ့ဆေးမိကြ
ခဏတာလွင့်သွားတာ မဟုတ်ဘူး
တစ်ဘဝလုံး
အရူးအမူးပိတ်လှောင် ခံထားလက်စ
အကျဉ်းသားတစ်ယောက်
မိုးကုပ်စက်ဝိုင်းအောက်မှာကြယ်ပျောက် ရှာနေမိ
လက််ရှိကိုချိုဖို့ခက်နေတဲ့ဝေးလွင့်ခြေရာတွေ
ခုထိ
စိတ်ချင်းဆက်နယ်နိမိတ်ကို မရောက်သေးဘူး
အလွမ်းဆူး
အရူးခံသပ်သွင်းထားလိုက်ရဲ့
နှုတ်မရမယ့်အတူတူ။ ။

ရတုသစ်

နွေးနေခြည်ဝိုင်

မနက်ခင်းဟာ
အလင်းစတွေနဲ့မနက်အောင်ဖွင့်လှစ်ထားရ
အသားစတစ်ဖတ်ကိုကိုက်ဝါးရင်း
လဖက်ရည်တစ်ဂွပ်ကျိုက်ချရင်း
အတိအလင်းပြောမယ် နွေးနေခြည်ဝိုင်
ငါ့ အရိပ်ကို လာမချုပ်ကိုင်နဲ့
မလိုင်များတဲ့လက်ဖက်ရည်ဆို ငါငြင်းတယ်
ပြန်ကြော်ဆီတဝင်းဝင်းနဲ့ ပလာတာလည်း ငါမစားဘူး
သကြားဖြူးထားတဲ့နံပြား ငါ မကြိုက်ဘူး
အလိုက်အထိုက်လောကထဲ
တစ်ကိုယ်စာအတိုက်အခံများနေခဲ့
အသားသုပ်တစ်ပွဲကုန်တော့မယ်
မော့ချစရာလက်ဖက်ရည်အနည်းငယ်ကျန်သေးရဲ့
ဂျုံနဲ့လုပ်တဲ့မုန့်တွေဟာ
ဘာ့ကြောင့်လက်ဖက်ရည်နဲ့လိုက်ဖက်နေတယ်ဆိုတာ
မတွေးဘူး
ဘယ်သူအစပျိုးပေးခဲ့တာလဲ
အနာနဲ့ဆေးက
တည့်အောင်ပေးတိုင်းလည်းမတည့်တတ်တော့
လက်ဖက်ရည်လက်ကျန်လေးထပ်မော့တယ်
အသားဖတ်လေးတစ်စ ကောက်ဝါးတယ်
တမူထူးခြားလိုက်တာ မဟုတ်ပါဘူး
မင်းနာမည်ပြန်ရွတ်ကြည့်မိကတည်းက
ငါ့မှာ မြင်မြင်ရာဝိရောဓိတွေနဲ့
လူသိမခံတဲ့စိတ္တဇတွေကိုက်ခဲခံရ
စုန်းမတစ်ကောင်ထက်
မင်းပါးစပ်က အစွန်းအထင်းများတယ်
ငါ့တရားနဲ့ငါ မလုံတော့တဲ့အခါ
မျက်လုံးအစုံမှိတ်စင်းထားရ
မင်း အကြောင်းသိရသလောက်
ဘယ်အရာမှ သတင်းမပေါက်တော့ဘူး
ငါ့ရေဒီယံဦးနှောက်မှာ ။ ။

ရတုသစ်
25062013

ပုရစ်ဖူးလေးထံ ပေးစာ

ခြေလွတ်လက်လွတ်စိမ်းလန်းခြင်းများ
အလျားအနံမလိုတဲ့အတိုင်းထွန်းညှိခဲ့
မင်းမသိသေးတာထက်အားနည်းဖို့
ကိုယ့်မှာ...
ခွန်အားအချို့တောင်မရှိချင်တော့ဘူး

ကိုယ့်ပုရစ်ဖူးလေးရေ...
ရနံ့မွှေးမွှေးဖြန့်ကျက်စမ်းကွယ့် ပန်းဖြစ်ဖို့လက်မှတ်ထိုးပြီးမှတော့
လေပြည်နော့မှာတွေးမကြောက်နဲ့
ဘယ်သူမှ မကောက်ချင်နေ
ကိုယ့်ရင်မြေဆီသာလျှောက်လှမ်းလိုက်

တော်၀င်နန်းထိုက်ထိုက် မထိုက်ထိုက်
ကိုယ့်အတွက်တော့
မင်းတစ်ယောက်သာပန်းမကိုဋ်ဖြစ်တယ်။

ရတုသစ်
၂၄၀၆၂၀၁၃
ည ၉နာရီ ၂၅မိနစ်

မေတ္တာပန်းများပွင့်စေချင်


နယ်ခြားစိတ်လွန်
ကိုယ်ထွန်ယက်လာ နေရာ မြေဝှမ်း
ငြိမ်းချမ်းတေးသီ. .ညီညီစီလွှင့်

ပန်းပွင့်တိုင်းလှ
မွှေးမြနုသစ်
ပန်းဖြစ်ပွင့်ရာ
မလာစေချင်...စစ်သံစဉ်ခါး

လူသားစစ်များ
ရင်အား ဖြန့်ကြက်
လင်းလက်ချစ်စိတ်
တွဲချိတ်ထားစမ်း...မေတ္တာပန်းပွင့်
 
ချစ်ဖွင့်စိတ်ရင်း
ကိုယ်ချင်းစာစို့
ကိုယ်တို့မြေ ယာ
ဖျားနာခြင်းတွေ...ကင်းလွတ်စေ
ခါးလာခြင်းတွေ ရှင်းကျွတ်စေ ။


ရတုသစ်
၂၄၀၆၂၀၁၃
ည ၁၀ နာရီ

အိမ်ပြန်ချင်တဲ့အခါ

မိုးရွာထဲလွှတ်တင်မိတဲ့စွန်ကလေးလို
တစ်ကိုယ်စာလုံခြုံမှုပျောက်ဆုံးခဲ့
ဘယ်လောက်မြှင့်မြှင့်မမြင့်နိုင်တဲ့စိတ်နဲ့
အရိပ်ရှာရင်း မိုးမိရင်းဖြစ်ရ
ခလုတ္ထိမွ ``တ ရမယ့်အချိန်စောင့်ရမလားမေမေ
ကျွန်တော့်ရှာဖွေခြင်းခရီးစဉ်ထဲ
ဒဏ်ရာတွေပဲများလာတယ်။

အများချိုတိုင်းလိုက်မချိုနိုင်တဲ့အခါ
ကျွန်တော်သာ ခံတွင်းပျက်သူဖြစ်ခဲ့ရ
အပြောကျယ်သလောက်
အကျယ်ပြောတတ်တဲ့လောကမှာ
အေမ့သားက လှောင်ပိတ်မွန်းကြပ်လို့
နှလုံးအားချို့တဲ့နေတဲ့ရပ်ဝန်းများသာ
ကျွန်တော့်ခရီးသွားရာဖြစ်နေသလား
တစ်ခါတစ်ခါသံသယစိတ်ထွားမိရဲ့ ။

သဘောတရားတွေဒွိဟဖြစ်တဲ့အခါ
ကြင်နာစိတ်ကိုမခံစားမိတဲ့အခါ
မာယာလှည့်ကွက်ကိုချွတ်နင်းမိတဲ့အခါ
ဝရံတာလေးနံဘေး
မေမေပေးခဲ့တဲ့သြဝါဒတွေနဲ့အားဖြည့်ရ
လောကကြီးကမမှားဘူးဆိုတာလက်ခံနိုင်ဖို့
အဝေးကိုပြန်ပြန်ပို့နေရတဲ့စိတ်ကူးများ
ဘယ်အချိန်ပြန်အားပြည့်မလဲ
ဝေခွဲစိတ်ဖြာမရနိုင်တိုင်း
အမေ့ရဲ့အနန္တတံတိုင်းကြီးဆီသာ
မသက်သာမှုတွေပို့လွှတ်မိ
ကျွန်တော့်အတိဒုက္ခတွေ....။ ။

ရတုသစ်
24/06/2013

Thursday, June 20, 2013

ကျွန်တော့် စပျစ်သီးလေး... သို့


ပွင့်ပွင့်လင်းလင်း လွမ်းတယ်
အနမ်းနံပါတ်ရှာမတွေ့သေးတဲ့ ပွင့်ချပ်နှစ်လွှာဟာ
ကာလာ မတင်ဘဲ ရွှန်းမြစိုလက်နေတုန်းလား
သတိရခြင်းများ
ကျည်ဆန်ရထားတွေအတိုင်းလိပ်ပြာလွှင့်ခဲ့ပေါ့
အလွမ်းချော့တေးတို့ ရွိရာ ဆီ ။

ေ၀ရီရီ အလွမ်းဖွဲ့မိုး
အငြိုးတကြီးရွာနိုင်လွန်းရဲ့
အမုန်းမဲ့ ဒိုင်ယာရီလေး သိမ်း၀ှက်ရာ
ရင်သေတ္တာအခန်းလေး
မိုးမိလို့ဆွေးသွားမလား ထိတ်လန့်ရ
အဲဒီနေ့က
အေအးမိသြားတဲ့ ထီးကေလးကို သနားတယ် ။

လွမ်းအားကြီးမိသူတစ်ယောက်မို့
ဘယ်လိုရေသောက်လို့မှ အလွမ်းမပြေခဲ့
လွမ်းစိတ်ပွင့်ေ၀နေတဲ့အခါ
သူဟာ..
၀ိုင်မဖြစ်တော့မယ့်
ကျွန်တော့်ရဲ့ စပျစ်သီးလေးတစ်လုံးပဲ ။

သူ့အပြုံးပွင့်သစ်ဦးနဲ့
ကျွန်တော့်မှာ ပွင့်ပွင့်လင်းလင်းရူးနေရဆဲ နာရီတွေ ။ ။


ရတုသစ်
20062013
2:30 PM

တည့်တည့်ပြောကြည့်ခြင်း ( ၇ )

ခင်ဗျားကလည်း ငါတကော
သူကလည်း ငါတကော
ကျုပ်ကလည်း ငါတကော
ယောက်ျားကလည်း ငါ​တကော
မိန်းမကလည်း ငါတကော
အခြောက်ကလည်း ငါတကော
ကောဠာဟလတွေလား
ကောဓ အာဃာတတွေလား
မေတ္တာစမ်းချောင်းတွေ ကောလာတယ်
ရေစုန်မျောသွားတဲ့အဖြူထည်ချောတွေ
ဘယ်လိုပြန်ရှာဖွေကြမလဲ
နေ့ခင်းကြောင်တောင် သရဲခြောက်ခံနေရတဲ့ဘဝ
လမ်းစပြန်မရှာမချင်း
ရှုပ်နေတဲ့လမ်းတွေ ဘယ်လိုမှမရှင်းဘူး
မပွင့်မလင်းဇာတ်
ဉာဏ်နဲ့ဖြတ်မှပြတ်မယ်  အသေအချာ။


ရတုသစ်
၂၀၀၆၂၀၁၃
နေ့ ၁၁း၀၀ နာရီ

Tuesday, June 18, 2013

မန်းရွှေမြို့ရှာပုံတော်

မန်းမြို့ရွှေပြည် ။ ။ရောင်နေခြည်ဖြင့်၊ ရွှင်ကြည်ချမ်းမြ ၊မြို့ရိုးလှတည့်၊ရွှန်းပစိမ်းဝေ၊
မန်းတောင်ခြေနှင့် ၊ ရစ်ခွေသာမော ၊ကျုံးတော်ကြော၀ယ်၊လွင့်မျော၀ိညာဉ် ၊ခိုနားချင်ခဲ့၊
သို့ပင်စိတ်ကူး၊ ရွယ်ရည်စူးလည်း ၊ ထူးထူးပြားပြား၊ ရောင်စုံခြားလျက်၊ရှက်အားပျောက်ကွယ်၊
မန်းမျိုးနွယ်တို့၊လမ်းသွယ်လမ်းမ၊မြင်ပြန်ရသော်၊ မြန်မာ့ရှေးဟောင်း၊မန်းမြို့ကောင်းသည်၊
ခေတ်ထောင်းသည့်ဒဏ်၊ကြံ့မခံဘဲ ၊လွင့်ပျံပျက်သုဉ်း ၊ စိတ်ဓာတ်နုံးသည်၊
ဆုံးရှုံး ရွှေခြေကျင်းများပါတကား ။ ။


နွမ်းဖို့ပွေလီ ။ ။ သီကရီနှင့်၊နန်းဆီနန်းသွေး ၊ပြောင်အောင်ဆေး၍ ၊ခေတ်ဆွေးခေတ်ကျန်၊
စိတ်မှာကြံလျက်၊ရွှေမြန်မာမျိုး၊ရိုးရာကျိုးကို ၊မြတ်နို်းမရှိ၊ ခေတ်လွန်ဘိသော်၊ ကျွမ်းရိပုပ်ဆွေး ၊
"ခေတ်ဟောင်းတေး"ဟု ၊ယဉ်ကျေးမှုကို ၊မဆယ်လိုဘဲ ၊ခေတ်လိုခေတ်ကြိုက်၊ခေတ်ပျက်လိုက်ကာ၊
လည်ဟိုက်ပေါင်တို၊ဆံ နီ ညို ဖြင့်၊ရင်ဖိုသွေးဆူ၊ ခိုက်အောင်မြှူလျက် ၊ကလူဖမ်းစား၊
ပူပုံပွား၍ ၊ဘိုးဘွားတို့ထုံး ၊ပျက်ပျက်ပြုန်းသည်၊
တုန်းရုန်းပွေ ကြွေဆင်းသွားပါတကား ။ ။


ပန်းတို့ကြွေပြီ။ ။ ခေတ်ခြွေသည်တည့်၊မန်းပြည်ဌာန၊ ရိုးရာလှကို၊ရှုကြချင်လျှင်၊
ရာဇ၀င်နှင့်၊သဘင်,ပြဇာတ် ၊ရှေးစာဖတ်မှ၊ တပ်အပ်မုချ၊ ပြန်တွေ့ရလိ်မ့်၊ သမရောမွှေ၊
ခုခေတ်ခြေကား၊ရှုလေမြင်လေ၊ရင်ကျိုးကြေအံ့ ၊ မန်းမြေလှဓာတ်၊ ရှာဖွေလတ်သော်၊
မြို့ပတ်ချိန်သာ၊ကုန်ဆုံးပါလျက်၊ မြန်မာရွှေမန်း၊ ပျောက်ပုံဆန်း၏ ၊ရွှေနန်းမြို့ရိုး ၊
ကျုံးဘောင်ကိုးနှင့်၊တောင်ခိုးလွင့်ဖုံး ၊မန်းတောင်ကုန်းသည်၊
တုံးလုံး ခွေနေခြင်းများပါတကား ။ ။



ရတုသစ်
၁၃၇၅ ခုနှစ်
နယုန်လဆန်း(၁၀)ရက်၊အင်္ဂါနေ့
ည ၉နာရိီ၊ ၁၀ မိနစ် ။

Sunday, June 16, 2013

(၃၁)ဘုံထဲပါ၀င်ပြီးသုံးမရတဲ့အသံကို...


(၃၁)ဘုံထဲပါ၀င်ပြီးသုံးမရတဲ့အသံကိုကလန်ကဆန်လုပ်မရတဲ့အတိုင်းခေတ္တဆိုင်းငံ့ထားလိုက်တယ်


နေမထိအောင်လှောင်ပိတ်ထားရတော့အသံတွေဟာဆွံ့အ၊စိုထိုင်း၊အေးစက်
ဘယ်လိုကျဉ်စက်နဲ့တို့တို့ မခို့တရို့ဟာရိုးကျိုးပြီးသား ဆပ်ကပ်ကျား
ကြားလား..ကြားလား..ပြောနေတာကြားရဲ့လား..ဒါဟာသီချင်းမဟုတ်ဘူး သတင်း
ပန်းသတင်းလား၊လူသတင်းလား ၊အပူတပြင်းလိုက်ရှာမနေနဲ့ကွန်နက်ရှင်ကောင်းအောင်အရင်လုပ်
ခိုးထုပ်ခိုးထည်နဲ့အတူခိုးသားများအားလက်ရဖမ်းဆီးပြီး..လာဘ်ရသွားတာ ဟိုလူကြီးတွေ
အမေပြောတော့အမောပြေမယ်ထင်တာ..ခု..ဖတ်ဖတ်မော..ဖတ်..ဖတ် ပြီးတိုင်းမော
အကုန်သိအောင်ပြောရတော့ဒီကောင်ပဲလူစွာလိုလို၊ငပွကြီးလိုလို၊အလိုမတူသူတွေပြောကြရဲ့
ခနဲ့တာမဟုတ်ပါဘူး၊ရွဲ့တာမဟုတ်ပါဘူး၊မတည့်လို့မတော်လို့အော်နေရတာ ဆရာရေ
မျှော်သာမျှော်သည်မယုံကြည်ဖြစ်နေရတဲ့အထဲပွင့်ခက်ဝါနီေ၀ဒနာတွေက ရင်မှာအစီအရီ
ရီနေတာမဟုတ်ပါဘူး၊နေရီရီ၀တၳုထဲကလို၊ရီရီချိုတို့အဖေလို၊မရယ်နိုင်တဲ့အကြောင်းပြနေတာ
ပါးစပ်ဟထားတော့ရယ်တယ်ထင်ကြတာဆန်းသလားကိုယ့်လူ၊သွားလေးဖြူနေရင်ပြီးတာပဲ
ဟုတ်ပဲနဲ့၊ဟုတ်လည်းဟုတ်ပဲနဲ့၊စိတ်ပုပ်ပြီးသွားဖြူနေရင်ဘယ့်နှယ်ရှိစ ၊ ဟုတ္သားဟ
စကားများများပြောရမယ့်သူမို့သွားကျန်းမာရေးဂရုစိုက်တာဖြစ်မှာပါ ရောင်းရင်းရာ
အသည်းအဆီမဖုံးအောင်အသီးအရွက်စား၊ ကျားလိုမကျင့်နဲ့၊လူစစ်စစ်လိုကျင့်
အဟင့်..ငိုချင်လာပြီ ၊လူလိုပဲကျင့်လို့မရဘူးလား ၊လူလို..လူလိုလို
အလိုတူမှအလိုပါမယ့်အလိုတူအလိုပါတွေအလိုလိုပေါလားပါလား...အလို
အာမေဍိတ်ဟာခါးချိတ်မရလို့ဍရင်ကောက်ကြီးအတိုင်းရင်ဘတ်မှာကောက်ချိတ်ထားလိုက်ရ
ပဋိစ္စသမုပ္ပါဒ်တွေလည်ကုန်ပြီ ၊လှည့်ကုန်ပြီ ၊မူလ/မူလီတွေ တဏှာစေရာမနေသာ
ဖွေရှာလိုက်၊တွေ့ရှိလိုက်၊ပစ်ချလိုက်၊ကောက်ယူလိုက်၊အမိုက်ဟာမှောင်နေတာပဲဗျာ
များသွားလို့ပဲဖြစ်ဖြစ်၊နည်းသွားလို့ပဲဖြစ်ဖြစ်၊ဖျစ်ဖျစ်မြည်အောင်ညှစ်မှတော့အစ်ပြီပေါ့
လည်တိုင်ကြော့တွေဟာပျော့ပျော့လာ၊ အသက်ရှူသံဟာမြန်မြန်လာ ၊၀င်သက်ဟာထိတ်ပျာလာ
သွားပါပြီ၊အနေအထိုင်တတ်မိမှအုံ့ပုန်းလိုလို၊ အမဲရိုးအားမနာတဲ့ ဟင်းအိုးလိုလို
(၁၂)မျိုးပေါင်းမှချိုမယ့်ဟင်းချိုမသောက်နဲ့တော့၊ပုတ်သင်ညိုလည်းချို၊တောက်တဲ့လည်းချိုတယ်
ယုန်ချိုတွေ၊လိပ်မွေးတွေဈေးကောင်းတာမဆန်းဘူး၊ပုဇွန်သွေးက၀ယ်လိုအားထိုးတက်နေရဲ့
"ဟုတ်ကဲ့" ပြီးရင်သဘောတူကြောင်းပြသဖို့လေးကြောင်းမျဉ်းစာအုပ်လေးနဲ့အရေးကျင့်ထားမှ
သည်၊တို့သည်..မွစျပီး ၌၊တို့၌အဆုံး၀ိဘတ်ခုနစ်လုံးကို သီကုံးပန်းသွင်နေ့တိုင်းဆင်လော့
ကျသွားပေါ့ ၊အောင်စာရင်းမထွက်တဲ့စာမေးပွဲကြီးဖြေမိတာ အကျနာတယ်ဆရာရယ်
အရယ်မျက်လုံးနှလုံးမသက်သာဟာ အငိုမျက်လုံးအပြုံးမျက်နှာထက်မျက်ရည်ပေါမှန်းသိလိုက်မိ
မိမိ..မမိမိ ဖမ်းယူလိုက်တဲ့လိုင်းကြောင်ကြီးထဲ ဒီငရဲအော်သံပဲ ပွက်လောရိုက်လို့
အမိုက်တွေလင်းပါစေ ၊အတိုက်တွေကင်းပါစေ၊အခိုက်တွေကွင်းပါစေ ၊အမှိုက်တွေရှင်းပါစေ
ချို့တဲ့နေမယ့်စိတ်ကျန်းမာရေးအရပြောချင်လာတဲ့စကားတွေလည်ချောင်းရိုးအတိုင်းဆစ်ပိုင်းမြှုပ်နှံထားလိုက်တယ် ။



ရတုသစ်

Saturday, June 15, 2013

အမြင်ချွတ်ချော်ခြင်း

ဂငယ်ဖြစ်လိုက်
ဝလုံးဖြစ်လိုက်
ပစောက်ဖြစ်လိုက်
ဗထက်ချိုက်(ချိုင့်)ဖြစ်လိုက်
မမောနိုင် မဟိုက်နိုင်နာရီများ
အတ္တစေစားရာအတိုင်းကုန်ဆုံးကြ
ခုထိ
ဒုက္ခရေသောက်မြစ်ကို
စိုအောင်လုပ်နေကြတုန်း
အရှုံးအစစ်မှာ နိုင်လိုစိတ်ပျောက်ရှ
မနသိကာရတိုင်း
ယောနိသောမဖြစ်တာ အဆိုးဆုံး ။


ရတုသစ်

ထူးမခြားနား ပြကွက်များ


ဖုံးလိုက်ကြ ဖိလိုက်ကြ
ဖာလိုက်ကြ ဖို့လိုက်ကြ
ဖဲ့လိုက်ကြ ဖိန့်လိုက်ကြ
ဖောင်းလိုက်ကြ ဖောလိုက်ကြ
ဖော်လိုက်ကြ ဖေးလိုက်ကြ
ဖူးလိုက်ကြ ဖယ်လိုက်ကြ
ဖားလိုက်ကြ ဖဲ လိုက်ကြ ။

ဘာမှမရှိတာကို အရှိကြီးတွေလုပ်လို့ ငါတို့...ငုပ်နေကြတာကြာပေါ့
ဘယ်အက္ခရာနဲ့ထွင်းထွင်း
ဘဝအလင်းက ခုံးထဖို့မေ့နေတုန်း ။

နောက်ဆုံး
သေခြင်းရဲ့စဉ်းတီးတုံးပေါ်မှာ
ခေါင်းအုံးအိပ်ကြရ ယဇ်ကောင် များလို ။

ရတုသစ်
15062013
09:40AM

Thursday, June 13, 2013

အမေ့သားဟာကလေးလေးပါပဲ အမေ

နီယွန်မီးရောင်ဖျော့ဖျော့ထဲက
ညပါး၀တဲ့ ညကို စူးစူးစိမ်းစိမ်းဆွဲထုတ်လို့
ချုပ်ရိုးပြေလျော့စအရုဏ်ဆီ ပစ်တင်လိုက်ရ
အမေ့အိမ်မျက်နှာစာက မြတ်လေးပန်းရုံဟာ
ခုလိုချိန်မှာ
ရနံ့တွေ ဝေဆာနေရောပေါ့ ။

ခြေချော်လက်ချော်သိပ်များတဲ့မြို့ပြနဲ့
ကျွန်တော့်အတ္တနဲ့စေ့စပ်မရတိုင်း
လက်သီးတွေပဲ ရောင်ကိုင်းလာတယ် ။

အစစ အရာရာ
ပါးလွှာလာတဲ့မြို့ပြ၀တ်ရုံမှာ
ကျွန်တော်သာ ထူထဲတင်းကြပ်နေသလား မသိ
ဘယ်နေရာကြည့်ကြည့်
ပွင့်လင်း..မြင်သာ ဖြစ်နေမိတဲ့အချိန်
အမေ့အိမ်မှာ ကျန်ရစ်တဲ့ဖျင်ကြမ်းအင်္ကျီလေး
ချောင်ကွယ်မှာ ဆွေးနေမလား ။

ကိုယ့်တရားနဲ့ကိုယ် မှန်နေကြသူတွေကြား
အမေလူကြုံပါးလိုက်တဲ့ လောကနီတိစာအုပ်လေး
လောကကြီးကို တွေတွေဝေဝေ ပြန်ငေးလို့ ။

လူကြီးလူကောင်းတွေနဲ့စာရင်
အမေ့သားဟာ ကလေးလေးတစ်ယောက်ထက်မပိုမှန်း
အမေ့အိပ်ခန်းက
ကျွန်တော့်ဓာတ်ပုံဖြူမည်းလေးကို ပြန်ကြည့်ပါ အမေ။ ။


ရတုသစ်

Monday, June 10, 2013

အလွမ်းခါးခါး

အလည်လွန်လရောင်ကိုလိုက်ရှာရင်း
ကြယ်ပျိုးခင်းတွေဆီ ခြေဦးလှည့်မိ
သတိရစိတ်ဟာ
ကြယ်လေးတွေလို မှိတ်တုတ် မှိတ်တုတ်မဟုတ်ဘူး ။

ရူးသွပ်မှုအယ်လ်ဘမ်တစ်ချပ်အပြည့်
မေ့မရခြင်းတွေနဲ့မာတိကာလုပ်ထားရ
တကယ်တော့
ငါ့ရဲ့ဖျားနာနွမ်းရိခြင်းဟာ
မျက်ရည်မိုးမိလို့ဖြစ်ရမယ် ။

ညပျောက်ကြယ်တွေနဲ့ချုပ်စပ်ထားတဲ့ကောင်းကင်ဟာ
လွင်ပြင်အဝါကြီးကို တွေ့ကတည်းက
ပြာစင်မွန်ညက် ဖို့မေ့နေပေါ့ ။

ကိုယ်တိုင်ပြန်ချော့မရတဲ့သူမို့
ဘ၀က
အလွမ်းနဲ့ဓာတ်ပြုခြင်းခံထားရတဲ့သတ္တုဖျော်ရည်လို
ဘယ်အချိုနဲ့ရောလို့မှ အခါးမပြယ်တော့ဘူး...။ ။


ရတုသစ်

ကျွန်တော့်ချဉ်ခြင်းများ ( ၄ )



ပုရွက်ဆိတ်တစ်ကောင်ရဲ့ခန္ဓာအိမ်လေးထဲထိ
တစ်ကိုယ်လုံး
တိုးဖိ ၀င်ပစ်လို့ရရင်ဘယ်လောက်ကောင်းမလဲ
လူစိတ်မွဲသွားတဲ့
အပ်နဖားထွင်းဆူးလိုအမြင်တွေအောက်
ကိုယ်ယောင်ဖျောက်ပြီးနေပြလိုက်ချင်ရဲ့ ။

တုံးကိုလည်း မတိုက်ချင်တော့ဘူး
ကျားကိုက်လည်းမခံချင်တော့ဘူး
အလျားလိုက်ဖြစ်ဖြစ်
အနံလိုက်ဖြစ်ဖြစ်
တည့်တည့်မတ်မတ်စီးဆင်းမဖြစ်တဲ့အခါ
မြစ်ယောင်ဆောင်ပြထားတာအကောင်းဆုံး ။

အကြောင်းမဲ့လာ လာရိုက်တဲ့ ထိုးနှက်ချက်တွေထဲ
အသံကွဲခံရမယ့် မောင်း တစ်လုံးမဖြစ်ခဲ့ရင်
ငါ..ပြန်ပြုံးပြတတ်လိမ့်မယ် ထင်...။ ။

ရတုသစ်

ကျွန်တော့်ချဉ်ခြင်းများ ( ၃ )

ကမ္ဘာဟောင်းကိုပြန်မသွားချင်ဘူး
တွေ့မြင်နေကျအဖြစ်အပျက်တွေ
ကျောက်ခေတ်ဆန်လာတယ်
အမှန်တရားဟာ
ကျောက်ဖြစ်ရုပ်ကြွင်းတွေထက်
တွက်ချက်ရခက်တဲ့ ကလိယုဂ်ခေတ်မှာကျန်ခဲ့သလား
ရေလိုက်ငါးလိုက်နေပြနေတာတောင်
ရေစုန်မျောအောင် မျှောပစ်ချင်နေသူတွေထဲ
အသည်းလည်းကောင်းမပြတော့ဘူး
ပွဲလည်းတောင်းမပြတော့ဘူး
ကိုယ့်ယုံကြည်ရာနဲ့ကိုယ်ရူးသွပ်ရင်း
နှလုံးသားရဲ့သီချင်းသစ်ကိုပဲနားဆင်မယ််
ဖြစ်ချင်ရာဖြစ်ပါစေတော့
သစ်ချင်ရာသစ်ပါစေတော့
 ငါ့ ရင်မြေကို လာမကျူးကျော်ရင် ပြီးပြီ ။ ။

ရတုသစ်


Sunday, June 9, 2013

တနင်္ဂနွေညနေတစ်ခုမှာ....

တနင်္ဂနွေညနေတစ်ခုမှာ"ပွဲသိမ်းတေးသံ" နှင့်

အတူကခုန်ခြင်း

စနေကိုပြန်၀င်စားတဲ့
တနင်္လာရဲ့သန္ဓေသားနေ့ပေါ့ 
"ရော့..ပတ္တမြား..ရော့..နဂါး " ဆက်ဆံရေးကြား
နဂါး/ဂဠုန်/က်ား ဘာကိုရွေးရွေး
ပြန်ပေးဖို့ပတ္တမြား မရှိသေးဘူး ။

ပေးထားတာနဲ့ ရရှိလာတာ
ဘယ်လိုမှ
အကွာအဟညှိမရတဲ့အခါ
ငါတို့လည်ပင်းတွေပေါ်က ဓားတွေပဲ
ထက်ရှ စူးနစ်လာတယ် ။

တစ်သက်တစ်ခါ သေရမယ့်အရေးလောက်နဲ့
ဘာကို ကြိုတွေးပြီး ကြောက်နေမလဲ
ဗြောက်ဖောက်ဖို့စဉ်းစားပြီးရင်
အသံလွင်နေမယ့် ဗြောက်ကိုရွေးမှဖြစ်မယ် 
ဖုန်ထရုံလောက်ပဲ ကြံစည်ထားတယ်ဆို
စနက်တံကို ရေစိမ်ပစ်လိုက်တာအကောင်းဆုံးပဲ ။

ကဗျာ၀ဲမှာ မြှုပ်ထားပြီးမှတော့
နောက်ထပ်ရောက်လာမယ့် ယားနာ ကို
ထပ်ကုတ်နေစရာ မလိုတော့ဘူး 
အဲဒီလောက်ထိ
ရူးရူးသွပ်သွပ်ပစ်ယုံလိုက်မိရဲ့ ။

နတ်ကြိုက်ကြိုက် /မကြိုက်ကြိုက်
နတ်လိုက်လိိုက် /မလိုက်လိုက်
ငါ့ အကြိုက်ဟာ ငါ့ ဘ၀
ဘယ်စောဒကကြောင့်မှ နောက်ပြန်မလှည့်တော့ဘူး ။

မော့သောက်ထားတဲ့ ကဗျာတစ်ခွက်နဲ့
ခရီးဆက်ဖို့အသင့်ပြင်
ငါ့ ၀ိညာဉ် တောင်ပံတဖျတ်ဖျတ် ခတ်ခဲ့ပြီ ။ ။


ရတုသစ်


Friday, June 7, 2013

အတိတ်လမ်းမှာကဗျာတစ်ပုဒ်ကျန်ခဲ့တယ်

(တစ်)    

(မျက်ရည်စက်များ၏ရာဇ၀င်) 

မရေးဖြစ်တာကြာပြီဖြစ်သောဒိုင်ယာရီစာအုပ်လေးကိုအမှတ်တမဲ့ပြန်ဖွင့်ဖတ်မိသည်။
ထိုနေ့ကနွေလည်နေ၏အပူဒဏ်ကအရှိန်ပြင်းကြောင်းသတိပြုမိ၏။ခပ်ဟဟဖွင့်ထားသည့်တိုင်တိုက်
ခတ်နေသည့်လေနုအေးကသူ့ရင်ဘတ်ဆီသို့နားခိုခြင်းမပြုခဲ့။သူနာကျင်စွာပြုံးလိုက်မိသည်။ဟုတ်
သည်။အပြုံးဟုထင်ရသောအပြုံးတစ်ချက်ကိုသူပြုံးမိလ်ိုက်သည်။နှစ်ခြိုက်လွန်း၍ပြုံးမိသောအပြုံးတော့မဟုတ်ခဲ့။
သက်မဲ့ဖြစ်သောလေနုအေးကတောင်သူ့ရင်ဘတ်ဆီမတိုးေ၀့ှမနားခိုချင်သလိုဖြစ်နေသည်ဟုတွေးမိသောကြောင့်ပင်
။အေးမြခြင်းသီအိုရီနှင့်ပတ်သက်လျှင်သူ့ရင်ဘတ်သည်အမြဲတမ်းစည်းခြားခံနေရလေ့ရှိသည်။သူ၏အေးမြခြင်းနှင့်ပတ်
သက်ဆက်နွယ်ခဲ့ဖူးသောမိန်းကလေးတစ်ယောက်သည်လည်း..။

              ဒိုင်ယာရီစာအုပ်ကိုပိတ်ပစ်လိုက်ရ၏။သူ၏ကစဥ့်ကလျားဖြစ်နေမှုကိုတောင်သမန်အင်းကြီး
ကမသိ။မယ်ဇယ်ပင်တန်းများကမဆိုင်သလိုမျက်နှာပေးများနှင့်သာ။ဦးပိန်တံတားကြိီးသည်ပင်သူ့ကို
ဥပေက္ခာပြုထားခဲ့လေပြီ။

                နေပူရှိန်ကျသွားပြီမို့လမ်းလျှောက်ထွက်ရင်းလေညင်းခံလာကြသောချစ်သူစုံတွဲများဖြင့်
ဦးပိန်တံတားကြီးနှင့်တောင်သမန်အင်းစောင်း၏စည်ကားမှုကလှုပ်ရှားသက်၀င်နေပေပြီ။တောင်သမန်
၏နေ၀င်ချိန်ရှုခင်းကိုအမိအရမှတ်တမ်းတင်နေကြသောကမ်ဘာလှည့်ခရီးသွားများကိုလည်းတွေ့နေရ၏
။တောင်သမန်အင်းစောင်း၏ညနေခင်းတစ်ခုမှာသူတစ်ယောက်တည်းအသည်းကွဲကျန်ရစ်ခဲ့ရမည်မှန်း
အစကကြိုသိခဲ့လျှင်ဘယ်လောက်ကောင်းမည်နည်း။ကြိုတင်ကာကွယ်မှုများပြုလုပ်ဖို့အချိန်ရခဲ့လိမ့်မည်
ထင်သည်။လက်ရှိအချိန်မှာတော့သူတစ်ယောက်တည်း...။

             ဦးပိန်တံတား၏တစ်ခုသောကျွန်းတိုင်ကိုမှီရင်းငေးမောနေမိ၏။ကျွန်းတိုင်ဘေးမှာကပ်ရိုက်
ထားသော(၂၂၆)အမှတ်အသားလေးကလည်းသူ့ကိုလှောင်ပြောင်နေသည်။ထို (၂၂၆ )အမှတ်အ
အသားအောက်မှကော်ရက်ရှင်ပင်န်ဖြင့်ရေးထိုးထားသောကမ္မည်းစာကြောင်းလေးကလည်းသူ့ကိုမခိုး
မခန့်ကြည့်နေ၏။လေပြည်တစ်ချက်သုတ်သွားသောအခိုက်အတန့်မှာကျလာသောမျက်ရည်စက်များ
ကိုလေပြည်ကတောင်သမန်အင်းရေနှင့်အတူရောနှောဖို့သယ်ဆောင်သွားသည်။သူပြန်ဆယ်ဖို့ကြိုး
စားရမည်။မျက်ရည်စက်များ၏ရာဇ၀င်ကိုရေနစ်စေဖို့သူ့မှာဆန္ဒမရှိခဲ့။ဒိုင်ယာရီစာအုပ်လေးအားအကျၤီ
ချွတ်၍သေချာပတ်ထားလိုက်သည်။ပုဆိုးကိုခါးတောင်းမြှောင်အောင်ကျိုက်၍ကျီစယ်ပြေးလွှားနေသောရေ
လှိုင်းကလေးများရှိရာဆီဒိုင်ဗင်ထိုးချလိုက်သည်။

၀ုန်း !!!!!

                                                                                      
( နှစ် )

(ဒိုင်ယာရီတစေၦ )

             ၀ုန်း!!!!!

              တစ်စုံတစ်ခုပြုတ်ကျသံလိုလိုကြားလိုက်ရ၏။အတွေးအမျှင်တန်းပြတ်တောက်သွားသည်
မို့ထိုအသံကိုစိတ်ဆိုးမာန်ဆိုးဖြင့်ကျိန်ဆဲပစ်လိုက်မိသည်။အသံကြားရာဆီသို့သွားကြည့်မိ၏။လေပြင်းတိုက်
ခတ်သောကြောင့်ပြတင်းပေါက်တံခါးပိတ်သွားခြင်းပင်။ချိတ်ထားသောပြတင်းပေါက်ချိတ်များကလေပြင်း
ဒဏ်ကိုတင်းမခံနိုင်တော့။ပွင့်နေသေးသောပြတင်းပေါက်များကိုလိုက်ပိတ်လိုက်ပြီးနောက်တစ်ခန်းလုံးမှောင်
သွား၏။လေပြင်းတိုက်ခတ်ချိန်မှာလျှပ်စစ်မီးလည်းပြတ်တောက်သွားပြီဖြစ်ကြောင်းသိလိုက်ရ၏။

                အမှောင်ထဲမှာစမ်းတဝါးဝါးလျှောက်ရင်းစာကြည့်စားပွဲဆီသို့စိတ်မှန်းဖြင့်သွားလိုက်သည်။
စားပွဲပေါ်မှအားသွင်းထားသောစာကြည့်မီးလေးကိုဖွင့်လိုက်သောအခါသားရေဖုံးဒိုင်ယာရီစာအုပ်လေးက
သူမကိုလှမ်းကြည့်နေသလိုမျိုးစိတ်ထဲမှာခံစားရ၏။တစေၦတစ်ကောင်လိုခြောက်လှန့်နေသောဒိုင်ယာရီ
စာအုပ်လေးကိုလွှင့်ပစ်ဖို့စိတ်ကူလိုက်မိသည်။သို့သော်ဒိုင်ယာရီစာအုပ်ကြားမှတစ်စွန်းတစ်စထွက်
ပေါ်နေသောခရမ်းရောင်စာရွက်ပိုင်းလေးကသူမစိတ်ကိုညှို့ယူဖမ်းစားသွားပြန်သည်။ထိုစာရွက်လေး
ထဲမှာသူ့ရင်ခုန်သံလေးများမြှုပ်နှံထည့်သွင်းထားကြောင်းသူမသိသည်။ပြန်မဖတ်တော့ဟုစိတ်ကိုတင်း
ထားသည့်ကြားမှပင်မမြင်နိုင်သောစွမ်းအားတစ်ခုကပြန်ဖတ်ကြည့်ဖို့တိုက်တွန်းနေသလိုလို။

                  သူမကိုယ့်ကိုယ်ကိုမညာချင်တော့။ကိုယ့်ကိုယ်ကိုညာရခြင်းလောက်ပင်ပန်းတာမရှိဟု
သူမထင်သည်။ခရမ်းရောင်စာရွက်လေးကိုဆွဲထုတ်လိုက်မိသည်။သေသေသပ်သပ်ရေးထားသော
သူ့ခံစားချက်လေးများကအနီးနားမှာလာကပ်ပြီးပြောပြနေသည်ဟုထင်ရလောက်အောင်ထိရှလွန်းလှ၏။

                       "" တကယ်မဖြစ်နိုင်တော့လို့
                          လမ်းခွဲရပြီဆိုရင်
                         အရင်ဆုံးနှုတ်ဆက်ရသူက
                         ငါ..မဖြစ်ပါရစေနဲ့။
                         ဒါပေမယ့်.
                        မျက်ရည်တော့ ငါအရင်ကျပါရစေ""


                     သူမကိုယ်တိုင်နေ့တိုင်းမျက်ရည်ကျနေရသည်ကိုသူ သိခွင့်မရှိတော့။အချစ်သည်
ဖြောင့်ဖြောင့်သွားမရသည့်အခါကွေ့ကောက်ပြီးသွားတတ်သည်ဆိုသောဒဿနတွေကိုလည်းသူမမယုံချင်တော့။
သာယာဖြောင့်ဖြူးခဲ့ဖူးသောသူနှင့်သူမတို့၏အတိတ်ဇာတ်လမ်းလေးကနှစ်ဦးသား၏ဒိုင်ယာရီစာအုပ်လေးတွေ
ထဲမှာပဲကျန်ရစ်တော့သည်။ချစ်သက်သေအဖြစ်မှတ်တမ်းတင်ခဲ့ဖူးသောနေရာဟောင်းလေးများကိုသူနှင့်
အတူရပ်ေ၀းတစ်နေရာမှာချန်ထားခဲ့ရပြီ။သူ့ကိုဆွေးဆွေးမြည့်မြည့်လွမ်းဆွတ်နေမိသည့်သူမအဖြစ်ကို
သူသိခွင့်မရှိနိုင်တော့။

                   တောင်သမန်အင်းကြီးနှင့်ဦးပိ်န်တံတားကြီးကိုလည်းလွမ်းသည်။သူနှင့်အတူထိုင်နေကျ
ဖြစ်သောမယ်ဇယ်ပင်ကြီးအောက်ကခုံတန်းလေးကိုလည်းလွမ်းမိပြန်သည်။တိုင်အမှတ်(၂၂၆)ကိုလည်း
လွမ်းဆွတ်နေမိသည်။"ခုချိန်ဆို..သူဘယ်ရောက်နေပြီလဲ..ရင်ခွင်သစ်တွေ့နေပြီလား"ဟုမတွေးရဲရဲနှင့်တွေး
ကြည့်နေမိသည်။မျက်နှာသာမပေးခဲ့သောကံဇာတ်ဆရာအလိုကျအလွမ်းအဆွေးခန်းမှာကပြဖို့သဘောတူခဲ့
ရသည့်တိုင်သူ့ကိုတစ်နေ့မှမမေ့ခဲ့။နေ့တိုင်းညတိုင်းလွမ်းသည်။ပါးချိုင့်လေးခွက်သွားအောင်ပြုံးတတ်သော
သူ့အပြုံးနုလေးတွေကိုပြန်မြင်ချင်မိသည်။ပြေပြေအေးအေးလေးပြောတတ်သောသူ့စကားသံလေးတွေ
ကိုပြန်ကြားချင်မိသည်။သူရွတ်ပြတတ်သည့်ဆရာတက္ကသိုလ်ဘုန်းနိုင်၏ကဗျာလေးတွေကိုပြန်ခံစားကြည့်ချင်သည်။

                    သူမ၏လွမ်းဆွတ်မှုမှတ်တမ်းကသူအသိအမှတ်မပြုသရွေ့ခမ်းနားနိုင်မည်မဟုတ်။သူ
မတစ်ယောက်တည်းစိတ်တစေၦခြောက်ခံနေခဲ့ရသောနေ့စွဲများစွာကိုသူနားလည်လိမ့်မည်မထင်။လောကသဘာ၀
၏ထုထောင်းရို်က်နှက်မှုမှာသူနှင့်အတူတူသူမနှလုံးသားလေးပြုတ်ကျကျန်နေခဲ့ကြောင်းသူသိစေချင်မိသည်တော့
အမှန်ပင်။"အချိန်သည်သမားတော်"ဟုဘယ်လိုပင်ပြောပြောသူမလက်မခံနိုင်ခဲ့။အချိန်ရှိသမျှတိုက်စားခံနေရသော
အလွမ်း၏ရသကကုစားရခက်လွန်းသည်။ဆူးဆိုလျှင်ပင်နှုတ်ပစ်ရန်လွယ်ကောင်းလွယ်မည်ဖြစ်သော်လည်း
မျက်စိဖြင့်မမြင်နိုင်သောအလွမ်းဆူး၏စူးနစ်မှုကတူးနှုတ်ပစ်ရန်ခက်ခဲလွန်းသည်။နှလုံးသားမှာစူးသည့်ဆူးမို့
နက်နက်ရှိုင်းရှိုင်းစူးနစ်တတ်မှန်းခံစားဖူးသူတွေမှနားလည်နိုင်ပေလိမ့်မည်။သူ့အကြောင်းတွေတွေးရင်း
အိပ်ပျက်ညတွေများလာခဲ့သည်။ကျန်းမာရေးလည်းမကောင်းချင်တော့။ဆရာ၀န်ပြောသည့်အတိုင်းဆိုနှလုံးရော
ဂါပင်ဖြစ်စပြုလာပြီ။အိပ်ဆေးသောက်၍အိ်ပ်နေရသောဘ၀ကြီးကိုစိတ်ပျက်မိ၏။အအိပ်မမှန်သောကြောင့်
အစားအသောက်ကလည်းပုံမမှန်။လေပြင်းကျ၍မီးပျက်သောညမှာသူ့ကိုပိုပြီးလွမ်းမောမိသည်။ပိုပြီးတောင့်တ
မိ၏။သူသာအနားမှာရှိနေလျှင်ငြီးငွေ့မိမှာမဟုတ်။သူ့ကဗျာချိုချိုလေးများဖြင့်နှစ်သိမ့်နေမည်မှာမလွဲ။
ခုတော့..သူကအေ၀းမှာ..။သူမဆက်ပြီးမခံစားနိုင်တော့။သောက်နေကျအိပ်ဆေးကိုလိုအပ်သည်ထက်
ပိုသောက်ဖို့နှလုံးသားကအမိန့်ပေးသည်။ဦးနှောက်ကလက်မခံခဲ့။

                     မင်းနန္ဒာနှင့်ရှင်မွေ့နွန်း၊မောင်ဖေငယ်နှင့်ဒိုင်းခင်ခင်၊ရိုမီယိုနှင့်ဂျူးလိယက်တို့အကြောင်းသူပြောပြ
တုန်းကတကယ်မဖြစ်နိုင်ဟုစောဒကတက်ခဲ့ဖူး၏။ကိုယ်တိုင်ခံစားရသောအခါမှအချစ်အလွမ်းတို့၏တိုက်စားမှုမှာ
ပြင်းထန်ကြောင်းအသိအမှတ်ပြုမိသည်။တွေးလေနာကျင်လေဖြစ်လာရသည့်ေ၀ဒနာကိုသည်းမခံချင်တော့။
ဦးနှောက်ကိုခေါက်သိမ်းပြီးနှလုံးသားအမိန့်ကိုနာခံလိုက်သည်။လိုအပ်သည်ထက်ပို၍အိပ်ဆေးသောက်ပစ်
လိုက်၏။သိပ်မကြာလိုက်။အမှောင်သည်သူမ၏သိမှုနယ်ပယ်အကုန်လုံးလွှမ်းခြုံဝါးမျိုသွားခဲ့သည်။   
     

                                                   ( သုံး )

                   "နှလုံးအထူးကုဆရာ၀န်"ဟူသောဆိုင်းဘုတ်ကိုတစ်ချက်မော့ကြည့်ပြီးဒေါက်တာအောင်မျိုးပြုံး
လိုက်သည်။ဆေးစစ်ချက်စာရွက်နှစ်ရွက်ကိုဖိုင်တွဲလေးဖြင့်ညှပ်၍သူ့လူနာနှစ်ယောက်၏နောက်ဆုံးရအခြေအနေ
ကိုစုံစမ်းရန်အခန်းထဲမှထွက်လာခဲ့၏။အချစ်ကြောင့်မဖြစ်သင့်ပဲဖြစ်သွားရသောလူနာနှစ်ယောက်၏ဘ၀ကို
သနားနေမိသည်။အချစ်သည်ကောင်းကျိုးပေးသောအရာမဟုတ်ပါလားဟုလည်းသူတွေးနေမိ၏။နာရီကို
တစ်ချက်ကြည့်ရင်းကော်ရစ်ဒါမှာခဏရပ်နေမိသည်။လူနာဆောင်သို့မ၀င်ခင်နာ့စ်မလေးတစ်ယောက်
အားခေါ်၍အမိန့်ပေးလိုက်သည်။

            " လူနာနှစ်ယောက်ရဲ့နောက်ဆုံးရအခြေအနေကိုဆရာ့ဆီအမြန်ဆုံးသတင်းပြန်ပို့ပါ"

                အရိုအသေပေးပြီးထွက်သွားသောနာ့စ်မလေး၏မျက်နှာမှခံစားချက်ကိုဒေါက်တာအောင်မျိုးမမြင်လိုက်မိ။
ထို့အတူသူ့နောက်ကွယ်မှစောင့်ကြည့်နေသောမိခင်၏မျက်နှာနွမ်းနွမ်းကိုလည်းမမြင်ခဲ့။သူ့စိတ်ထဲမှာလူနာနှစ်ယောက်
ကိုအကောင်းဆုံးကုသပေးနိုင်ဖို့သာစွဲမှတ်ထားသည်။လူနာကိုအကောင်းဆုံးကုသပေးနိုင်ရေးထက်အရေးကြီးတာ
မရှိဟုလည်းသူခံယူထားသည်။ပြန်ရောက်လာသောနာ့စ်မလေးကသူ့ကိုလူနာနှစ်ယောက်၏အခြေအနေလာပြောသည်။

             " လူနာနှစ်ယောက်လုံးဆေးတိုက်ထားလို့အိပ်နေကြတယ်ဆရာ.."

ထိုအခါမှသက်ပြင်းဖွဖွကိုချရင်းအခန်းတွင်းသို့ပြန်၀င်ခဲ့လိုက်သည်။ဆေးစစ်ချက်ဖိုင်တွဲလေးကိုဘေးမှာ
ချ၍နာ့စ်မလေးယူလာပေးသောနွားနို့ကိုသောက်ပြီးအနားယူနေလိုက်သည်။နှလုံးရောဂါေ၀ဒနာရှင်နှစ်ယောက်
အတွက်တတ်စွမ်းသမျှကုသပေးမည်ဟုလည်းစိတ်ကိုဒုန်းဒုန်းချဆုံးဖြတ်ထားလိုက်၏။သိပ်မကြာလိုက်။
အိပ်ချင်စိတ်ဖြစ်လာသောကြောင့်ခုတင်ပေါ်တက်လှဲနေလိုက်သည်။မျက်လုံးများမှေးစင်းကာဘယ်အချိန်
အိပ်ပျော်သွားမှန်းမသိလိုက်တော့။

                                                     ( လေး )

"ဒေါက်တာ..သားလေးရဲ့အခြေအနေဘယ်လိုရှိလဲ..မေးချင်လို့ပါရှင်"

ဆို့နင့်အက်ကွဲနေသောအသံဖြင့်မေးလာသောလူနာရှင်အန်တီကိုဒေါက်တာနွယ်လေးသနားနေမိသည်။
မိမိလူနာ၏မိခင်ဖြစ်နေသည်မို့လူနာ၏အခြေအနေကိုသေချာရှင်းပြလိုက်မိ၏။ပျက်ယွင်းသွားသော
မျက်နှာကိုပြန်ပြင်၍ထွက်ခွါသွားသောထိုအန်တီ၏နောက်ကျောက်ိုအမှတ်မဲ့စွာကြည့်မိရင်းသက်ပြင်း
ဖွဖွသာခြွေနိုင်တော့သည်။စိတ်ေ၀ဒနာရှင်သားတစ်ယောက်၏မိခင်ဘ၀ကိုစာနာနေမိသည်။မိုးတွေညို
တိုင်းတောင်သမန်အင်းစောင်းကိုသွား၍တိုင်အမှတ်(၂၂၆)ဘေးမှာထိုင်ဆွေးနေတတ်သောစိတ်ေ၀ဒနာရှင်
တစ်ယောက်ကိုဆေးကုသပေးရလိမ့်မည်ဟုဘယ်လိုမှမမျှော်လင့်ခဲ့မိ။ထို့ထက်ပို၍စိတ္တဇဆေးရုံကြီး၏အခန်း
တစ်ခု၀ယ်ကိုယ်တိုင်ရေးခံစားချက်စာမူလေးနှစ်စောင်ကိုဆေးစစ်ချက်အမှတ်ဖြင့်ဖိုင်တွဲလေးနှင့်ညှပ်
ကာနှလုံးအထူးကုဆရာ၀န်ဟုကိုယ့်ကိုယ်ကိုထင်နေမိသောဒေါက်တာအောင်မျိုးလိုလူနာတစ်ယောက်
ကိုစတင်ကုသပေးရလိမ့်မည်ဟုမထင်ခဲ့မိရိုးအမှန်ပင်။အရာရာသည်အိပ်မက်မဟုတ်ခဲ့။တကယ့်လက်တွေ့
ဘ၀သည်တစ်ခါတစ်ရံအိပ်မက်ထက်ဆန်းကြယ်သည်များလည်းရှိသေးသည့်အကြောင်းကိုယ်တွေ့ကြုံ
မှဒေါက်တာနွယ်လေးသိခဲ့ရပြီဖြစ်သည်။  

                                                 ( ငါး )              
     
                 အရာရာသည်ကံစီမံရာအတိုင်းသာဖြစ်တတ်၏ဟုမှတ်သားဖူး၏။ကံကြမ္မာကိုကစားမိ၍
မဖြစ်သင့်သည်များဖြစ်သွားရှာသောလူအချို့အတွက်စိတ်မကောင်းဖြစ်မိသည်။မိမိကုသပေးနေရသော
လူနာ၏ဖိုင်တွဲထဲမှနေရာလေးတစ်ခုကိုလည်းသွားကြည့်ချင်နေမိသည်။ဦးပိန်တံတားကြီး၏ကျွန်းတိုင်
အမှတ်(၂၂၆)ပင်ဖြစ်၏။သွားကြည့်မိ၍ထိုတိုင်အမှတ်(၂၂၆)ပေါ်မှာရေးထားသောစာတန်းလေးကိုမြင်
မိလျှင်ဒေါက်တာနွယ်လေးတစ်ယောက်မည်သို့ဆုံးဖြတ်မိမည်မသိ။အိပ်ဆေးအသောက်လွန်၍ကွယ်
လွန်သွားရှာသောအစ်မဖြစ်သူ၏ချစ်သူမှာသူမကိုယ်တို်င်ဆေးကုသပေးနေရသောဒေါက်တာအောင်မျိုး
ဟုကိုယ့်ကိုယ်ကိုထင်မှတ်နေရှာသည့်စိတ္တဇေ၀ဒနာရှင်စာရေးဆရာတစ်ယောက်ဖြစ်နေမှန်း
ဒေါက်တာနွယ်လေးသိခဲ့မည်ဆိုပါလျှင်.။

သေချာတာတစ်ခုတော့ရှိသည်။အတိတ်လမ်းမှာကျန်ခဲ့သောကဗျာတစ်ပုဒ်၏ မူရင်းကဗျာပိုင်ရှင်မှာ
မည်သူဖြစ်ကြောင်းကာယကံရှင်နှစ်ယောက်မှလွဲ၍မည်သူမျှမသိနိုင်သောအချက်တစ်ခုပင်။
အတိတ်သည်အရိပ်တစ်ခုဖြစ်မည်ဆိုလျှင်ထိုအရိပ်သည်အေးမြသောအရိပ်တစ်ခုသာဖြစ်စေချင်
သည်။ ကဗျာတစ်ပုဒ်နှင့်အတူကျန်ခဲ့သောအတိတ်ကတော့ ပြန်လည်အေးမြဖို့ဖြစ်နိုင်ပါဦးမည်လား။
ဇာတ်သိမ်းမလှသောကဗျာတစ်ပုဒ်နှင့်အတူရင်နာစရာအတိတ်ဟောင်းကကျန်ရစ်ခဲ့ပြီဖြစ်သည်။




             ။ရတုသစ်


အလင်းစိုက်ခင်း


လုံးဝအမှောင်
ကြယ်ရောင်တွေ အိပ်ဆေးမိတဲ့အခါ
အလင်းဘယ်လိုရှာရပါ့
လမင်းလည်း ခရီးလွန်နေတယ်

ကဝေဆန်တဲ့ညပေါ့
လိပ်ပြာလှလှလေး လွတ်ထွက်သွား
အချစ်အား ညှို့ဆွဲဆောင်ရာ....

ရှက်သွေး လဲ့ဖြာတဲ့အပြုံး
သိမ်းကျုံးမြင်ရခိုက်
အလင်းစိုက်ခင်းလေး ပွင့်သစ်ရ
အို....လှလိုက်တာ

အရာရာ နူးညံ့တိတ်ဆိတ်
ကြယ်လေးတွေ မျက်စိမှိတ်လို့
လမင်းလည်း အိပ်ချင်အိပ်ပါစေ
သူ့အပြုံးပွင့်တွေနဲ့ ငါ့ကမ္ဘာ လင်းနေတယ် ။

ရတုသစ်

အိပ်မက်ဖော်ကောင်

မိုးအတုရွာရုံမ အေးတော့တဲ့ရင်ဘတ်ပေါ့
ဇက်သပ်မရတဲ့ခံစားမှုတွေပူလောင် လွန်းတယ်
အကြိမ်ကြိမ်နစ်မွန်းခဲ့တာတောင်
ဒီပင် လယ်ထဲယောင်ယောင် ကူးမိတုန်း
ငါ့အပြုံးကိုဆေးမခပ်လိုက်ပါနဲ့
အမှတ်တမဲ့စခဲ့တဲ့အိပ်မက်လေးက
နင်သွေးအေးပြမှုနဲ့ပဲအပူဟပ် ရ
ဒီဇာတ်လမ်း....
ဘယ်အချိန်ထိနွမ်းရမလဲ
ငါ့မှာလေ
အိပ်မက်အ သေကိုပြန်တမ်းတပြီး
စိမ်းလန်းခွင့်စောင့်နေတဲ့ရွက်သစ်တစ် ရွက်ဖြစ်ချင် ရဲ့
နင်စောင်းငဲ့ကြည့်ရုံနဲ့
ငါ့မနက်ဖြန်တွေလုံလောက်ပြီ ။ ။
 
ရတုသစ်


Wednesday, June 5, 2013

အချစ်ဦးအတ္တ

တိမ်စိုင်များ
ရွေ့လျားသွားကြပြီ
ခရီးသွားအချင်းချင်းတောင်မနာလိုဖြစ်ရ
ပါးလ် ငြင်သာလိုက်ကြတာ ။

ကိုယ့်မှာသာ
မရေရာခြင်းများနဲ့လေးလံနေရ
သမုဒယစိုက်ခင်းထဲ
အငုံအကင်းဖြစ်ဖို့စောင့်ရတာ
ကြာပြီ ။

သီ၀ရီတွေအဆိုအရ
"ဒီမျိုးစေ့က ရေလောင်းရုံနဲ့အပင်မပေါက်ဘူး" တဲ့

အချစ်ဦးမို့..
ကိုယ်ရူးခဲ့တာ မမှားဘူး
ယုံတယ် ။ ။


ရတုသစ်

ရွက်ဝါ

ကံကိုအပြစ်ဆိုရမလား
၀ဋ်ကြွေးကိုစွပ်စွဲရမလား
နှလုံးသားတစ်ခုလုံးထိုးကျေွးခဲ့တာတောင်
အချစ်ရဲ့ဘောင်ထဲမရောက်နိုင်ခဲ့ဘူး။

နှစ်ဦးသားပြိုင်ဆွဲခဲ့တဲ့ပန်းချီကားထဲ
ပြတ်စဲခွင့်စောင့်နေတဲ့သစ်ရွက်အိုလေးလို
ရိုးတံကိုလည်းမလွှတ်ရဲ
မြေပြင်ပေါ်လည်းမဆင်းရဲ
ဖြစ်နိုင်ရင်..
လေထဲမှာပဲလူးလွင့်နေချင်ရဲ့
လက်တွေ့ဘ၀ဟာ
ရုပ်ရှင်တွေထဲကလို မှမဟုတ်ဘဲကွယ် ။


ရတုသစ်

Saturday, June 1, 2013

ကျွန်တော့်ချဉ်ခြင်းများ ( ၂ )

အမှန်ခြစ်ပြထားတိုင်းမမှားဘူးထင်ခဲ့ရတာ
ဘယ်လောက်ကြာပြီလဲ
ကြက်ခြေခတ်ပြထားတိုင်းမမှန်ဘူးထင်ခဲ့ရတာ
ဘယ်လောက်ကြာပြီလဲ
ဉာဏ်နည်းလို့ဆိုချင်ဆို
မလှန်ရဲလို့ပြောချင်ပြော
အမှန်သဘောဆိုတာကတော့
အချိန်ကျရင်အသံတိတ်စကားပြောမှာပဲ
အမှန်ချစ်တာသေချာရင်
အခြစ်မှန်တဲ့သ​င်္ကေတဖြစ်ဖို့လိုမယ်
ငွေပေးဝယ်လို့ရတဲ့အမှန်ခြစ်တွေအောက်
အမှန်အစစ်တွေပျောက် ပျောက်သွားရတာ
ရင်နာလို့မဆုံးတဲ့ဇာတ်ဝင်ခန်းတွေပဲ
အစွဲကင်းပြီဆိုမှ
သင်္ကေတတွေကို အသက်သွင်းတာကောင်းတယ် ။

ရတုသစ်

Friday, May 31, 2013

"လွမ်းလိမ့်လူးလူး လှိုင်းလိုလွင့်လွင့်"


ညလယ်တိမ်ယံ ၊လပန်းပန်လျှက်
၀တ်ဆံနုထွေး၊ ပန်းတိုင်းမွှေးစဉ် 
ချိုတေးနုယဉ် ၊ တေးသီ ဆင်၍
ချစ်ကြင်နှမ ၊ မျက်နှာလှအား
ရွှန်းပသာကြည် ၊ ကြည့်ခွင့်ရည်သည်
ချစ်တည်သက်သေ..ချစ်မိုးစွေ..။

ချစ်မိုးစွေသော်၊ လေပြည်လေညင်း
တသင်းသင်းနှင့်၊ တင့်လင်းလဲ့ဖြာ
သူ့မျက်လွှာလည်း၊တာရာသောက်ရှ ူး
ပြိုင်တိုင်းရူးလိမ့်။

မူးမူးမေ့မေ့ ၊ ချစ်စိတ်တွေ့လည်း
ပြတ်ရွေ့မေတ္တာ ၊ မခိုင်မာ၍
ရင်လွှာကိုဖြတ် ၊ သူစိမ်းဆတ်သော်
လွမ်းဓာတ်ကိုယ်လုံး ၊ သိမ့်သိမ့်မှုန်းသည်
ထစ်ချုန်း မိုးနှယ်..မျက်ရည်လွယ်ခဲ့ ။

လကွယ်ညမှောင် ၊ ကြယ်ရောင်ဆိတ်သုဉ်း
ရင်နှလုံးလည်း၊ ပြတ်ရံှုးကွဲကြေ
ရင်မြေကမ်ဘာ၊ ဖွေရှာပါလည်း
ဘယ်မှာမတွေ့၊ တမင်မေ့ထင့်။

မေ့မေ့မောမော၊သောသောရုတ်ရုတ်
လှုပ်လှုပ်ခတ်ခတ် ၊ လွမ်းဇာတ်ရှည်ဆ
ဖြေလည်းမရ၊ကြေကွဲစတွေ၊
စိန်ရွှေလိုလက်၊မနက်နေ့ည
မေ့မရဘူး။

ရင်၀လှိုက်ဆူ ၊ ချစ်သည်းအူပြတ်
နွေပူဆယ်ဆင်း ၊ ပြိုင်ထွန်းလင်းသို့
ရင်တွင်း ခြောက်သွေ့ ၊ စမ်းမတွေ့သည်
ချစ်၍ရူးခဲ့ရပါပြီ။

ရူးရူးသွမ်းသွမ်း ၊ ကြိတ်နွမ်းရှိုက်မော
တွေ့သောကညာ၊ မေများလေလား
ထင်၀ိုးဝါးနှင့်၊ သွေးသားေ၀ရီ
မတည်စိတ်ဓာတ်၊ ပြိုကာပျက်ထင့်။

လွမ်းရက်လွင့်လူး ၊ စိတ်နွမ်းဖူးခဲ့
စိတ်ရူးလေရူး၊ညဦးလွန်စေ
ရာသီထွေပြား၊မိုးလင်းသွားလည ်း
ကြယ်ခြေရာကောက်၊တစ်ယောက်ထီးတည်း
လျှောက်ရဦးမည်၊နာရီလရက်၊
တစ်သက်မက၊ဖျက်မရဘူး၊
ရူးတယ်ဆိုလည်းဆိုပါတော့ ။

သူ့ကိုတမ်းတ ၊ နေ့နဲ့ညလည်း
ဒုက္ခထပ်ထပ် ၊ ကျောခြင်းကပ်ခဲ့
ပွင့်ဖတ်နုကြွေ ၊ ချစ်စိတ်ဖွေလည်း
စိမ်းနေသူက ၊ မီးနီပြသည်
ငိုရခြင်းသာ..မောင့်ကမ်ဘာ ။

မှောင်လွှာသုဉ်းဆိတ် ၊ ကမ်ဘာရိပ်၀ယ်
တိတ်တိတ်သာလွမ်း၊ ကိုယ့်မှာနွမ်းလည်း
မြတ်ပန်းတော်၀င်၊ ဖြူစင်ပ၀င်း
မွှေးသတင်းနှင့်၊ ဂုဏ်သင်းပါစေ
ဆန္ဒခြွေပြု၊ မျက်ရည်စုဖြင့်
သမုဒယ ၊ ဒီကြိုးစကို
ဒီမျှသာတွင် ၊ရပ်တန့်ချင်ပြီ
သခင်အမျက်တော် ပြေပါတော့။

မျက်ဖြေတောင်းဆု၊ပြုပြုသမျှ
ဘဝအပူ၊ခဏယူသိမ်း
ဘယ်သူငြိမ်းပါ့ ၊စိမ်းခဲ့နှလုံး
ဆုံးခဲ့မေတ္တာ ၊မာခဲ့အချစ်
ဒီတစ်ခေတ်ထဲ ၊နစ်ကျန်နွမ်းယဲ့
ကျန်နေခဲ့မည်...
လွမ်းတဲ့ကမ်ဘာတည်ပါစေ
ပန်းဖွဲ့ကဗျာသီကာခြွေ။

မောင်နိုင်လင်း(ကောလင်း)၊ လွမ်းနောင် ၊ ရတုသစ်
 (01/06/2013 )
( အွန်လိုင်းလင်းရောင်ခြည်ဂရုချက်ဘောက်မှာသုံးယောက်ပေါင်း
ပြီး ရင်ချင်းတိုက်ဆိုင်မိတဲ့ ရိုးရာကဗျာတစ်ပုဒ်ပါ..။ ခံစားနိုင်ကြပါစေ ။ )

Thursday, May 30, 2013

ရွှေခေတ်ဆိုတာ ညီမလေးရဲ့ လက်ထဲမှာ

ညီမလေးရေ..
အပျက်အပျက်နဲ့မျက်စိရှက်ဖွယ် ခေတ်ဆိုးထဲ
မျက်စိမှိတ်ပြီး ဇွတ်မတိုးနဲ့
အဘိုး အဘွားတွေ ထားခဲ့တဲ့ ယဉ်ကျေးမှု
ဂရုစိုက်မယ့်သူ ရှိနေသင့်တယ် ။

အမြင့်ကို လှမ်းနိုင်အောင်ကြိုးစားပါ
စိတ်ထားလှနေအောင် မွေးမြူပါ
မြှူဆွယ်တိုက်ခိုက်လာမယ့် ခေတ်ရိုက်ချက်တွေထဲ
မလဲပြိုအောင်ထိန်းမတ်ထားနိုင်ရင်အကောင်းဆုံးပဲ
သရုပ်ပျက် ၀ဲဂယက်ကြား
လွမ်းမမှားအောင်လျှောက်တတ်ဖို့
စိတ္ဓာတ္နံရံမွာ "မြန်မာ " ဆိုတာ ဆွဲချိတ်ထားပေါ့
သူများတွေ ေ၀ဝါးတိုင်း
လိုက်လိုက် ပြီး မထွေပြားစေနဲ့
ရိုးသားပါ
နိုးကြားပါ
ကြိုးစားပါ
ရွှေမြန်မာတို့ရဲ့ အမျိုး၊ဘာသာ၊သာသနာအတွက်
ဘယ်တော့မှ ဖျက်ရာမဖြစ်စေချင်ဘူး။

ညီမလေးရေ...
မင်းရဲ့ ဆင်ခြင်နိုင်စွမ်းဟာ
မင်းဘ၀ရဲ့ ဦးတည်ရာ လမ်းကြောင်းပဲ
မင်းရဲ့သမိုင်းကောင်းဖို့
မင်းကိုယ်တိုင် မောင်းနှင်မှ ရမယ်
"မြန်မာ့ယဉ်ကျေးမှုက
ဘယ်တော့မှ မဟောင်းဘူး"ဆိုတာတော့
နှလုံးသားထဲစွဲနေအောင်မှတ်ထားပါ ။

ရိုးရာပျောက်သွားခဲ့ရင်
"မျိုး မြန်မာ "လည်း မှောက်မယ်
မြန်မာ့သစ္စာဖောက်ဘယ်တော့မှမဖြစ်စေနဲ့
ရွှေခေတ်ဆိုတာ..
ညီမလေးရဲ့ လက်ထဲမှာပဲ ရှိတယ်..။


ရတုသစ်

(မွေးနေ့လက်ဆောင် ကဗျာ က သိပ်တော့မနူးညံ့ဘူး ..ညီမလေးရေ..
ဒီကဗျာကို ဖတ်ရုံတင်မဖတ်ပါနဲ့ သေချာတွေးပြီးဖတ်ပါကွာ... )

စဉ်းစားမိတဲ့ပုစ္ဆာတစ်ခု

ကိုနောက်တိုးစဉ်းစားခန်းဖွင့်နေတယ်။သူ့ဘ၀မှာဒီတစ်
ခါလောက်ဘယ်တုန်းကမှစဉ်းစားခန်းမဖွင့်ဖူးဘူး။
ဒီနေ့မှကြုံလာတဲ့အဖြစ်လေးကိုပြန်တွေးရငး်စဥး်စားခန်းဖွင့်နေမိရဲ့။"လောကရေးရာများတယ်လဲ ရှုပ်ထွေးလွန်းပါလား"လို့
လည်းအကြိမ်ကြိမ်ပင့်သက်ဖြာမိရတဲ့အထိ ။လူ့အခွင့်အရေးဆိုတာဘာလဲ ။ဘာကိုလူ့အခွင့်အရေးခေါ်တာလဲ ။လူ့အခွင့်
အရေးကိုလူတိုင်းရနိုင်ပါသလား ။ရနိုင်ရင်ရောဘာဖြစ်မလဲ။လူတိုင်းမှာလူ့အခွင့်အရေးရှီတယ်ဆိုမှတော့လှည်းနေလှေအောင်း
မြင်းဇောင်းပါမကျန်အူ၀ဲကနေသေခါနီးလူကြီးထိလူ့အခွင့်အရေးရနိုင်တယ် ရသင့်တယ်မဟုတ်လား။ဒါဆိုလူလို့သတ်မှတ်
ထားတဲ့လူတွေဟာလူမှုပတ်၀န်းကျင်ကသတ်မှတ်ထားတဲ့လူတွေလုပ်ဆောင်ရမယ့်တာ၀န်တွေကိုထမ်းဆောင်ရမှာပဲမ
ဟုတ်ပါလား။လူနဲ့ထိုက်တန်တဲ့ပေးဆပ်သင့်တာတွေကိုပေးဆပ်ရမှာပဲမဟုတ်ပါလား။အခုသူကြုံတွေ့နေခဲ့ရတာဒီလိုမ
ဟုတ်။ဒါ့ကြောင့်သူ့အတွေးတွေရှုပ်နေတာ။ မနက်ထဲကငူငိုင်ပြီးစဉ်းစားခန်းဖွင့်နေမိတာ။အဖြေကိုတော့သူမတွေ့သေး
။ဆေးပေါ့လိပ်မီးခိုးငွေ့ကြောင့်အိမ်ထဲမှာအောင်းနေတဲ့ခြင်တွေ၀ရုန်းသုန်းကားဖြစ်နေတာတော့အမှန်။တလူလူလွင့်နေတဲ့
မီးခိုးငွေ့တွေနဲ့အတူသူ့စိတ်အစဉ်လည်းတလူလူလွင့်နေတယ်...။
--------------------------------------------------------------------------------------------------------------------------------

                          ကိုနောက်တိုးဆိုတာ ကြုံရာကျပန်းအလုပ်သမား ။သူတို့နယ်မြို့လေးမှာတော့ကိုနောက်တိုးကိုမသိသူ
မရှိသလောက်ပဲ။ကိုနောက်တိုးကအစအနောက်သန်သလိုသဘောလည်းကောင်းတယ်။တစ်ခါတစ်ခါခပ်ထွေထွေဖြစ်လာ
ချိ်န်တွေဆိုပိုပြီးသဘောကောငး်တတ်တယ်။သီချင်းလေးတစ်ကြော်ကြော်နဲ့လမ်းလျှောက်ရင်းလမ်းမှာတွေ့တဲ့ကလေးတွေ
ကိုမုန့်ဖိုးလိုက်ပေးတတ်သေးတာသူ့အကျင့်။ဒါ့ကြောင့်သူ့ဆိုရပ်ကွက်ထဲကကလေးတွေကအသည်းစွဲ။ကိုနောက်တိုးက
လညး်ကလေးဆိုကျားကျား မမ အကုန်ချစ်ပြီးသား ။

                           တစ်ကိုယ်ရည်သမားမို့အပိုကုန်ကျစရာမရှိ။ပိုငွေလည်းမရှိ။ရှိသမျှကလညး်အဲလိုသောက်လိုက်စား
လိုက် ပေးလိုက် ကမ်းလိုက်နဲ့တက်တက်စင်ပြောင်နေတာပဲ။ပြီးတော့ကိုနောက်တိုးမှာကောင်းတဲ့ဗီဇလေးတစ်ခုရှိသေး
တယ်။အဲဒါကစာဖတ်တဲ့အကျင့်ဗီဇ ။သူဖတ်မှတ်ထားတဲ့ဗဟုသုတလေးတွေကိုရပ်ကွက်စကား၀ိုငး်မှာပြန်ဖောက်သည်ချ
တတ်တယ်။သူသိထားသမျှအတွေးအမြင်လေးတွေကိုလည်းဖွင့်ဟဖို့၀န်မလေး ။ သူ့အထာကိုသိပြီးသားဆိုတော့ရပ်
ကွက်စကား၀ိုင်းက၀ိုင်းတော်သားတွေကလည်းခေါင်းညိတ်ရလွန်းလို့လူူစင်စစ်ကပုတ်သင်ညိုဖြစ်ရတော့မလိုပါပဲ။
အဲဒီလောက်ထိကိုနောက်တိုးကရပ်ကွက်နဲ့ပလဲနံပ သိပ်သင့်တာ။ သူမို့စကားပြောပြီဆိုရင်" ကိုတိုးက.. ကိုတိုးက"
လို့အစချီပြောတတ်တာကိုပဲ ရပ်ကွက်ကလူတွေအတွက် ဟဒယဆေးတစ်ခွက်။
                             ကလေးတွေကတော့" ဦးတိုးကြီး "လို့ခေါ်ကြတယ်။ဖြစ်ချင်တော့သူကလညး်ခင်မောင်တိုးပရိသတ်။
သူ့ကို ဦးတိုးကြီးလို့များခေါ်လိုက်ရင်ရှိသမျှသွားအကုန်ပေါ်အောင်ပြုံးပြပြီးအဲဒီကလေးကိုပြေးပွေ့လိုက်တော့တာပဲ။
အဲဒိကလေးအတွက်အဲဒီနေ့မုန့်ဖိုးဖူလုံပြီ ။
                             ပြီးတော့ကိုနောက်တိုး ပျင်းလာတဲ့အခါ ဂစ်တာတီးလေ့ရှိတယ်။ အကျွမ်းကျင်ကြီးတော့မဟုတ်ဘူး။
အေမိုငး်နား ဘီမိုငး်နား သိရုံလောက်ပဲ။ဒါပေမယ့်သူ ဂစ်တာတီးရင်ကီးမိတာမမိတာမသိ။သီချင်းထဲမှာတော့မုဒ်အပြည့်
သွင်းလို့။မျက်လုံးမှတ်ပြီးတီးလိုက်ဆိုလိုက်လုပ်နေတာများမသိတဲ့သူဆိုတကယ့်ပညာရှင်အဆင့်လို့ထင်မှတ်မှားမိရ
လောက်အောင်ပဲ။
                             မကြာသေးမီက ခင်မောင်တိုးကွယ်လွန်တဲ့သတင်းလည်းကြားပြီးရော ကိုနောက်တိုးမျက်နှာမှာအ
မူအရာတွေပြောင်းလာတယ်။တစ်စုံတစ်ခုကိုဆုံးဖြတ်ချက်ချလိုက်တဲ့ဟန်နဲ့သူ့မျက်နှာဟာမှိုင်ပျလို့ ။အဲဒီနောက်ပိုငး်
ရပ်ကွက်စကား၀ိုင်းကိုသူခြေဥိးမလှည့်ဖြစ်တော့တာများလာတယ်။အိမ်မှာလည်းဂစ်တာတစ်လက်နဲ့အလုပ်ရှုပ်နေ
တတ်တယ်။လမ်းဘေးဈေးသည်တွေချရောင်းတဲ့မှုန်မွဲမွဲသီချင်းစာအုပ်လေးတွေလိုက်၀ယ်စုနေတာတွေ့ရတယ် ။
အထူးသဖြင့်ခင်မောင်တိုး ရဲ့သီချင်းစာအုပ်တွေ...။
-----------------------------------------------------------------------------------------------------------------------

                                 ကိုနောက်တိုးမူပြောင်းသွားတာသတိထားမိသူတွေကသူ့ကိုလာမေးကြတော့ "ကိုတိုးကြီး
မရှိတော့ဘူးလေ..ကိုိတိုးကြီးရဲ့အစား ကိုတိုးလေးနေရာ၀င်ယူမလို့ ကြိုးစားနေတယ်" လို့ပြန်ပြောလွှတ်တယ်။ ။
လာမေးတဲ့သူတွေပဲတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြန်သွားကြလေရဲ့။ကိုနောက်တိုးကတော့ခပ်တည်
တည်ပါပဲ။။
                                ညပိုငး်တွေဆိုကိုနောက်တိုးအိမ်ဘက်ကဂစ်တာသံမညီမညာနဲ့သီချင်းသံမပီကလာကိုရပ်
ကွက်ကအခမဲ့နားဆင်ခွင့်ရသွားတယ်။ ဒါပေမယ့်သိပ်မကြာလိုက်ဘူး။လူတွေအိပ်ချိန်မှာဆူညံလို့ဆိုပြီးရပ်ကွက်
လူကြီးရဲ့အဆူအငေါက်ကိုခံလိုက်ရတယ်။
                             " ဟေ့ကောင် .မင်း လူ့အခွင့်အရေးနာမလည်ဘူးလား...ဒါ အိပ်ချိန်ကွ..မင်းကဆူညံနေတော့
ဘယ်ကောင်းကောင်းအိပ်ကြရတော့မလဲ..".စတဲ့ရပ်ကွက်လူကြီးရဲ့တရားကိုမျက်နှာမသာမယာနဲ့နားထောင်ပြီးးးး
အာမဘနေ္တ လုပ်ပြန်ခဲ့ရတယ်။
                               အ ဲဒီညက" ဖြောင်း..ခွမ်း "ဆိုတဲ့အသံထွက်လာပြီးနောက်ပိုင်းကိုနောက်တိုးအိမ်ကအသံတိတ်
ဆိတ်သွားတယ်။ "ငါ့ကိုပိတ်ပင်တာရော...လူ့အခွင့်အရေးချိုးဖောက်တာမဟုတ်ဘူးလား...လူတစ်ယောက်ရဲ့
တက်လမ်းကိုဖျက်ဆီးပစ်တာဟာ လူ့အခွင့်အရေး နားမလည်တာပဲ"..လို့ သူတွေးမိလာတယ်..။
                             နောက်ပို်င်းရက်တွေမှာလူ့အခွင့်အရေးနဲ့ပတ်သက်တဲ့စာအုပ်တွေသူလိုက်၀ယ်နေတာကို
ရပ်ကွက်ကသတိပြုမိလာကြတယ်။ ကိုတိုး ဘာလဲ..ဘယ်လဲ စတဲ့ ပဟေဠိတွေဟာသူတို့မျက်နှာမှာအထင်းသား
ပေါ်လို့....။
---------------------------------------------------------------------------------------------------------------------

                               ကြု့ံရာကျပန်းအလုပ်သမားဆိုတော့ကား စပါယ်ယာလဲလုပ်တယ်။တစ်ခါတစ်ရံပေါ့။အုံနာ
ကသူ့သူငယ်ချင်း။ ကျောင်းနေဖက်။တစ်ခြားစပါယ်ယာတွေအလုပ်ကခွင့်တောင်းတဲ့ရက်ဆိုကိုနောက်တိုးစပါယ်
ယာဖြစ်ပြီ။အဲဒါီစပါယ်ယာဖြစ်တဲ့တစ်ရက်တစ်လေမှာပဲကိုနောက်တိုးစိတ်အကြီးအကျယ်ပျက်ရတာတွေကြုံရ
တယ်။
                             "ဘယ်တတ်နိူင်မလဲ ..လူပေါင်းများစွာ..စီးနေတဲ့ကားကိုစပါယ်ယာသွားလုပ်မိတဲ့ ကိုယ့်အ
ဖြစ်ကိုပဲမကျေမနပ်ဖြစ်ရုံရှိတာပဲ".အဲဒီလိုတွေးမိတာနဲ့တပြိုင်နက် လူ့အခွင့်အရေးဆိုတာကြီးကကပ်ပါးကောင်
တစ်ကောင်လိုဦးနှောက်မှာတွယ်ကပ်လာတယ်။အတွေးတွေကိုစိုးမိုးလာတယ်။ဆေးပေါ့လိပ်တွေတစ်လိပ်ပြီးတစ်
လိပ်သောက်ဖြစ်အောင်တိုက်တွန်းလာတယ်။အဖြေမှန်ကတော့မရသေး။ လိုက်လေ ေ၀းလေ..။
---------------------------------------------------------------------------------------------------------------------

                          ဖြစ်ချင်တော့စပါယ်ယာတစ်ယောက်ခွင့်ရက်ယူတဲ့အကြောင်းသူငယ်ချငး်ကလာပြောတယ်။
လိုင်းကားအမှတ်တံဆိပ်ပါတဲ့အင်္ကျ ီလေး၀တ်ပြီးလို်က်သွားရုံပဲ။ သူလိုက်တဲ့ကားက ဒိုင်နာ ။အတွင်းပိုငး်မှာ
ဘယ်ခရီးကိုဘယ်လောက်ကျသင့်တယ်ဆိုတာရေးထားတဲ့သံပြားတပ်ထားတယ်။လိုင်းကားရှားပါးသေးတဲ့နယ်
မြို့လေးဆိုတော့ခရီးသည်တွေကအလုအယက်။ စိတ်ပျက်ဖို့ကောင်းတာကဈေးသည်တွေ။ငပိတောင်း မျှစ်
တောင်းတွေနဲ့သူတို့တက်လာရင်သွားပြီ ။ကားတစ်စိီးလုံးလေသန့်ငတ်ပြီ။
                         ဈေးသည်တွေကိုတော့တန််််ဆာခယူရတယ်။မယူလို့မရ။သူတို့တောင်းတွေခြင်းတွေကလူ
နှစ်ယောက်စာလောက်နေရာယူတယ်။အဲဒိီအခါဆိုကက်ကက်လန်ရန်တွေ့ခံရပြီသာမှတ်။
                        "အရင်စပါယ်ယာတုန်းကဘယ်လောက်ပါ..အခုမွကားခက တက်ရသလား.".ဘာ ညာနဲ့ပြော
သံတွေကိုဥပေက္ခာပြုထားရတယ်။မဟုတ်ရင်ခေါင်းတက်နင်းမယ့်ဟာတွေ။မလွယ်ဘူး ။တစ်ခါတစ်လေကျ
တော့လည်း ဒီခရီးက သွားနေကျ အခုမှဘာဖြစ်ရပြန်တာလဲ ပြောပြီး ကားခအပြည့်မပေးပဲပေကပ်လိုက်လာ
သူတွေလည်း ဒုနဲ့ဒေး ။ဒါတွေမကြုံချင်မကြားချင်လို့သူငယ်ချင်းကိုပြောကြည့်တယ် ။
                      " မင်းက တစ်ခါတစ်ရံပဲလိုက်ရတာ..ဒီလောက်ဖြစ်လို့ကွာ...နေ့တိုင်းလိုက်နေရတဲ့ကောင်
တွေဘယ်လိုလုပ်မလဲ...တွေ့နေကျမြင်နေကျတွေပဲ...မျက်နှာပြောင်တိုက်လိုက်ရတာပဲ...စိတ်ထဲထားမနေ
နဲ့ကွ..အဲ ဒါပေမယ့် အခုတစ်ခေါက်အပြည်မပေးဘူးဆိုမှတ်ထားလိုက်..နောက်တစ်ခါလိုက်လို့သူ့အတွက်
အမ်းရမယ်ဆိုမအမ်းတော့ဘူး...ညစ်တာတော့ မဟုတ္ဘူး..ဒိလိုပဲလုပ်ရတာပဲ...သူတို့လည်းသူတို့အလုပ်
သူတို့လုပ်တယ်..တို့လည်းတို့အလုပ်တို့လုပ်ရုံပဲ...စပါယ်ယာဆိုမှတော့ကားခတောင်းရမယ့်တာ၀န်ရှိတယ်
မတောင်းပဲအလကားလိုက်ခိုင်းလို့ဘယ်ဖြစ်မလဲ...ဒါစီးပွားရေးလုပ်နေတာ...တစ်ယောက်ဆိုတစ်ယောက်
သိသာတယ်ဟ...လူကြီး ၃၀၀ ဆို ကေလး ၁၀၀ ပဲ ။တောင်းသာတောငး်...အားမနာနဲ့..ကေလးလညး္လူ
ပဲကြ..ဟုတ္လား..သူလဲလူကြီးတွေလိုစားတယ်သောက်တယ်...ရင်ခွင်ပိုက်ကလေးဆိုထားလိုက်ပေါ့...
ငါးနှစ် ငါးနှစ်အထက်ဆိုတောင်းသာတောငး်...ဒါမှသူတို့လည်းလူရာ၀င်တယ်ဆိုတာသိမှာ...လူ့အခွင့်အ
ရေးမှာသူတို့ရသင့်သလိုလူတွေပေးရမယ့်အဖိုးအခကိုလညး်ပေးရမှာပဲ..ဘာဖြစ်လို့လဲဆိုတော့လူ့အသိုင်း
အ၀ိုင်းမှာလူလိုလာနေလို့..လူမို့လို့...မှတ်ထားဟေ့ကောင်...သယ်ရင်း...မင်းကကလေးဆိုအချစ်ပိုလွန်း
လို့ပြောနေတာ...".။
                       သူငယ်ချင်းပြောတော့လည်းဟုတ်သလိုလို။"ဟုတ်တယ်။ကလေးလည်းလူပဲ။ငါးနှစ် ငါးနှစ်အ
ထက်ဆိုတောင်းရမယ်"လို့ သူမှတ်ထားလိုက်တယ်..။
------------------------------------------------------------------------------------------------------------

                              ဖြစ်ချင်တော့တစ်နေ့ကားကစောထွက်တယ်။တခြားလိုင်းကကားတွေနဲ့အပြီုင်ခရီး
သည်လုရတာမလွယ်ဘူး။တစ်ခါတစ်လေကြိတ်ရန်ပွဲတွေနွှဲရတတ်သေးတယ်။ကားသမားနဲ့စပါယ်ယာအလုပ်
ကလွယ်ကိုမလွယ်တာ။
                              ခရီးရဲ့သုံးချုးိတစ်ချုးိလောက်ပဲရှိသေးတယ်။ကလေးတစ်ယောက်နဲ့သူ့အမေဖြစ်ဟန်
တူသူအမျိုးသမီးတစ်ယောက်တက်လာတယ်။သတ်မှတ်ထားတဲ့ကားခက ၃၀၀ ။ ၃၀၀ပဲပေးတယ်။ကလေး
အတွက်မပါ။ကလေးက ခုနစ်နှစ်လောက်ရှိနေပြီ။ "၄၀၀ ဗ်"လို့ပြောတော့မျက်စောင်းတစ်ချက်ဒက်ကနဲ
ရောက်လာတယ်။သူတွန့်သွားတယ်။ဒါပေမယ့်အားတင်းပြီးတောင်းလိုက်တယ်။
                            "အစ်မကြီး ၁၀၀ လိုသေးတယ်ခင်ဗျ"
                           " ဘာ " တစ်ခွန်းနဲ့တင်သူနောက်ပြန်လဲကျချင်စိတ်ပေါက်သွားမိရဲ့။ခက်နေပါပြီ။ဘယ်လို
လုပ်ရမလဲ။အတွေးထဲသူငယ်ချင်းရဲ့စကားသံကိုပြန်ကြားမိမှဖြစ်ချင်ရာဖြစ်ပြောပစ်လိုက်တယ်။
                           " ကလေးအတွက်၁၀၀ လိုသေးတယ်ဗျ"
                         " ဟင်..နင်တို့ကဘယ်လိုလဲ..တော်တော်ငွေလိုနေကြတယ်ပေါ့..ဟုတ္လား..ဒီမွာကေလး
ပဲရှိသေးတယ်ဟဲ့...မပေးနိုင်ဘူး..မပေးဘူးဆိုမပေးဘူးပဲ..ကြောင်နာထမင်းတောင်းသလိုလာတောင်းမနေနဲ့"
သွားပြီ..။လူကောင်းစင်စစ်ကသူတောင်းစားလောက်ဖြစ်သွားပြီ။ကားပေါ်ပါလာတဲ့တစ်ခြားခရီးသည်တွေက
ပြုံးစိစိ။သက်ပြင်းကိုတရစပ်မှုတ်ထုတ်ရင်းပါးစပ်ပိတ်လိုက်ခဲ့ရတယ်။တော်သေးတယ်။ကားဆရာကခရီးသည်
တွေဆင်းရမယ့်နေရာကိုအော်ပြောသွးလို့....။
--------------------------------------------------------------------------------------------------------------------

                            နောက်သုံးလလောက်အကြာမှာဟိုနားစုစု ဒိီနားစုစုနဲ့ပြောနေသံကြားလို့သူနားစွင့်မိတယ် ။
သူတို့မြို့နဲ့လေးမိုင်လောက်အကွာမှာမီးဘေးသင့်တဲ့အကြောငး်သိရတယ်။လေးမိုင်လောက်အကွာဆိုတော့သူ
ငယ်ချငး်ကားနဲ့လိုက်ပြီးသတင်းသွားမေးဖို့ဆုးံဖြတ်လိုက်တယ်။စပါယ်ယာအနေနဲ့တော့မဟုတ်။ခရီးသည်အနေ
နဲ့လိုက်ဖြစ်တယ်။မီးဘေးသင့်တဲ့နေရာရောက်လို့သတင်းစုံစမ်းလိုက်တော့ဆီပိုက်ယိုနေတဲ့ဆို်င််ကယ်အောက်မှာ
ဆေးလိပ်တိုပစ်လိုက်မိတာက စလောင်တာဆိုပဲ။တော်တော်လေးပါသွားတာတွေ့ရတယ်။မီးလောင်ပြင်ကမဲညစ်
သွေ့ခြောက်လို့။မျှော်လင့်ချက်မဲ့နေရှာတဲ့လူတွေကိုအားပေးစကားပြောရုံမှတစ်ပါး သူလည်းဘာမှမတတ်နို်င်။
လျှောက်ကြည်ရင်းတစ်နေရာမှာလူတွေကြိတ်ကြိတ်တိုးနေတာတွေ့ရတယ်။ကုန်ကားကြီးတွေရပ်ထားတာလဲ
မြင်မိရရဲ့။အနီးအနားသွားကြည့်မှလူမှုကူညီရေးအဖွဲ့အစည်းတစ်ခုကကူညီရေးလုပ်နေတာတွေ့ရတယ်။
သာဓု အကြိမ်ကြိမ်ခေါ်ရင်းမျက်စိကစားလိုက်တော့သူ စပါယ်ယာလုပ်ခဲ့တုန်းကကက်ကက်လန်ရန်တွေ့ခဲ့တဲ့
အမျိုးသမီးကိုသွားတွေ့တယ်။သူ့ကိုမြင်တော ့တစ်ဖက်ကိုမျက်နှာလှည့်သွားတယ်။သူ့ရှေ့မှာခုနစ်နှစ်သားလူ
ငယ်လေးကရပ်လို့။ကူညီရေးကလာပေးတဲ့ပန်းကန်ခွက်ယောက် အစားအသောက်တွေကိုတန်းစီစံနစ်နဲ့ယူနေ
တာမှန်းသိလိုက်ရတယ်။
                                ကေလး လူကြီးအတန်းခွဲထားတာလည်းတွေ့ရတယ်။ငါးနှစ်နဲ့ငါးနှစ်အောက်ကတစ်တန်း။
ငါးနှစ်အထက်ကနေခြောက်ဆယ်ထိ တစ်တန်း။ခြောက်ဆယ်ကျော်အရွယ်တွေကတစ်တန်း။သူ့အတန်းနဲ့သူရ
သင့်တဲ့အကူအညီအခွင့်အရေးတွေယူလို့။ ကိုနောက်တိုးစဉ်းစားခန်းဖွင့်မိရပြန်တယ်။
                                ကားခတောင်းတုန်းကတော့ကလေးဆိုပြီးမပေးပဲနေတယ်။အခုတော့....သူ့အခွင့်အရေး
ကိုရအောင်ယူနေလိုက်တာ။ရသင့်တဲ့အခွင့်အရေးကိုတော့ရအောင်ယူပြီးပေးသင့်တဲ့အဖိုးအခကိုမပေးတာကို
တော့ဘယ်လိုသတ်မှတ်မလဲ။လူ့အခွင့်အရေးချိုးဖောက်ရာမရောက်ဘူးလား။
                                လိုချင်ရင်တော့ပေးရမှာပဲ။တစ်စုံတစ်ခုကိုလိုချင်ရင်တစ်စုံတစ်ခုတော့ပေးရမယ်လေ..။
ဘာမှမပေးရင်ဘာမှမရနိုင်ဘူး..။
                                ဒီလိုအောက်ခြေသိမ်းတွေကအစလူ့အခွင့်အရေးချိုးဖောက်နေရင်........။ဒါကိုရောလူ့
အခွင့်အရေးချိုးဖောက်တာလို့သတ်မှတ်လို့ ရ/မရ ။ကိုနောက်တိုးအတွေးတွေပျံ့လွင့်နေမိတယ်။
------------------------------------------------------------------------------------------------------------------

                               အိမ်ပြန်ရောက်ချိန်ကစပြီးလူ့အခွင့်အရေးအကြောင်းကိုနောက်တိုးစဉ်းစားခန်းဖွင့်နေခဲ့
မိတယ်။သူ့ဘ၀မှာဒီတစ်ခါလောက်ဘယ်တုနး်ကမှစဉ်းစားခန်းမဖွင့်ဖူးဘူး။ဒီနေ့မှကြုံလာတဲ့အဖြစ်ကလေးကို
ပြန်တွေးရင်းစဥး်စားနေမိရဲ့။အဖြေကိုတော့သူမတွေ့သေး။ဆေးပေါ့လိပ်မီးခိုးငွေ့တွေကြောင့်အိမ်ထဲမှာအောင်း
နေတဲ့ခြင်တွေ၀ရုန်းသုန်းကားဖြစ်နေတာတော့အမှန်။ တလူလူလွင့်နေတဲ့မီးခိုးငွေ့တွေနဲ့အတူသူ့စိတ်အစဉ်လဲ
တလူလူလွင့်နေဆဲပါပဲ...။

                                                                 ရတုသစ်
                                                    ( 30/11/2012 )

ကျွန်တော့်ချဉ်ခြင်းများ ( ၁ )

မြို့ပြဆူးခင်းလမ်းမှာ
ဂဏန်းတွေလိုက်ညှပ်တာခံနေရ
အသက်ရှူမ၀ပါဘူးဆိုကာမှ
ပင်လယ်လေကလည်း အဝေးကြီးမှာ..။

မာယာတွေဈေးကောင်းနေမှတော့
အတ္တပေါ်က
အချိုဓာတ်တွေမပြယ်သေးဘူး ။
ဖြည်းဖြည်းချင်း
မှေးစင်းနေခဲ့ရတာကြာတော့
အားလျော့လာတဲ့မျက်လုံးတွေထဲ
အမြင်အာရုံတွေပဲသေးသိမ်ေ၀ဝါးလာခဲ့
နောက်တစ်ခါ မျက်မှန်လုပ်ပြီးရင်
လူစစ်စစ်တွေပဲ မြင်ချင်တယ် ...။

ရတုသစ်
300522013

"အလွမ်းတည်ရာအရပ်ကို မျက်နှာမူပါ.. "

စာအကြောင်းလား
ကဗျာအကြောင်းလား
တံတွေးတဖွားဖွားထွက်ကျတဲ့အထိ
အာပေါင်အာရင်းမိအောင်ပြောခဲ့တဲ့ပုံရိပ်များ
သင်္ဂဇာချောင်းနားကကျောင်းတော်မှာကျန်ခဲ့တယ် ။

ဖူးပွင့်ကဖေးက မေးတယ်
"ဘယ်မှာလဲ.. ခင်ဗျားနဲ့အတူ ကျဆိမ့်သောက်တဲ့သူ " တဲ့
ကျုပ်မဖြေခဲ့ဘူး
ပုံမှန်သောက်နေကျ "ကျဆိမ့်"ကိုမသောက်ဘဲ
စာပွဲထိုးလေးလာချတဲ့"ပုံမှန်" တစ်ခွက်သောက်ခဲ့မိ
သတိရစိတ်က အဲဒီလို ယောင်မှားတတ်တယ် ကိုချစ် ။

ကျုပ်တို့သွားနေကျ "မဇ္ဈိမ " ကလည်း
ရွှေမိလေးကို မတွေ့ရတော့တာက လွဲလို့
လတ်ဆတ်ဆဲ ပန်းချီအိမ်လေးပေါ့
ဆွေးနွေးကြ ၊ ငြင်းခုန်ကြ၊ ရွတ်ဆိုကြနဲ့
ကဗျာတွေ အချေအတင် မွေးဖွားခဲ့ရာ
အင်္ဂါထောင့်က ခုံတန်းလေးမှာ
တစ်နေရာစာ လစ်ဟာသွားခဲ့ပြီ
လွမ်းတတ်တဲ့ရင်ဘတ်ကြီးတွေကိုမှ
ဆွံ့အအောင် ကျောခိုင်းခဲ့လေခြင်းဗျာ...။

ပိယေဟိတွေနဲ့ ၀ိပ္ပယောဂေါ ရတာလဲ
တကယ့်ကို ဒုက္ခေါမှ ဒုက္ခေါအစစ်ပဲ ကိုချစ်ရေ...
အလွမ်းနဲ့ထုဆစ်ရတာမို့ စိုထိုင်းထိုင်းတော့ဖြစ်မယ် ။

"နှင်းဆီငါးပွင့်နဲ့ကျစ်တဲ့ကြိုး " တစ်ချောင်းထဲမှာ
ခင်ဗျားမပါရင် ကြိုးဘယ်ဖြစ်တော့မလဲ
ညလုံးပေါက် ရူးသွပ်နေကျ
(၄၁ )လမ်းက ဖိုက်ဘာကင်းနက်ကဖေးဆိုင်ထဲ
စာလုံးပေါင်းမလွဲတော့တဲ့ ကီးဘုတ်ခလုတ်တွေ
ခင်ဗျားကြောင့် ငုပ်တုတ်မေ့ကျန်ခဲ့
အခု...ရန်ကုန်မှာ..စာလုံးပေါင်းမှားတုန်းပဲလား
ထားရာနေ စေရာသွား ဘ၀တွေမို့
လွမ်းရှ စိတ်မရှိခဲ့ရင် အကောင်းဆုံးပေါ့
ပြည်ဖုံးကားချမထားတဲ့ကျောင်းတော်ကြီးက
အလွမ်းတွေ တူးဖော်နေဆဲဆိုတာ သတိရပါ ။

ရန်ကုန်မှာ "လမ်း " တွေများတယ်ဆို
"မီးစိမ်း " ကိုမြင်မှ " လမ်း" ကူးဗျာ
ဒီတစ်ခုတော့..တခုတ်တရ မှာမယ်

သင်္ဂဇာချောင်းရယ်
ကျောင်းတော်ကြီးရယ်
ဖူးပွင့်ကဖေးရယ်
မဇ္ဈိမ ပန်းချီအိမ်ရယ်
တနင်္ဂနွေ ကဗျာမြေသားရယ်
အားလုံး...အားလုံးပဲ
ခင်ဗျားကို သတိရ လွမ်းရှနေတဲ့အကြောင်း
ကျုပ် စာလုံးပေါင်း မပြတတ်တော့ဘူး။

တစ်ခါတလေဖြစ်ဖြစ်
အတိတ်ကို ပြန်စီစစ်မိတဲ့အခါ
မန္တလေးရှိရာ အရပ်တည့်တည့်
ခင်ဗျား မျက်နှာမူလှည့်ကြည့်ပါ
အားလုံးဟာ...အလွမ်းလူးနေတဲ့ တလွင့်လွင့် အဝါ ။ ။

ရတုသစ်
30052013
ညေန 3နာရီ 08 မိနစ်

**("နှင်းဆီငါးပွင့်နဲ့ကျစ်တဲ့ကြိုး )..မောင်ခန့်မြေ(ထီလာ)၏ ခေါင်းစဉ်..။

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks